Breaking News

စိုးခိုင်ညိန်း - တိတ်ဆိတ်ခြင်း၏ အသံ

တိတ်ဆိတ်ခြင်း၏ အသံ
စိုးခိုင်ညိန်း
(မိုးမခ) မေ ၆၊ ၂၀၂၀   
အိပ်ခန်းထဲသို့ ပြတင်းပေါက်ခန်းစီစကြားမှ မနက်ခင်း နေရောင်ခြည်၏ တဖြည်းဖြည်း လျှောဆင်းလာသံကိုကြားနေရသည်။ အော် နေ့သစ်တစ်ဖန် စ ခဲ့ပြန်ပေပြီ။ အပြင်ဘက်တွင် လေညှင်းတို့ တသွင်သွင်တိုက်နေသည် ထင် သည်။ လေ၏နုညံ့မှုကို စိတ်အမှတ်ဖြင့်ထိစမ်း၍ရနေသည်။ အမျိုးအမည်မသိငှက်ကလေး၏အော်မြည်သံသည် လေထဲတွင်မျောပါနေသည်။ ကိုယ်က နာပျော်ဖွယ်ထိုအသံလေးကို လေထဲမှဆယ်ယူနေမိသည်။ တဒင်္ဂအခိုက်အတန့်လေးမှာ အရာရာကိုမေ့လျှော့ထားကာ တိတ်ဆိတ်သာယာ အေးချမ်းမှု၏အရသာကို ခံစားနေမိသည်။ တဆက်တည်းမှာပင် အိမ်ရှေ့ဘက် ဝက်သစ်ချပင်မှာ တက်လိုက်ဆင်းလိုက်နဲ့ ဝက်သစ်ချသီးလေးတွေကို စားနေတတ်သောရှည့်လေးတစ်ကောင်ကို သတိရလိုက်မိပြန်သည်။ အသီးလေးကိုလက်နှစ်ဘက်နဲ့ကိုင်ပြီးစားနေပုံလေးကိုကြည့်ရသည်မှာ ချစ်စရာ ကောင်းလှသည်။ ထိုရှည့်လေးသည် လူတွေနဲ့သိပ်မစိမ်းလှပဲ အနည်းငယ်ရင်းနှီးနေပါပြီ။ အခုချိန်ဆိုလျှင် ထိုရှည့်လေးသည် အစာစားနေမည်ထင်သည်။  သစ်ပင်အောက်မှမြက်ခင်းစိမ်းများပေါ်တွင် နေရောင်ခြည်သည် ဖြာကျနေပေလိမ့် မည်။ မြက်ခင်းစိမ်းများကြားမှ အမည်မသိပန်းပွင့်ဝါဝါလေးများသည် လေအနော့တွင် ယိမ်းခါနေပေလိမ့်မည်။ အခြေ အနေသည် ပျော်ရွှင်ကြည်နူးစရာပေပဲဟု ကိုယ့်ဟာကိုယ် တွေးယူရသည်။ ကိုယ့်စိတ်ကိုယ်လည်း သဘာဝတရား၏ အလှတရားများနှင့် ရင်းနှီးထိတွေ့ခံစားတတ်အောင်လေ့ကျင့်ထားရသည်။ ပုံမှန်အခြေအနေမှာဆိုလျှင်တော့ ပတ်ဝန်း နဲ့ ဘာသိဘာသာ နေနေမိတတ်သည်။ အခုတော့ တိတ်ဆိတ်မှု၏အသံကို နားထောင်နေတတ်ပြီ။  နိုးနေသည်မှာ ကြာပြီဖြစ်သော်လည်း အိပ်ရာထက်မှ မထဖြစ်သေး၊ ညောင်းညာမှုကို အနည်းငယ်ဆန့်ထုတ်လိုက်သောအခါ မြွေတစ်ကောင်ဖြတ်ဆင်းသွားသလို အဝတ်စောင်တို့၏လျှောတိုက်မြည်သံကို အမှတ်ထင်ထင် သတိ ပြုမိပြန်သည်။ ကိုယ်လည်း အေးစက်တိတ်ဆိတ်တဲ့ တွင်းအောင်း သတ္တဝါတစ်ကောင်လို ဖြစ်နေပြီပဲလေ။
တွင်းအောင်းမြွေတစ်ကောင်လို တစ်ယောက်တည်း Stay Home တွင်းအောင်း နေနေရသည်မှာ တစ်ပါတ်ကျော် လာခဲ့ပြီ ဖြစ်သည်။ ကိုယ့်ကိုယ်ကို တစ်ခုခု ထူးခြားလာတာ ရှိသလားလို့ မကြာခဏ ဆန်းစစ်နေရသည်။ ကိုယ့်နဖူးကို လက်နဲ့ ပြန်ပြန်စမ်းကြည့်ရသည်။ ကိုယ်ပူမှာ စိုးရိမ်စိတ်ဝင်နေခြင်းက ပုံမှန် အပူချိန်ကိုပဲ နည်းနည်း ပူနေသလို ထင်ကာ စိတ်မသက်မသာ ဖြစ်ရသည်။ အသက်ရှူသွင်းနေတာကို လည်း ပုံမှန်ဟုတ်ရဲ့လားဟု သတိနှင့် စမ်းကြည့်ရသည်။ နည်းနည်း မောနေသလား၊ မဟုတ်သေးပါဘူး အခါတိုင်းလည်း ဒီလိုပါပဲလို့ ဖြေတွေးရသည်။ နေ့စဉ်နှင့်အမျှ အချိန်တိုင်း ခန္ဒာကိုယ်၏ ရှင်သန် ဖြစ်တည်နေ မှုကို စောင့်ကြည့်နေရသလိုမျိုး ဖြစ်သည်။ ဒီလိုမျိုး စိတ်အစဉ်ဖြင့် စောင့်ကြည့်နေရခြင်းက စိတ်မသက်မသာဖြင့် ကိုယ်လက်မအီမသာ ဖြစ်နေသလို ဖြစ်နေပြန်သည်။ 
မဖြစ်သေးတဲ့ ဒုက္ခတစ်ခုကို ဖြစ်လာမှာလားလို့ကြိုတွေးပြီး စိတ်ပူနေရတာကလည်း စိတ်ရောဂါတစ်ခုပဲလို့ သတိကပ်ပြီး ဒီအပေါ်ကနေ စိတ်ကိုအာရုံပြောင်းယူဖို့ကြိုးစားယူရသည်။ စိတ်ကိုပတ်ဝန်းကျင်သဘာဝတရားဆီ ကိုင်းကူးယူရသည်။ သဘာဝတရား၏လှပမှုနှင့် တိတ်ဆိတ်နေခြင်းကို နားစွင့်ထားရသည်။ သစ်ရွက်လေးတိုးသံ၊ မြက်ပင်လေးတွေကြား တိုးဝှေ့သွားတဲ့ လေညှင်းလေးရဲ့ ခြေသံ၊ လေထဲ မျောပါနေတဲ့ ငှက်ကလေးတွေရဲ့ အော်သံစသည်ဖြင့် တိတ်ဆိတ်ခြင်း၏ အသံလေးတွေသည် နာပျော်ဖွယ် ဂီတတစ်မျိုးဖြစ်သည်။ တစ်ယောက်တည်း အထီးကျန်ခြင်း၏ အရသာကို သေချာတွေးပြီး ခံစားပျော်ရွှင်ရသည်။ 
အခါတိုင်းလို ကိုယ်လက်ပေါ့ပါး လတ်ဆတ်သောစိတ်ဖြင့် အိပ်ရာမှထကာ ကိုယ်လက် သန့်စင်ရသည်။ ပြီးတာနဲ့ ကော်ဖီဖျော်ဖို့ ရေနွေးအိုးတည်ထားလိုက်သည်။ ရေနွေးအိုးပွက်တာနဲ့ ကော်ဖီတစ်ခွက်ကို ခါးခါးလေး ဖျော်လိုက်သည်။ ဖျော်နေရင်းက ဘာစားရရင် ကောင်းမလဲလို့ စဉ်းစားမိသည်။ ဘာကိုမှ စားချင်စိတ် မဖြစ်မိသော်လည်း မနေ့က စားလက်စ တစ်ဝက်ကျန်သေးသည့် ကိတ်မုန့်ကိုပဲစားဖို့ ဆုံးဖြတ်လိုက်မိသည်။ အိမ်မှာ အစားအစာ အလုံ အလောက်ရှိရဲ့လားလို့ ကျန်းမာရေးဌာနမှာပို့ထားသည့်မက်ဆေ့ကိုသတိရရင်း ဗီဒိုထဲကရှိသည့်အစားအစာတွေကို မျက်လုံးဝေ့ကြည့်ရသည်။
ကော်ဖီတစ်ခွက်နဲ့ကိတ်မုန့်စားရင်း ဖုန်းဖွင့်ကြည့်လိုက်သည်။ ဒီနိုင်ငံမှာက ကော်ဖီသောက်ရင်း ပြတင်း ပေါက်ကနေ အပြင်ကို ငေးကြည့်လို့မှ အဆင်မပြေပဲလေ။ 
ငါ တစ်ယောက်ထဲ ငါ
ကိုယ့်ဘာသာ မပျင်းအောင် နေမယ်။
မအောင်မြင်မှုဟင်းနဲ့
ထမင်း ဝင်အောင်စားမယ်။
           အောင်ချိမ့် တဲ့။ 

ပထမဆုံး ဖတ်လိုက်ရတာပဲ ဖြစ်သည်။ အော် ဒီနေ့က မေလ ၁ ရက် ၊ မေဒေးနေ့ ၊ ဆရာကြီး ဦးအောင်ချိမ့်ရဲ့ မွေးနေ့ပါလားလို့ စိတ်ထဲ ပူနွေးစွာ ခံစားလိုက်မိသည်။ 

ကဗျာဖတ်ပြီးချိန်မှာ တစ်ယောက်တည်းပေမဲ့ အခုတစ်ယောက်တည်းမဟုတ်တော့ပါလားလို့ တွေးလိုက်မိ သည်။ ကဗျာသည် ကိုယ့်အဖို့ အရာရာပဲ ဖြစ်သည်။ တစ်ယောက်တည်း ကဗျာနဲ့ နှစ်သက်စရာအမျိုးမျိုးကို စဉ်းစားလို့ရနိုင်သည်။ တစ်ယောက်တည်းဖြစ်ရခြင်း၏ ကျေနပ်စရာအကြောင်းတွေကို ထိတွေ့ခံစားလို့ ရနိုင်ခဲ့ပြီ ဖြစ်သည်။ 
ကြည်လင်သော စိတ်ဖြင့် ဒီနေ့တော့ ဖွယ်ဖွယ်ရာရာလေး ချက်စားရမယ်လို့ စိတ်ကူးထားလိုက် သည်။ မနေ့ကမှ ကြော်ထားသည့် ကြက်သားကြော် ကျန်သေးသည်။ ပုဇွန်ခြောက်လေးနဲ့ ကညွှတ်ကြော်မည်။ ခရမ်းချဉ်သီး ငပိချက် ချက်မည်။ စွံတန်နဲ့ အရည်သောက် လုပ်မည်။ ဒီလောက်ဆိုလျှင် ထမင်းဝင်အောင် စားလို့ရမည် ထင်သည်။ ပုန်းရေကြီး သုပ်မယ်ဆိုလျှင်လည်း ရှိသေးသည်။ 
အချိန်နာရီနဲ့ နေ့ရက်တွေအကြောင်းကိုမစဉ်းစားပဲထားလိုက်သည့်အခါ နေ့တစ်နေ့သည် ရှည်လျှားလွန်းသည်ဟု မထင်မိတော့ပေ။ နောက်ဆုံး ကိုယ့်ရှင်သန်နေမှုကိုပင် မေ့ပျောက်ထားနိုင်လျှင် ပိုပြီး ပေါ့ပါး လွတ်လပ်သွားမည် ထင်သည်။ တကယ်လည်း စိတ်နဲ့ကိုယ်နဲ့နှစ်ပြီး ချက်ပြုတ်စားသောက်ပြီးသွားသောအခါမှာတော့ ညနေက စောင်းစပြုနေခဲ့ပြီဖြစ်သည်။ 
ဒီနေ့ ရာသီဥတုက သာယာပြီး နေသာနေသည်။ သိပ်ပြီး မအေး၊ လေလည်း သိပ်မတိုက်လှပေ။ နွေဦးရာသီ စလာပြီဆိုသော်လည်း မပူလှသေး၊ အနွေးထည် ဝတ်ရတုန်းပဲ ရှိသေးသည်။ ကျနေ၏ နေရောင်ခြည်ကို ခံယူဦးမှပဲ စိတ်ဖြင့် အိမ်အရှေ့ဘက်က မြက်ခင်းစိမ်းစိမ်းတွေနဲ့ ဝင်းပနေသော တောင်ကုန်းလေးဆီသို့ ထွက်ခဲ့လိုက်သည်။ အခုတော့ ကြည့်ရာမြင်ရာ သစ်ပင်အားလုံးသည် အဖူးအရွက်တို့ဖြင့် စိမ်းစိုလို့နေသည်။ အစောပိုင်း နှင်းများကျစဉ်တုန်းကတော့ သစ်ပင်တွေမှာ သစ်ရွက်တစ်ရွက်မှမရှိ သစ်ခြောက်ပင်တွေလို အကိုင်းနဲ့ငေါငေါ ဖြစ်သည်။ ဆောင်းဝင်စ အေးစအချိန်တုန်းက လေတစ်ချက်ဝှေ့လိုက်လျှင် မေပယ်ရွက်တွေ တဖွဲဖွဲကြွေကျနေတာကို မြင်ခဲ့ဘူးသည်။ အော် သာယာလှပသည့် ညနေတစ်ခုကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပြီလေ။ 
အို ညေန
ေဟာဟိုက
ဗာဒံရွက်ကြွေကျနေပုံက
လမ်းခုလတ်ရောက်မှ
တစ်စုံတစ်ရာကို အမှတ်ရကာ
တန့်ခနဲ့ ရပ်
ၿပီးမွ
တဟုန်ထိုး ခုန်ချလိုက်တယ်။

ဗီဒိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့ 
နာရီဟာ
ကျွန်တော့်နာမည်ကို မေးပါတယ်။

တူး….တူ့ တူး…..တဲ့
စူးရွစြာ
အလန့်တကြား အော်
ချော်လဲမတတ် သူ့ခန္ဒာကို ပြန်ဟန်ကာ
“ဘယ်မြို့ထိအောင် သွားမှာလဲ”
မီးရထားတစ်စင်း ဖြတ်မောင်းသွားပေါ့။ ။
                            ေအာင်ချိမ့်

လက်ထဲကဖုန်းမှ တီ တီတီအသံကြား၍ကြည့်လိုက်တော့ ကျန်းမာရေးဌာနမှ ပို့နေကျမက်ဆေ့ဖြစ်နေသည်။ သိပ်မကြာခင်လောက်ဆိုလျှင် ဆရာဝန်မှ ဖုန်းဆက်လာလိမ့်ဦးမည်။ ဒီနေ့ အခြေနေဘယ်လိုလဲ၊ နေကောင်းရဲ့လား၊ ဝမ်းသွားသလား၊ ကိုယ်ပူချိန်တက်သလား၊ ချောင်းဆိုးသလား၊ ခေါင်းကိုက်သလား၊ ကိုယ်လက်မအီမသာ ဖြစ်သလား၊ စားလို့သောက်လို့အဆင်ပြေရဲ့လား စသည်ဖြင့် မေးလိမ့်ဦးမည်။ ဖုန်းဖြင့်စကားပြောဆိုပြီးသွားပါက ထုံးစံအတိုင်း အ ရာရာသည် တိတ်ဆိတ်ငြိမ်သက်သွားပေလိမ့်ဦးမည်။ အိမ်ခန်းထဲပြန်ရောက်လျှင်တော့ နံရံပေါ်က နာရီဆီကိုမကြည့်မိအောင် သတိထားနေရမည်။ တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့အတူ သဘာဝတရားထဲကို ကိုယ်စိတ်နှစ်ပါးနဲ့ အရာအားလုံးကို နှစ်မြှုပ်ထားလိုက်တော့မည်။ မြက်ခင်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်သည်။ မြင်နေရသည့် ကောင်းကင်ကြီးတစ်ခုလုံးက ပြာလဲ့ကြည်လင်နေသည်။ အခုချိန်မှာတော့ ဟို ခပ်လှမ်းလှမ်း အပင်တစ်ပင်က ပန်းပွင့်တစ်ပွင့်ဖူးပွင့်ဖို့ ရုန်းထွက်နေတဲ့အသံကိုလည်း နားထောင်နိုင်စွမ်း ရှိနေခဲ့ပြီလေ။ ။

စိုးခိုင်ညိန်း (1/ 5/ 2020)