Breaking News

မောင်ရစ် - ကိုဗစ်၁၉ကပ်နဲ့ စီးပွားပျက်ကပ်ကို ရင်ဆိုင်ခြင်းအစလား အလယ်လား



မောင်ရစ် - ကိုဗစ်၁၉ကပ်နဲ့ စီးပွားပျက်ကပ်ကို ရင်ဆိုင်ခြင်း အစလား အလယ်လား

(မိုးမခအယ်ဒီတာ့လက်ရေး) မေ ၅၊ ၂၀၂၀

ကပ်အောက်ကနေ ပြန်ဖွင့်ကြတော့မယ် တဲ့။ ကယ်လီဖိုးနီးယားမှာ ပြောတာပါ။ ကိုဗစ်၁၉ ကပ်ဘေးကို တွန်းလှန်ဖို့ အမေရိကန်ပြည်တခုလုံး အိမ်တွင်းပုန်းအမိန့်ထုတ်ကာလ ၆ ပတ် ရှိပြီ။ မေလကုန်အထိ စတေးဟုမ်း အမိန့်ထုတ်ထားတယ်။ သို့သော် ပြည်နယ်အချို့ကတော့ စပြီး ဖွင့်ချင်နေကြပြီ။ အဲသည်ထဲမှာ ကယ်လီဖိုးနီးယားလည်း ပါလာပြီ။ စီးပွားရေးကြောင့် အပမ်းဖြေရေးကြောင့် လွတ်လပ်ရေးကြောင့် အကြောင်းကြောင်းကြောင့် လူတချို့ကတော့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ ဖြစ်လာလို့ ကယ်လီဖိုးနီးယားကတော့ အကန့်အသတ်နဲ့ ဖြေးဖြေးချင်း ပြန်ဖွင့်မယ် လို့ပြောလာပါတယ်။

အကန့်အသတ်ဆိုတာက အချက်၄ချက်နဲ့ ကိုက်ညီရင် စဉ်းစားပေးမယ် ပြောပါတယ်။ သက်ဆိုင်ရာဒေသမှာ ၁၄ရက်လုံးလုံး ကူးစက်မှု သေဆုံးမှု ကျဆင်း၊ နည်းပါး၊ လုံး၀မရှိနီးပါး ဖြစ်ရမယ်၊ ဆေးရုံနဲ့ ဆေးဝန်ထမ်း လုံလောက်ရမယ်၊ ဆေးပစ္စည်းလုံလောက်ရမယ်၊ ကူးစက်မှုကို ခြေရာခံနိုင်ရမယ်။ သည် ၄ချက် အဆင်သင့်ဆိုရင် ဖွင့်ချင် ဖွင့်ကြလို့ ပြည်နယ် ဝန်ကြီးချုပ် နယူးဆန်က ပြောပါတယ်။

အကန့်အသတ်ဆိုတာကတော့ အရင်သတင်းမှာ တင်ပြခဲ့သလို အဆင့် ၁ (လက်ရှိ) အခြေအနေပြင်ဆင်ခြင်း၊ အဆင့် ၂ - ကူးစက်နိုင်သည့်ဘေး နည်းပါးသည့် ဆိုင်၊ အလုပ်၊ ပတ်ဝန်းကျင်ကို စည်းကမ်းသတ်မှတ်ချက်အောက် မှာ ဖွင့်လှစ်ခြင်း။ အဆင့် ၃ - ကူးစက်ဘေးမြင့်နိုင်သည် သာရေး နာရေး ဖျော်ဖြေရေး အပမ်းဖြေ တကိုယ်ရေးဝန်ဆောင်မှု စုဝေးမှုများကို စည်းကမ်းဖြင့် ဖွင့်လှစ်ခြင်း။ အဆင့်၄ - အကုန်လုံး န့ဂိုအတိုင်း ဖြေလျော့ပေးခြင်း ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်အောက်ဆိုတာက အကြမ်းအားဖြင့် ၆ပေအကွာ၊ မျက်နာဖုံး တပ်ဆင်၊ တကိုယ်ရေးသန့်ရှင်းမှု အမြဲပြု ဆိုတဲ့ အခြေခံအချက်တွေ ကျင့်သုံးနိုင်ဖို့၊ ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။

သည်တော့ ကယ်လီဖိုးနီးယားမှာ အလွန်တရာ ထွန့်ထွန့်လူး ဖွင့်ချင်နေတဲ့ မြို့ရွာ ရပ်ကွက်တွေကို ပြည်နယ်က အထက်ပါအချက်တွေအတိုင်း မိမိတို့ ရပ်ရွာက ကိုက်ညီနေပြီဟု အာမခံချက်ကို ရပ်ရွာ ကျန်းမာရေးဌာနနဲ့ ရပ်ရွာလူကြီးများက တာဝန်ခံ တာဝန်ယူနိုင်ရင် အကန့်အသတ်နဲ့ ဖွင့်ကြပေတော့လို့ ခွင့်ပေးတာ ဖြစ်ပါတယ်။ အများက ပြည်နယ်သတ်မှတ်ချက်ကို စောင့်ကြမှာ ဖြစ်သော်လည်း သူများထက် ထူးပြီး စောပြီး ဖွင့်ချင်တယ်ဆိုပါက ကိုယ့်ဖာသာ တာဝန်ယူ တာဝန်ခံပြီး ဖွင့်ကြဟေ့လို့ ပြည်နယ်အစိုးရက လိမ္မာစွာ ကိုင်တွယ်လိုက်တာလို့ ဆိုရမှာပါ။

တောရွာတွေ လူနေကျဲပါးတဲ့ မြို့တွေက လူတွေ မိသားစုတွေက သူတို့မှာ ရောဂါလည်း မဖြစ်ဘဲနဲ့ (ဖြစ်လည်း သေနှုန်းနည်းတော့) ပိတ်ထားရတာကို မကျေလည်ကြတာတွေ ရှိသလို၊ တချို့ လူဦးရေ အလယ်အလတ် ထူသော်လည်း အခုချိန် (တလခွဲအလွန်) မှာ ထိန်းလို့ မရလောက်အောင်ကို ဖွင့်ချင်လာတဲ့ မြို့ရွာတွေလည်း ရှိပါတယ်။ မြို့ကြီးတွေ (ဘေးဧရိယာ)၊ အယ်လ်အေမြို့ကြီး တွေကတော့ ပြည်နယ်အစိုးရသဘောအတိုင်း လိုက်နာကြပါတယ်။ ဘာ ကြောင့်လဲဆိုတော့ မြို့တော်တွေ မြို့ကြီးတွေက လူနာနဲ့ အသေအပျောက် များခဲ့တယ်။ သင်ခန်းစာလည်း ရထားတယ်။ ကိုယ့်ကြောင့် သူ့ကြောင့် သူတပါး ဒုက္ခရောက်မှာကိုလည်း ညှာရမယ်ဆိုတာကို သဘာ၀ချင်းမတူသော လူအများအပြားနဲ့ နေထိုင်ရသူတွေက နားလည်သဘောပေါက်ကြလို့ ဖြစ်ပါတယ်။

အလုပ်လက်မဲ့တွေ အလုပ်ထိခိုက်သွားသူတွေအတွက် ကပ်ဘေးကူညီမှုကို ပြည်ထောင်စုကကော ပြည်နယ်ကကော ပေးအပ်နေတာဟာ လူတိုင်းကို ရောက်ရှိတယ်လို့ မဆိုနိုင်တာကလည်း တပိုင်းပါတယ်။ မြို့ပြနားနီးသူတွေ ဗဟုသုတ အကြားအမြင်များသူတွေ ဆင်းရဲချမ်းသာမရွေး အဲသည်အစိုးရအကူ ဘယ်လိုယူရမယ် ဆိုတာ သိကြ စုံစမ်းနိုင်ကြပေမယ့် အစိုးရအကူ မရနိုင် မယူနိုင်သူတွေကတော့ အစိုးရအားမကိုးဘဲ မိမိကိုယ်ကို အားကိုးပြီး ကိုယ်ထူကိုယ်ထ ကိုယ့်မူလဘ၀ကို ကိုယ်ဖာသာပြန်ဖွင့်ချင်ကြတာကလည်း ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

အခု ပြည်နယ်ကော ပြည်ထောင်စုကောက ပထမတုန်းက အခွန်ဆောင်သူတိုင်း တဦး ၁၂၀၀ ဒေါ်လာ ကူငွေ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအဆင့် လုပ်ငန်းရှင်တွေဆီကို ကူငွေ ချေးငွေ အစီအစဉ်တွေ လက်ဆင့်ကမ်းပါတယ်။ အနည်းဆုံး ဒေါ်လာ ၁သောင်းကနေ ကူမယ်၊ ချေးမယ်လို့ ဆိုပါတယ်။ နောက်တဆင့်ကတော့ အလုပ်လက်မဲ့သွားသူတွေ အလုပ်ထိခိုက်သွားသူတွေ (ဝန်ထမ်း၊ အချိန်ပိုင်း၊ ကိုယ်ပိုင်အလုပ်) ကို ပြည်နယ်နဲ့ ပြည်ထောင်စုပေါင်းပြီး လူမှုဖူလုံရေး ထောက်ပံ့ငွေ (စားစရာဝယ်စားရန် food stamps လည်းအပါ) လျောက်ဖို့ ခွင့်ပြုပြီး ထောက်ပံ့ငွေ တဦး(တမိသားစု) အနည်းဆုံး လစဉ် ဒေါ်လာ ၂၈၀၀ ပေးတဲ့ အစီအစဉ်လေး ထုတ်ပြန်ထားပါတယ်။ ဆိုတော့ ကိုယ့်မြို့နယ် ရပ်ကွက်က သတင်းထုတ်ပြန်ရေး၊ သာရေးနာရေး ကူညီမှု၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ကောင်းရင် ကောင်းသလို အကူအညီကို ရယူနိုင်ခွင့် ရှိပြီး ဖြစ်ပါတယ်။

ပြီးတော့လည်း ဆင်းရဲသူတွေအတွက် food bank ကနေ စားစရာတွေ လှူဒါန်းပေးပါတယ်။ ဖြန့်ချိရာဌာနမှာ သွားယူရုံပါ။ ပြီးတော့ ချို့တဲ့သူ မိသားစုက ကလေးတွေအတွက်လည်း school lunch program ဆိုပြီး ကျောင်းတွေ စင်တာတွေကနေ အခမဲ့နေ့လည်စာ ဝေပါတယ်။ မိသားစုနဲ့ အတူမနေတဲ့ senior (အသက် ၆၀ကျော်) တွေကို အိမ်အရောက် နေ့ဖို့ညစာ ပါဆယ်တွေ လိုက်ပို့တဲ့ အစီအစဉ်လည်း ရှိပါတယ်။ ဒါ့အပြင် ကယ်လီဖိုးနီးယားမှာ အိမ်ယာမဲ့တွေကို ကပ်ဘေးကာလ ကာကွယ်တဲ့အနေနဲ့ ဟိုတယ်ခန်းတွေကို အစိုးရစာရိတ်နဲ့ ငှားပြီး အခမဲ့ နေထိုင်စေခြင်းကိုလည်း လုပ်ပေးထားပါတယ်။

ဒါတွေလုပ်ပေးထားသော်လည်း အစိုးရကြိုးနီစနစ်ကြောင့် နှောင့်နှေးကြန့်ကြာ တလွဲတချော်တွေ အများကြီး ရှိပါတယ်။ ဒါတွေကို အစိုးရတွေက အမြဲပြင်ဆင်ပြီး ပြုပြင်ဆောင်ရွက်ပေးပါတယ်။ ဘတ်ဂျက်ငွေကြေး မလောက်တဲ့အခါကျရင် လွှတ်တော်မှာ ငွေတိုးပြီး ချပေးဖို့လည်း ဆက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

အခု ကြားမိသလောက်ကတော့ တစ်အချက်က ကပ်၏ ရိုက်ခတ်မှုအလားအလာ ဖြစ်ပါတယ်။ မတ်လမှာ အမေရိကားမှာ လူ၁သောင်းအောက် သေတယ်။ ဧပြီ-မေဆန်းမှာ အခု သေတာ ၇သောင်းနားကပ်သွားပြီ။ ဇွန်မှာ ၁သိန်းသို့မဟုတ် ၂သိန်း အသေရှိနိုင်တယ်လို့ ဆိုနေကြတယ်။ နှစ်ကုန်နားကပ်လာရင် နောက်ထပ် ကိုဗစ်တလှိုင်း ထပ်ရိုက်ရင် သည်ထက် ၂ဆ ဖြစ်နိုင်သေးတယ်။ ဒေါ်နယ်ထရန့်ကို ကြည့်လိုက်။ သူတောင် ကိုဗစ်ကပ်အရှိန်အဟုန်ကို ဖြုံနေပုံရတယ်။ ဒါကြောင့် ကိုယ်ရည်သွေးတာကို လျော့ပြီး သူများကို အပြစ်လိုက်တင်တာကို တိုးပြီး လုပ်လာတယ်။ (တရုတ်ကို တိုးပြီးတိုက်ခိုက်တာမျိုး)။ အမေရိကားမှာ စစ်စရာဆေး၊ ဖြေစရာဆေး၊ ကုစရာဆေး တခုမှ ခုထိ အဆင်သင့် မဖြစ်သေးတာဟာ ခေါင်းခဲစရာ ဖြစ်တယ်။

နောက် ၂ အချက်ကတော့ ကပ်နဲ့ တွဲပါလာတဲ့ စီးပွားပျက်ကပ်အခြေအနေဖြစ်ပါတယ်။ အလုပ်လက်မဲ့ ကယ်လီဖိုးနီးယားမှာ ၃ သန်း၊ အမေရိကားမှာ သန်း ၃၀။ အမေရိကန်လုပ်အား၏ ၂၀-၂၅% အလုပ်လက်မဲ့။ သည်လူတွေကို ဘယ်လိုထိန်းထားမှာလဲ။ မငတ်အောင် မအုံကြွအောင် ထိန်းထားမလဲ။ ဘာလို့ အလုပ်လက်မဲ့ သည်လောက်များတာလဲဆိုတော့ လူတွေက လခစားအလုပ်တွေထက် အချိန်ပိုင်းအလုပ် ကိုယ်ပိုင်အလုပ်တွေ ပိုလုပ်လာကြတာကြောင့်လည်း တပိုင်းဖြစ်ပါတယ်။ သည်တော့ ကပ်ဆိုက်ရင် သူတို့တွေ အလုပ်ပြုတ်ဖို့ အလားအလာများတယ်။ ပြီးတော့ သူတို့မှာ အလုပ်လက်မဲ့ ထောက်ပံ့ကြေးလည်း အကာအကွယ်မရှိကြဘူး။ သည်လိုလူတွေ ၂၁ရာစုသစ်မှာ အနည်းဆုံး သန်း ၃၀ အမေရိကားမှာ ရှိတယ် ဆိုကြပါစို့။

သည်အတွက် ရောဂါကပ်ဘေးကာလ ကူညီထောက်ပံ့ရေးအစီအစဉ်တွေ အထက်ပါအတိုင်း ပြုလုပ်သလို စီးပွားပျက်ကပ်ဘေး ဆက်လိုက်လာတဲ့အခါ စီးပွာပျက်ကပ်အတွင်း ပြည်သူတွေအားလုံး ထောက်ပံ့ရေး အစီအစဉ်တွေကိုလည်း ပြည်ထောင်စု လွှတ်တော်မှာ ကြိုပြီး စဉ်းစားနေရပြီ ဖြစ်ပါတယ်။ သည်ကိစ္စက အရင်ဆောင်းပါးမှာ ပြောခဲ့ဖူးသလို universal basic income လိုမျိုး၊ စီးပွားပျက်ကာလမှာ လူတိုင်းကို စားသောက်သုံးစွဲနိုင်အောင် အရေေေေးပေါ် လစဉ်ထောက်ပံ့ငွေ ပေးနိုင်အောင် (emergency universal basic income) လုပ်ကြမလားလို့ ပြည်ထောင်စုလွှတ်တော်က ဒီမိုကရက်အမတ်တချို့က ဆွေးနွေးနေကြပါတယ်။ လူတဦး တလ ၂ထောင်ပေးထားပြီး စီးပွားပျက်ကပ်ကို ရင်ဆိုင်ကြမလားလို့ တွေးကြတယ်။

သည်လိုမလုပ်ရင် ဘယ်လိုလုပ်မလဲဆိုတာ အားလုံးစဉ်းစားရမှာပါ။ ၂၁ ရာစုမှာ မကြုံစဖူး ကိုဗစ်၁၉ ကပ်ဘးကို ရင်ဆိုင်နေကြရပြီ။ ဖြေဆေးမရှိသေးဘဲ ပြည်ထောင်စုကို ပြန်ဖွင့်ဖို့လည်း ရင်ဆိုင်နေရပြီ။ ရောဂါကပ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကြေးစီစဉ်ပေးပြီးတော့ ရင်ဆိုင်နေကြရပြီ။ နောက်ကလိုက်လာမဲ့ စီးပွားပျက်ကပ်ဘေးကို ဆက်ရင်ဆိုင်ဖို့က အလုပ်အကိုင်တွေ မစီစဉ်နိုင်သေးခင်မှာ အလုပ်လက်မဲ့ခံစားခွင့်တွေ ထောက်ပံထားပြီး ဆက်ရင်ဆိုင် ဖြတ်သန်းကြမလားဆိုတာ အားလုံး ဖြေကြရမယ့် မေးခွန်း ဖြစ်ပါတယ်ခင်ဗျား။
 (မောင်ရစ်)