Breaking News

နေသွင်ညိဏ်း - ဒီမိုကရေစီ၏ အန္တရာယ်

ဒီမိုကရေစီ၏ အန္တရာယ်
နေသွင်ညိဏ်း
(မိုးမခ) မေ ၅၊ ၂၀၂၀

ဒီမိုကရေစီ ဆိုတာ လူ့သမိုင်း တလျှောက် စမ်းသပ်ခဲ့သမျှ အုပ်ချုပ်မှု ပုံစံတွေ အားလုံးကို ခြွင်းချက်ထားလိုက်ရင် အညံ့ဆုံး အုပ်ချုပ်မှု စနစ် ပဲလို့ ဝင်းစတန်း ချာချီရဲ့ စကားက ထင်ရှားပါတယ်။ ဒီလို ဆိုတဲ့အတွက် ဒီမိုကရေစီဟာ ကောင်းသားပဲလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေလည်း ဒါကို သိကြလွန်းလို့၊ မကျေမနပ်လည်း ဖြစ်နေကြပါတယ်။
နောက်ဆုံး ထုတ်ပြန်ထားတဲ့ Pew လူထုသဘောထား စစ်တမ်းအရ ၂၇ နိုင်ငံမှာ စစ်တမ်းကို ဖြေဆိုသူ ပြည်သူရဲ့ ၅၁ ရာခိုင်နှုန်းဟာ ဒီမိုကရေစီအပေါ် စိတ်တိုင်း မကျကြပါဘူး။ ၄၅ ရာခိုင်နှုန်းကပဲ စိတ်တိုင်းကျတယ်လို့ ဖြေကြပါတယ်။ ၅၁ ရာခိုင်နှုန်းက သိပ်မများသေးဘူးထင်နေရင် နိုင်ငံအလိုက် ရာခိုင်နှုန်းကို ကြည့်ရအောင်။ ဗြိတိန် ၅၅ ရာခိုင်နှုန်း၊ ဂျပန် ၅၆ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၅၈ ရာခိုင်နှုန်း၊ နိုက်ဂျီးရီးယား ၆၀ ရာခိုင်နှုန်း၊ အာဂျင်တီးနား ၆၃ ရာခိုင်နှုန်း၊ တောင်အာဖရိက ၆၄ ရာခိုင်နှုန်း၊ အီတလီ ၇၀ ရာခိုင်နှုန်၊ စပိန် ၈၁ ရာခို်ုင်နှုန်း၊ ဘရာဇီး ၈၃ ရာခိုင်နှုန်း၊ မက္ကဆီကို ၈၅ ရာခိုင်နှုန်း အသီးသီးဖြစ်ပါတယ်။ ဒီလို မကျေမနပ် ဖြစ်နေတာက လူတန်းစားအလွှာတစ်ခုအတွက် ဆိုလိုတာ မဟုတ်ပါဘူး။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့ အားလုံးဟာ ဒီမိုကရေစီစနစ်ရဲ ့ အရည်အသွေးအပေါ် မကျေနပ်ကြတာပါ။
ဒါလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ လူတွေ လေးနှစ်တစ်ကြိမ်လောက် ကိုယ်သိပ်မသိတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးတယ်။ (ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး၊ စက္ကူပေါ် ခဲတံနဲ့ ခြစ်တယ်)။ ဒီလို ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ပါဝင်ပုံဖော်ကြတဲ့ နိုင်ငံရေး ပါတီတွေ ကိုယ်တိုင်က ဒီမိုကရေစီကို အပြည့်အဝ ကျင့်သုံးကြတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ်တွေလို့ ခေါ်တဲ့ လူအုပ်ကြီးကို မဲဆန္ဒရှင်တွေက ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။ သူတို့တွေ ခမ်းနားတဲ့ လွှတ်တော်ထဲမှာ တွေ့ဆုံကြ၊ သူတို့ ကိုယ်တိုင် အပေါ်ယံလောက်ပဲ နားလည်တဲ့ ကိစ္စရပ်တွေကို ရှည်ရှည်ဝေးဝေး ဆွေးနွေးကြပေါ့လေ။ တကယ်တော့ ဒါတွေဟာ မီးရူးမီးပန်း လွှတ်ကြတဲ့ကိစ္စသာ ဖြစ်ပြီး အလင်းရောင်ကို မြင်ရဖို့ အဝေးကြီးပါ။ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေဟာ ဒုံရင်းဒုံရင်းသာ ဖြစ်ကျန်ခဲ့ပြီး နောက်ထပ် ၄ နှစ်၊ ၅ နှစ်ကြာတဲ့အခါ နောက်ရွေးကောက်ပွဲတစ်ခုမှာ မဲပေးရပြန်ပါတယ်။

ဒီမိုကရေစီဆိုတာ အမေရိကန် တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေးတို့ ပြီးတဲ့နောက်ပိုင်း အနောက်နိုင်ငံတွေမှာ အမြစ်တွယ်ခဲ့ပြီး တီထွင် ဆန်းသစ်မှုတွေဟာ မရှိသလောက် နည်းပါးခဲ့ပါတယ်။ ရှေ့ဟောင်း အေသင်တွေ ကျင့်သုံးခဲ့တဲ့ ပြည်သူတွေ တိုက်ရိုက် ပါဝင်ဆွေးနွေးတဲ့ ပုံစံမျိုးလား လို့ မေးရင် မဟုတ်ပါဘူး။ ဒါဖြင့်ရင် အင်မတန် ရှုပ်ထွေး နက်နဲပြီး ကျွမ်းကျင်မှုတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေအတွက် ပညာရှင်တွေဆီက အကြံဉာဏ်တွေကို စနစ်တကျ ယူသလား ဆိုတော့လည်း ကြုံတောင့်ကြုံခဲကိစ္စပါ။ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ နည်းပညာအကူအညီကိုယူသလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဒီနေ့ခေတ် လူငယ်တွေဆိုတာ လက်တွေ့ ချက်ချင်း ရလဒ်တွေကို မြင်ရမှ ကျေနပ်ကြတဲ့ ဒီဂျစ်တယ်ခေတ် မျိုးဆက်ဖြစ်တာကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုတာကို သူတို့ မျက်စိမှိတ် မယုံကြတော့ပါဘူး။
စိတ်ကူးထဲက ဒီမိုကရေစီ ကျင့်စဉ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဆိုတာကလည်း စာရင်းရှည်ကြီး ရှိပါတယ်။ မဖြစ်မနေ လိုအပ်တဲ့ အပြောင်းအလဲတွေ ( ဥပမာ ငွေနဲ့ မျှားပြီး မဲဆွယ်တာမျိုး) ကတော့ ပြောင်းဖို့ လိုနေတာ လူတိုင်းသိပါတယ်။ တချို့ကိစ္စတွေကတော့ စွန့်စားခန်း ဆန်ပါတယ်။ ဥပမာ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲရေး၊ တွဲရေး ကိစ္စမျိုးဟာ ရှုပ်ထွေးတဲ့အတွက် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ၊ ကန့်ကွက်မဲပေးရုံလောက်နဲ့ မပြီး လိုက် သင့်ပါဘူး။ ဒါပေမယ့် ဒေသန္တရ အဆင့်မှာ ပိုပြီး တိုက်ရိုက်ကျတဲ့ ဒီမိုကရေစီ စနစ်မျိုးကို ကျင့်သုံးလို့ မရနိုင်ဘူးလား။ ကိုယ့်မြို့လေးမှာ ပန်းခြံ တည်ဆောက်မလား။ အဝေးလမ်း ဖောက်မလား ဆိုတဲ့ ကိစ္စမျိုးတွေကို နယ်ခံ မဲဆန္ဒရှင်တွေ သင့်၊ မသင့် ဆုံးဖြတ်နိုင်ကြပါတယ်။

အချက်အလက်တွေ မပြည့်မစုံနဲ့ လူတွေကို လေးနှစ်တစ်ကြိမ် မဲပေးခိုင်းနေမယ့်အစား၊ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ခပ်စိပ်စိပ် မဲပေးတဲ့ စနစ်မျိုးကို ပြောင်းလဲချင်တယ်ဆိုရင် နည်းပညာက ရှိနေပါပြီ၊ လူတွေ မဲပေးဖို့ စိတ်မဝင်စားတာ၊ မဲမပေးဘဲ နေကြတဲ့ ကိစ္စကို ဖြေရှင်းဖို့ မဲကို အလဲအလှယ် လုပ်လို့ ရတာမျိုး မဖြစ်နိုင်ဘူးလား။ မဲပြားကို ငွေနဲ့ ဝယ်တာမျိုး မဟုတ်ဘဲ တခြား မဲတစ်ခုနဲ့ လဲလှယ်တာမျိုး၊ ဥပမာ ဒီတခါ မဲမပေးချင်တဲ့လူဟာ အသည်းကြားမှာ မဲပြားကို သိမ်းဆည်းထားပြီး သူတကယ် စိတ်ပါတဲ့အခါကျမှ တကြိမ်တည်းနဲ့ မဲနှစ်မဲကိုပေးနိုင်တဲ့ စနစ်မျိုးကိုဆိုလိုပါတယ်။ ဒီမိုကရေစီရဲ့စည်းမျဉ်းစည်းကမ်းတွေဟာ အရေးကြီးသလိုပဲ ရွေးချယ်ခံရတဲ့ နိုင်ငံရေး သမားတွေကလည်း တန်းတူ အရေးကြီးပါတယ်။ သူတို့အပေါ်လည်း လူတွေ သိပ်မကြည်ဖြူကြပါဘူး။ အစမှာ ဖော်ပြခဲ့တဲ့ စစ်တမ်းမှာပဲ ဖြေဆိုသူတွေရဲ့၅၄ ရာခိုင်နှုန်းက သူတို့ နိုင်ငံက နိုင်ငံရေးသမားတွေဟာ အဂတိ မကင်းကြဘူးလို့ ဖြေဆိုခဲ့ကြပြီး ၃၅ ရာခိုင်နှုန်းကပဲ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေဟာ လူထုအကျိုးကို ဆောင်ရွက်ပေးကြတယ်လို့ ဖြေကြပါတယ်။
တချို့ နိုင်ငံရေးသမားတွေကို လူတွေ မကြိုက်တော့တာဟာ သူတို့ ညံ့ဖျင်းတာ ပေါ်လွင်နေလို့ ဖြစ်ပါတယ်။ ဘရာဇီးသမ္မတ (၁၉၉၅-၂၀၀၂) ဖာနန်ဒို ကာဒိုဆိုက “၁၉၈၈ ခုနှစ် ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးနောက်ပိုင်း ရွေးချယ်ခဲ့တဲ့ သမ္မတ လေးယောက်ထဲမှာ ၂ ယောက်က အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချခံရပြီး၊ တစ်ယောက်က လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ချခံခဲ့ရတယ်။ ကျန်တဲ့ တစ်ယောက်က ကျနော်ပါပဲ” လို့ ၂၀၁၈ ခုနှစ်က ပြောဖူးပါတယ်။ ဘရာဇီးမှာ လူတွေက ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ပြီး တသ နေကြတာလည်း အံ့သြစရာ မဟုတ်ပါဘူး။ ဒီလိုလူတွေကြောင့် အမျိုးသမီး၊ လူမည်းတွေ၊ ဂေးတွေကို အထင်သေးစော်ကားတဲ့ စစ်ဗိုလ်လူထွက် လူဗြိန်းကြိုက် နိုင်ငံရေးသမား ဘောဆိုနာရို ကို သမ္ပ္မတအဖြစ် ရွေးခဲ့ကြတာဖြစ်ပါတယ်။

တကယ်တမ်း ပြဿနာက ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေး နည်းနည်းကြောင့်ချည်းတော့ မဟုတ်ပါဘူး။ မက်ဝီဘာရဲ့ နာမည်ကြီး အက်ဆေးတပုဒ် (Politics as a Vocation) မှာ လူထုနဲ့ ကင်းကွာတဲ့ နိင်ငံရေး လူတန်းစား တစ်ရပ် ပေါ်ထွက်လာမှာကို သတိပေးခဲ့ပါတယ်။ အခု သူပြောတဲ့အတိုင်း ဖြစ်လာလို့ လူတွေက မနှစ်မြို့ တော့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံရေးပါတီတွေနဲ့ အဓိက ဆိုင်ပါတယ်။ ရှေးရှေးတုန်းက နိုင်ငံရေး ပါတီ ဆိုတာ လူထုနဲ့ တသားတည်းရှိခဲ့ကြပါတယ်။ ကွန်ဆားဗေးတစ် ပါတီတွေဟာ ဘုရားကျောင်းတွေ၊ ရပ်ရေး ရွာရေး အသင်းအပင်းတွေနဲ့ စီးပွားရေး အသင်းအဖွဲ့တွေကနေ ပေါက်ဖွားလာခဲ့ကြပါတယ်။ ဆိုရှယ်လစ် ပါတီတွေကတော့ အလုပ်သမားသမဂ္ဂတွေနဲ့ တခေတ်တခါက စက်မှု လက်မှု ပစ္စည်းမဲ့ လူတန်းစားတွေကြားက ပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီနေ့ အချိန်မှာတော့ဒီလို အင်စတီကျူးရှင်းတွေ အားနည်းသွားပြီး နိုင်ငံရေး ပါတီတွေကလည်း အားမရှိတော့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဒီနေ့ခေတ် နိုင်ငံရေး ပါတီတွေကို ရေမျောစိုက်ခင်း hydroponic တွေလို့ ခေါ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့အပေါ်မှာ မျောနေပေမယ့် အမြစ်က လူ့အဖွဲ့အစည်းထဲမှာ ရှိမနေတာကို ဆိုလိုပါတယ်။
ဒါကြောင့်လည်း ဒီနေ့ ခေတ်မှာ နိုင်ငံရေး ပါတီကြီးတွေဟာ သူဌေးကြီးတွေ၊ အကောင်းစား တက္ကသိုလ်ဆင်းတွေ၊ အောင်မြင်တဲ့ စီးပွားရေးသမားတွေကို ခေါင်းဆောင် တင်ကြပါတယ်။ ငွေကြေးအရ မပူပင်ရမှ နိုင်ငံရေးကို ဇောက်ချ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ကင်းကွာဖို့ အခွင့်အလမ်း အင်မတန် များပါတယ်။
ဒါတင်မက ပြည်သူကို အထင်သေး၊ စိတ်ကြီးဝင်နေတဲ့ ဒီလို နိုင်ငံရေး အလွှာဟာလည်း ပြသနာပါပဲ။ ဥပမာ ဟယ်လာရီ ကလင်တန်က ထရမ့်ကို မဲပေးခဲ့သူတွေကို စိတ်ပျက်စရာ လူစု “basket of deplorables” လို့ သုံးခဲ့ပါတယ်။ ပြည်သူတွေဟာ သူတို့နဲ့ တသားတည်း ဖြစ်တဲ့ နိုင်ငံရေး သမားကို မဲပေးကြပါတယ်။ ဒါပေမယ့် နိုင်ငံရေး ခေါင်းဆောင်တွေဟာ သာမန် မဲဆန္ဒရှင်တွေကို အချိန်ပေးဖို့ထက် ဘဏ်သူဌေးကြီးတွေ၊ စီးပွားရေးသမားတွေ၊ ထိပ်တန်း အရာရှိတွေ၊ မိုးမမြင် လေမမြင် ပညာရှင် ဆိုသူတွေနဲ့ပဲ အချိန် ကုန်ကြပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေးသမားတွေဆိုတာ မဲဆန္ဒရှင်တွေက မျှော်တော်ဇောနဲ့ မောနေရတဲ့ လူမျိုးမဟုတ်ဘဲ၊ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံခွင့်ရဖို့ အမြဲလမ်းစ ရှာနေတဲ့ လူမျိုး ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် Yascha Mounk က ဆိုဖူးပါတယ်။ ဒီ စာမေးပွဲမှာ ဒီမိုကရေစီ နိုင်ငံရေးသမား အတော်များများ ကျဆုံးကြပါတယ်။

အခု နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သမာရိုးကျ နိုင်ငံရေးပါတီတွေကို ဆန့်ကျင် မဲပေးမှုတွေ ရှိလာပါတယ်။ ဟယ်လာရီ ကလင်တန်ကစလို့အစဉ်အလာကြီးတဲ့ နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲတွေမှာ ရှုံးကြပါတယ်။ လူဗြိန်းကြိုက် နိုင်ငံရေးသမားတွေ နေရာရလာပါတယ်။ ဆိုရှယ်မီဒီယာတွေ အားကောင်းလာတဲ့အတွက်လည်း လူဗြိန်းကြိုက် နိုင်ငံရေးသမားတွေအတွက် နာမည်ကြီးဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ပြိုင်ဖက် တစ်ယောက်ကို သိက္ခာချဖို့လည်း ဘာမှ မခက်ပါဘူး။ အကောင်းစားကားကြီးရဲ့ နောက်ခန်းမှာ မိန့်မိန့်ကြီး ထိုင်စီးနေတဲ့ ဓာတ်ပုံ၊ လေယာဉ် ပထမတန်း ထိုင်ခုံမှာ အခန့်သားထိုင်နေတဲ့ ဓာတ်ပုံကို တင်လိုက်ရုံပါပဲ။ ဆိုရှယ်မီဒီယာမှာ လူထောင်ချီ ပြန်ဖြန့်ကြပြီး၊ မှတ်ချက်ရေးသူတွေကလည်း ပလူပျံအောင် ရေးကြပါလိမ့်မယ်။ ညှာညှာတာတာ မှတ်ချက်တော့ တခုမှ ရမှာ မဟုတ်ပါဘူး။
ပြောချင်တာက ရှင်းပါတယ်။ မဲဆန္ဒရှင်တွေက ဒီမိုကရေစီအပေါ် စိတ်တိုင်း မကျဖြစ်နေတာဟာ အာဏာရှင်နဲ့ ဖွားဖက်တော် ပေါ်ပြူလစ်နိုင်ငံရေးသမားတွေကို မွေးဖွားဖို့ ရေခံ မြေခံတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် အားလုံး သိထားရမှာက လူသန် လောင်းလျာ၊ အာဏာရှင် လောင်းလျာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသူတွေ မဟုတ်ပါဘူး။ လစ်ဘရယ် ဒီမိုကရက်တွေကသာ ဒီလို အပြောင်းအလဲကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အပြောင်းအလဲကို ရှေ့ဆက် မောင်းနှင်ဖို့ ဆိုရင် ဒီမိုကရေစီလိုလားသူတွေကိုပဲ ဆက်လက် ဦးဆောင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

(စာရေးသူ Andrés Velasco သည် ချီလီ နိုင်ငံ၏ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်ပြီး၊ လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း၏ ပြည်သူရေးရာမူဝါဒရေးရာ ဌာနမှူး ဖြစ်ပါသည်။)
 -  https://www.facebook.com/nethwin.nyein/posts/1017685818648506  မှ ယူပါသည်။