Breaking News

အောင်မော်ဦး - “သည်နွေ - သည်ဆောင်းမှာ နေကောင်းအောင် နေပါ့မယ် မေ”

Photo- The Guardian

“သည်နွေ - သည်ဆောင်းမှာ

နေကောင်းအောင် နေပါ့မယ် မေ”

အောင်မော်ဦး
(မိုးမခ) မေ ၂၆၊ ၂၀၂၀

ဆေးပညာရှင်ဒေါက်တာဖောက်ချီက လာမယ့် ဒီဇင်ဘာမှာ အမေရိကန်တွေအတွက် ကာကွယ်ဆေးရနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီသတင်းအရဆိုရင်တော့ လာမယ့်နှစ်ဆန်း (၂၀၂၁)မှာ ကာကွယ်ဆေးထိုးခွင့်ရရှိကြတော့မှာဖြစ်ပါတယ်။ အမေရိကန်မှာက လာမယ့် ဇွန်လကစလို့ နွေရာသီရောက်ပါပြီ။ စက်တင်ဘာမှာ ဆောင်းဦးပေါက်ပြီးေတာ့ ဒီဇင်ဘာမှာ ဆောင်းတွင်းရောက်တာပါ။ ဒါကြောင့် သည်နွေ-သည်ဆောင်းလို့ပြောတာပါ။ မြန်မာပြည်မှာဆိုရင်တော့ သည်မိုး-သည်ဆောင်းပေါ့။ ဒါပေမယ့် လုံးလုံးချည်းမပျော်နိုင်ပါဘူး။ လောကဓံရဲ့ မညီတဲ့တံပိုးက သတင်းကောင်းနဲ့အတူ သတင်းဆိုး (Good News & Bad News) ကိုပါ ဆောင်ကြဉ်းလာခဲ့ပါတယ်။ 

သတင်းကောင်းက အမေရိကန်နဲ့တကွ ကနေဒါ၊ ဥရောပ၊ သြစတေးလျ၊ ဂျပန်၊ ကိုးရီးယားနဲ့ ချမ်းသာတဲ့နိုင်ငံတွေကတော့ ကာကွယ်ဆေးကို သူ့ထက်ငါဦးအောင် ဝယ်ယူသုံးစွဲနိုင်ကြဖို့များပါတယ်။ (မနေ့က သတင်းတပုဒ်ထဲမှာ ထရမ့်ကြီးက ကာကွယ်ဆေးအလုံးပေါင်း သန်း ၃၀၀ အော်ဒါမှာထားတယ်လို့ ဖော်ပြထားပါတယ်)။ စိတ်မကောင်းစရာသတင်းကတော့ အာဖရိကအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ကတော့ (ခရိုနီတွေနဲ့ အာဏာရှင်မိသားစုဝင်တွေမှအပ) တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးကို ပေါက်စျေးနဲ့ ဝယ်ယူထိုးနှံပေးဖို့ဆိုတာ (ပေါ်ပေါ်ချင်း ၂၀၂၁ နှစ်ဆန်းပိုင်းမှာ) ဖြစ်နိုင်ချေအတော့်ကို နည်းပါးလှမှာပါ။ ပုံမှန်အားဖြင့်ဆိုရင်တော့ WHO က သူ့ရဲ့ ရန်ပုံငွေနဲ့ ဝယ်ယူဖြန့်ဖြူးပေးတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံကြရတာပါ။

အဲဒီ WHO ရဲ့ရန်ပုံငွေဆိုတာက ချမ်းသာတဲ့နိုင်ငံကြီးတွေက ထည့်ဝင်လှူဒါန်းကြတဲ့အလှူငွေတွေနဲ့ ထူထောင် ထားတဲ့ ရန်ပုံငွေအမျိုးအစားဖြစ်ပါတယ်။ အခု အဲဒီအလှူငွေကို ထရမ့်ကြီးက (သံခင်းတမန်ခင်း မဲ့လှစွာ) မထည့်ဝင်နိုင်ဘူးလို့ ပြောထားခဲ့တာမှတ်မိကြဦးမယ်ထင်ပါတယ်။ ထရမ့်မထည့်ပေမယ့် အီးယူနဲ့ အခြားချမ်း သာတဲ့နိုင်ငံတွေက ထည့်ဝင်ကြတဲ့ ရန်ပုံငွေတွေချည်းသက်သက်နဲ့ဆိုရင်တော့ လူသားတိုင်း၊ လူသားတိုင်း တယောက်မကျန် ထိုးခွင့်ရဖို့ဆိုတာ ကာလတခုအထိနှောင့်နှေးကြန့်ကြာေနနိုင်ပါတယ်။ (ဒါပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေအတွက် တရုတ်က ၂ ဘီလျံကူညီပါ့မယ်လို့ပြောထားတာကို ဖြစ်နိုင်ချေထဲ ထည့်စဉ်းစားရမယ်ထင်ပါတယ်)

ဥပမာဆိုပါစို့။ အမေရိကန်တွေက ဇန်နဝါရီလမှာ ကာကွယ်ဆေးထိုးခွင့်ရနိုင်ပေမယ့် အခြားနိုင်ငံသူနိုင်ငံသားတွေက ေဖဖော်ဝါရီ၊ မတ်၊ ဧပြီ စသဖြင့် လေးငါးခြောက်လလောက် နောက်ကျပြီးမှ ထိုးခွင့်ရနိုင်တာမျိုးပါ။ လူဟာ တဦးတည်း ထီးတည်းနေလို့မရသလို၊ နိုင်ငံတနိုင်ငံဟာလည်း တနိုင်ငံတည်း ထီးတည်းရပ်တည်လို့မရတဲ့ ကမ္ဘာလုံးဆိုင်ရာ ဒွေးရောယှက်တင်ဖြစ်မှုကြောင့် လူသားတိုင်းကာကွယ်ဆေးထိုးနှံပြီးစီးဖို့ လိုအပ်လှပါတယ်။ လူသားတိုင်းကာကွယ်ဆေးထိုးခွင့်ရရှိရေးဆိုတာဟာလည်း အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်နေပြန်ပါတယ်။ ဒီကာကွယ်ဆေးထိုးခွင့်ရရေးဆိုတာဟာ Health As Human Rights ပဲ ဖြစ်နေပြန်ပါတယ်။ 

ဒီကပ်ဘေးမှာ ထင်တိုင်းကြဲနေတဲ့ လူကြမ်းကြီးထရမ့်ရဲ့ အမြော်အမြင်မဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် အမေရိကန်ကွန်စတီကျူးရှင်းနဲ့ လူ့အခွင့်အရေးအလေးထားလှပါတယ်ဆိုတဲ့ အမေရိကန်တွေရဲ့ရပ်တည်ချက်ကို ငွေရောင်ပိတ်ကားပေါ်မှာ ရှုစားကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် တက်လာခဲ့တဲ့ အရင့်အရင်သောသတင်းတွေအရ အမေရိကန်တွေထဲမှာလည်း နီပေါထရမ့်နဲ့အတူ နီပိန်းနောက်လိုက်တွေ သန်းနဲ့ချီရှိနေတယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒင်းတို့ကြောင့် မဲခွဲတဲ့အခါ ဒီမိုကရက်တွေနိုင်ပါ့မလားဆိုတာကတော့ မပြောတတ်ပါဘူး။ 

ဒီကာကွယ်ဆေးမပေါ်ခင်မှာကိုပဲ ဒေါက်တာဖောက်ချီနဲ့ ပညာရှင်တွေသုံးသပ်ထားကြတာက ဒုတိယလှိုင်း၊ တတိယလှိုင်းတွေ လာကြလိမ့်ဦးမယ်ဆိုတာဖြစ်ပါတယ်။ အဲဒီလှိုင်းနှစ်လှိုင်းက ပထမလှိုင်းထက်လည်း ပိုဆိုးနိုင်တယ်လို့ သုံးသပ်ထားကြတာကို သတိပြုမိကြမှာပါ။ ဆိုတော့ကာ ရှေ့လာမယ့် လေးငါးခြောက်လလောက်အထိ အသေအပျောက်နည်းအောင် တောင့်ခံထားနိုင်မယ့် နည်းလမ်းတွေကို အစိုးရတွေက မူဝါဒတွေချမှတ်ပြီး တိတိကျကျ အကောင်အထည်ဖော်ဆောင်ကြဖို့လိုပါလိမ့်မယ်။ 

အဖွဲ့ဖွဲ့တာနဲ့ ကြေညာချက်ထုတ်တဲ့ေနရာမှာ ဧတဒဂ်ပေးရလောက်တဲ့ မြန်မာအစိုးရကို အထူးမေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးပြုပြီး ပညာရှင်တွေနဲ့ရှေ့တန်းရောက်လုပ်သား (Front-line Workers) တွေကို ဦး ထိပ်တင်ပြီး သူတို့စကားနားထောင်ကြပါ၊ သူတို့ဖြစ်စေချင်တာတွေကို လိုက်နာဆောင်ရွက်ပေးကြပါလို့ ေမတ္တာရပ်ခံချင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်နေတဲ့ ဖေ့ဘုတ်စကားဝိုင်းဟာ ကိုဗစ်တိုက်ဖျက်ရေးထက် ပါတီကောင်စီခေတ်ကလုပ်တဲ့ မေး-ထူး-ခေါ်-ပြော (မေးရင်ထူး၊ ခေါ်ရင်ပြော) တိုင်းခန်း လှည့်လည်ပုံမျိုးဖြစ်ေနပါတယ်။ 

ကြားရသိရသလောက်ကတော့ အဖွဲ့တဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောမယ့် လူ(၃)ဦးကို စိစစ်ရွေးချယ်ပါတယ်။ စိစစ်တယ်ဆိုတာထက် တော်ကောက်ရွေးချယ်တာပါတဲ့။ ပြီးတဲ့အခါ ဘယ်သူက ဘာကိစ္စကိုပဲပြော၊ ဘာကိစ္စကိုတော့မပြောနဲ့၊ မေးမှဖြေ၊ ကိုယ့်ဘာသာကို မပြောနဲ့ စသဖြင့် အမျိုးမျိုးသောကန့် သတ်ချက်တွေနဲ့ပြောကြရပါတယ်တဲ့။ အဲဒါကို ကြိုတင်ပြီးတော့လည်း ဇာတ်တိုက်ရပါတယ်တဲ့။ စကားဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အဆုံးသတ်ချင်တဲ့အချိန်မှာ ပြီးပါတယ်လို့ ပြောကြပါတယ်။ ဆိုတော့ကာ ဘတ်စ်ကားပေါ်မှာ လူတွေပြည့်မနေပါဘူးဆိုတဲ့စကားကို မှန်မမှန် ဘယ်သူကစစ်ဆေးမှာပါလဲ။ တော်ကောက်ထားတဲ့ သူတွေကရော လွှမ်းခြုံကိုယ်စားပြုမပြု ဘယ်သူက စစ်ဆေးမှာပါလဲ။ အဲဒီ ၃ ဦးစလုံးရဲ့ တင်ပြမှုတွေကရော လွတ်လပ်တဲ့၊ ပြည့်စုံတဲ့၊ ဖိအားပေးခြိမ်းချောက်မှုကင်းတဲ့ အခြေအနေမှန်တွေ ဟုတ်မဟုတ် ဘယ်သူက စစ်ဆေးမှာပါလဲ။ လိမ်တဲ့သူက လိမ်ပြောတယ်၊ တကယ်ပြောရမယ့်သူက ပြောခွင့်မရဘူး၊ ပြောတဲ့အခါမှာလည်း ပြည့်ပြည့်စုံစုံပြောခွင့်မရဘူး၊ ရပ်ချင်တဲ့အချိန်မှာ ရပ်ပစ်တယ်ဆိုတော့ ရလဒ်က တကယ် လိုအပ်တဲ့အဖြေဟုတ်ပါရဲ့လား။

ဒေါ်အောင်ဆန်းစုကြည် ခုလိုလုပ်နေတာဟာ ကိုဗစ်ကာကွယ်ရေးမူဝါဒချမှတ်နိုင်ဖို့ထက် ထောက်ခံသူတွေကို စိတ်အေးရအောင်ဖျောင်းဖျနေတာမျိုးထက် မပိုပါဘူး။ အမှန်တကယ်က ပညာရှင်တွေနဲ့ ရှေ့တန်းရောက်လုပ်သား (Front-line Workers) တွေကို ရှေ့ကနေပေးပြောပြီး အစိုးရနဲ့ လွှတ်တော်က နောက်ကနေ မှတ်စုလိုက်ကြရမှာပါ။ အဲဒီပြောကြားချက်တွေ၊ ကွင်းဆင်းစစ်ဆေးမှုတွေနဲ့တိကျတဲ့သုတေသနပြုချက်တွေကိုအခြေပြုပြီးမှသာ အစိုးရကမူဝါဒတွေချမှတ်အကောင်အထည်ဖော်ဆောင်ပြီး အသေအပျောက်နည်းအောင် ကာကွယ်ကြရမှာပါ။ (WHO က Pandemic လို့ ကြေညာလိုက်ပြီး မရှေးမနှောင်းဆိုသလိုပဲ “လူမွဲခံယူခွင့် ဥပဒေ”ကို ထုတ်ပြန်ခဲ့တဲ့ မြန်မာအစိုးရဟာ ခေသူမဟုတ်ပါဘူး။ ကြိုတွက်ထားပြီးသားပါ။ ဒါပေမယ့် ရခိုင်ချေမှုန်းရေးကို တွန်းလုပ်နေပြီး ကိုဗစ်ကို ဟန်ပြလုပ်နေတာအတွက်ကြောင့် ဒီစာကိုရေးရတာပါ)။

ကာကွယ်ဆေးက မကြာခင်ပေါ်ထွက်လာပါတော့မယ်။ အဲဒီကာကွယ်ဆေးမပေါ်ခင် ငါ့နိုင်ငံသူနိုင်ငံသားတွေ မသေအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို အကောင်အထည်ဖော်ရမှာပါ။ ဒါတင်မက အဲဒီကာကွယ် ဆေးပေါ်ထွက်လာတဲ့အခါ ငါ့နိုင်ငံသူငါ့နိုင်ငံသားတွေ (သိပ်နောက်အကျကြီးမဟုတ်ဘဲ) တယောက်မကျန်ထိုးနှံခွင့်ရအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို အကောင်အထည်ဖော်ရမှာပါ။ ဒီကပ်ဘေးကြီးဟာ နိုင်ငံရေး (Politic) မဟုတ်ပါဘူး။ ဒါဟာ သိပ္ပ (Scientific) ဖြစ်ပါတယ်။ 

သင်ဟာ သတင်းကောင်းကို ဆောင်ကြဉ်းလာခဲ့သူပါ။
သင်ဟာ ပညာနဲ့ အသက်မွေးသူ ပညာရှင်ပီသပါပေရဲ့။
သင်ဟာ ရာထောင်ချီတဲ့ အုပ်ချုပ်သူတွေအကြားမှာ ပညာရှင်ပီသစွာ ထီးတည်းရပ်တည်နိုင်ခဲ့ပါပေရဲ့။
သင်ဟာ ရာထောင်ချီတဲ့ အုပ်ချုပ်သူတွေရဲ့ ဖိအားပေးမှုမှာ မိမိယုံကြည်မှုအပေါ် မဖောက်မပြန် ရပ်တည်နိုင်ခဲ့ပါပေရဲ့။
ငါတို့ မသိနားမလည်တဲ့ ကပ်ကြီးဘေးကြီးထဲမှာ ငါတို့ထက် တတ်သိနားလည်တဲ့ သင့်ကို ကံကောင်းထောက်မစွာနဲ့ ငါတို့ရရှိခဲ့ကြပါတယ်။
ကျေးဇူးပါ ဖောက်ချီ။

အောင်မော်ဦး
မေ၊ ၂၂၊ ၂၀၂၀။
(ဒီခေါင်းစဉ်လေးက ဘာရေးရေးလှတဲ့ ကဗျာဆရာသန်းတင့်ရဲ့ ဟန်ကလေးကို ယူပြီးပေးထားတာပါ)