Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၇)




ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၇)

အမှန်တရားအတွက် ခံစားခွင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်

(မိုးမခ) မေ ၈၊ ၂၀၂၀


(၁၇)

တိုက်ဟောင်းထဲ ဝင်စီီးတဲ့အကြောင်းကို ပြန်လည် သရုပ်ဖော်တင်ဆက်ပြရရင် ဝင်တဲ့အချိန်က အလင်းရောင်မရသေးတဲ့ မနက်အစောပိုင်းဆိုတော့ အထဲကို သဲသဲကွဲကွဲ မမြင်ရသေးဘူး။ အထူးသဖြင့် တိုက်ရဲ့ အနောက်မြောက်ဒေါင့် ကုဋီရှိတဲ့ နေရာဆိုရင် ကုက္ကိုပင်အကြီးကြီးတွေ ရှိနေလို့ ပိန်းပိတ်အောင် မှောင်နေတယ်။ ပုံမှန်ဆိုရင် အဲဒီနားမှာ မီးလုံးထွန်းပေးထားတော့ ဝိုးတိုးဝါးတား မြင်ရသေးတယ်။ သူတို့ ဖြတ်လေးဖြတ်ထဲမှာ မီးဖြတ်တာပါ။ ပါတော့ ဓာတ်မီးမှ မပါရင် သွားဘို့ သိပ် မလွယ်ဘူး။ အဲဒီအချိန်တုန်းက တိုက်ဟောင်းကုဋီပုံစံက ကုဋီပေါ်က ရေလောင်းလိုက်တာနဲ့ မိလ္လာကန်ထဲ ကျတဲ့စနစ်နဲ့ ဆောက်ထားတာ။ ကန်မှာ အဖုံးတော့ ဖုံးထားတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတော့ အဖုံးက ပေါက်တဲ့နေရာ ပေါက်၊ ကွဲတဲ့နေရာ ကွဲ ဖြစ်ကုန်တယ်။ ဒီကြားထဲ သစ်ပင်တွေပါ ပေါက်နေတော့ ချုံပုတ်တွေလိုကို ဖြစ်လို့။ တိုက်ဟောင်းထဲ ကျော်ပြီး ဝင်လို့ ရတာလဲ အရှေ့ဘက်နဲ့ မြောက်ဘက်ပဲ ရှိတယ်။ တောင်ဘက်နဲ့ အနောက်ဘက်မှာ လူနေအိမ်တွေ။ အချက်ပေး ခရာမှုတ်လိုက်တာနဲ့ အမြန်ဆုံး ခုန်ချရမှာဆိုတော့ အုတ်တံတိုင်းတွေပေါ်ကနေ အသင့်စောင့်လို့ပေါ့။ မှုတ်လဲ မှုတ်လိုက်ရော အမြန်ဆုံး ခုန်ချကြတယ်။ သူတို့ ဝိတ်တွေနဲ့ ခုန်ချကြတော့ နဂိုကမှ ဆွေးမြေ့ပေါက်ကွဲနေတဲ့ မိလ္လာကန်အဖုံးတွေ ပြိုကျပြီး မိလ္လာတွင်းထဲ သက်ဆင်းကုန်ကြသတဲ့။

တိုက်ထဲဝင်တဲ့အချိန်မှာ ဆရာတော်နှစ်ပါးကို မဖမ်းသေးပဲ ဦးဇင်းတွေနဲ့ ကိုရင်ကြီးတွေကိုသာ ဖမ်းကြသေးတယ်။ သံဃာတွေ ကြားထဲ ဆရာတော်တွေကို ဖမ်းရင် ဝရုန်းသုန်းကား ဖြစ်မှာတော့ သေချာတယ်။ ဆရာတော်တွေကတော့ ပင့်တဲ့သူရှိရင် ကြွကြတယ်။ ကြွတိုင်းလဲ "ငါတို့ ဘယ်မြို့ သွားမယ်၊ ဖမ်းချင်ရင် ဖမ်းကြ" လို့ ဖုံးဆက် ပြောခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ တရားဟောဘို့ ကြုံတိုင်း နိုင်ငံရေးတရားပဲ ဟောတယ်ဆိုတဲ့အကြောင်းကို ဆရာတော်နဲ့ ဝင်းဖေမောင်ရဲ့အင်တာဗျူးစာအုပ်မှာ တွေ့ရတယ်။

ဖမ်းသွားတဲ့ နာယကဘုန်ကြီးလေး ဦးဝိမလ( ယခု အင်းစိန်)ကို စစ်ကြောရေးလုပ်တော့ ဘွဲ့ကို အရင်ဆုံး မေးသတဲ့။ မေးတော့ "ဦးဝိမလာစာရာဘိဝံသ" လို့ မူလဘွဲ့ရော၊ ရထားတဲ့ဘွဲ့ကိုပါ အပြည့်အစုံ ဖြေလိုက်ချိန်မှာ သူတို့ ဖမ်းရမယ့် စာရင်းစာရွက်ကို ကြည့်ပြီး "ငါတို့ဖမ်းရမယ့် စာရင်းထဲမှာ ဦးဝိမလလို့ပဲ ပါတယ်ကွ။ ဒီကိုယ်တော့်ဘွဲ့က ဦးဝိမလာစာရာဘိဝံသဆိုတော့ လူမှားပြီး ဖမ်းလာမိပြီ။ ပြန်လွှတ်ပေးဘို့ တင်ပြရမယ်" လို့ သူတို့ အချင်းချင်း ပြောနေကြသတဲ့။

လွန်ခဲ့တဲ့(၄)နှစ်၊ ပြေးလွှားပြီး ၂၅နှစ်မြောက်က ကျောင်းသားဟောင်း တွေ့ဆုံပွဲ သွားရင်း ဦးပညိန်လေး (ယခု ရံသီကျောင်းဆရာတော်) ကို သွားကန်တော့တော့ "ဟာ ကိုကုနဲ့ ကိုလာဘတို့ပါလား၊ လာကြဗျာ။ ခင်ဗျားတို့နဲ့ တွေ့မှ အဖမ်းခံရတုန်းကအကြောင်း ပြောပြမယ်လို့ စိတ်ကူးထားတာ၊ အခုမှ ပြောရတော့တယ်။ ကျုပ်ကို စစ်ကြောရေးလုပ်တော့ ပထမဆုံး ဘာမေးတယ် ထင်လဲ၊ ဦးလာဘတို့ ဦးကုသလတို့ကို သိလားလို့ စ မေးတယ်။ မေးတော့ ကျုပ်ကလဲ "သိတာပေါ့၊ တစ်ကျောင်းထဲ နေတဲ့ ဥစ္စာ" လို့ ဖြေလိုက်တော့ သူတို့ စိတ်ဝင်တစားနဲ့ "လုပ်ပါဦး..ဦးဇင်း..သူတို့ ဘာတွေ လုပ်ကြသလဲ၊ ဘယ်တွေ သွားကြသလဲ" လို့ ဆက်မေးတယ်။ ကိုယ်က "ဘယ်တွေ သွားပြီး၊ ဘာတွေ လုပ်တယ်ဆိုတာတော့ ဦးဇင်းမသိဘူး" လို့ ဖြေတော့ "ကိုယ့်တော့်ဟာကလဲ..တစ်ကျောင်းထဲ နေတယ်လဲ ပြောသေး၊ ဘာမှ မသိဘူးလို့လဲ ဖြေသေး" လို့ အားမလိုအားမရ ပြောတယ်ကွ။ ဒီတော့မှ ကိုယ်က "သူတို့က မနက်ဆို ပျောက်သွားပြီး ညအိပ်ချိန်ကျမှ ပြန်လာကြတာ။ တခါတခါ ပြန်တောင် အိပ်သလား၊ သတိ မထားမိဘူး" ပြောလိုက်မှ လက်လျှော့သွားတာကွ။ ကိုယ်လဲ အဲဒီထဲမှာ ပုတီးစိပ်လိုက်၊ တရားထိုင်လိုက်၊ မေတ္တာပို့လိုက်ပဲ လုပ်နေခဲ့တယ်။ သိပ် မကြာပါဘူး၊ မပါမှန်း သိတော့ လွှတ်ပေးလိုက်တယ်။ ဖမ်းသွားတဲ့အချိန်မှာ သိပ် မခံစားရပေမယ့် လွှတ်ပေးလိုက်လို့ ကျောင်းပြန်အဝင်မှာ စာအုပ်တွေကလဲ ပြန့်ကြဲ၊ သေတ္တာတွေကလဲ အဖုံးတွေ ပွင့်၊ သင်္ကန်းတွေ ကျပြန်တော့လဲ ဖုံအလိမ်းလိမ်းနဲ့ဆိုတော့ ရင်ထဲမှာ အတော် ဆို့သွားတယ်" ဆိုပြီး ပြန်ပြောပြတယ်။

ကိုယ်တွေ ရှောင်တဲ့နေ့မှာပဲ သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌဦးရေဝတနဲ့ ဝေယံဘုံသာကတပါး အဖမ်းခံရတဲ့ သတင်း ကြားရတယ်။(ဦးရေဝတကို ပျံလွန်တော်မူကာနီးမှ ပြန်လွှတ်ပေး) ကျောင်းထဲတွေ ဝင်မွှေပြီးလို့ သိပ်မကြာခင်မှာ ဘုန်းကြီး ဦးကော မိုးညှင်းဘက်ကို ကြွသွားတယ်။ မိုးညှင်းက အပြန် လမ်းမှာ ဖမ်းလိုက်ကြတယ်။ ဘုန်းကြီးကော အဖမ်းခံရပြီးချိန်ထိ ဘုန်းကြီးဦးရာဇ အဖမ်း မခံရသေးဘူး။ ဒီလို အဖမ်း မခံရသေးတာကို ဝေဘန်ဘို့ စောင့်နေတဲ့သူတွေနဲ့ နှစ်တိုက်သွေးကွဲစေချင်တဲ့သူတွေက "ဦးဆောင်တော့ အတူတူ ဦးဆောင်ပြီး ဦးရာဇကျတော့ မဖမ်းပဲ၊ ဘုန်းကြီးကောကိုမှ ဘာလို့ ရွေးပြီး ဖမ်းသလဲ၊ ဦးရာဇက တိုင်းမှူးလူမို့လို့ မဖမ်းတာလား၊ ဦးရာဇကမှ လူကြီးတွေကို ပက်ပက်စက်စက် နှိပ်တဲ့ဟာကို ဘာလို့ မဖမ်းသလဲ" စသည်ဖြင့် ပြောလာကြတယ်တဲ့။

လူတိုင်းမှာ ဒေသစွဲ ပုဂ္ဂိုလ်စွဲဆိုတာတော့ ရှိတတ်ကြတယ်။ ဆရာတော်ဦးရာဇကလဲ မုံရွာသား၊ ဦးထွန်းကြည်ကလဲ မုံရွာသားဆိုတော့ ဒေသခြင်းတူလို့ ခင်မင်ရင်းစွဲ ရှိကြသလို၊ အာဏာပိုင်တွေက ပင့်တဲ့ဖိတ်တဲ့ပွဲတွေမှာ၊ အာဏာပိုင်တွေ ကျောင်းကို လာစရာရှိတဲ့အခါတွေမှာ ဆရာတော်ဦးရာဇရဲ့ သွက်သွက်လက်လက် ပြောဆိုတတ်တာကိုလဲ သဘောကျပြီး ကြည်ညိုနေတယ်။ ဘုန်းကြီးကောက အာဏာပိုင်တွေ ပွဲဆို ရှောင်တယ်။ အထက်က(ဦးစောမောင်) ဆရာတော်ဦးရာဇကို ဖမ်းခိုင်းတော့ ဗိုလ်ချုပ်ထွန်းကြည်က အင်တင်တင်လုပ်နေတာနဲ့ ဆရာတော် မုံရွာက အပြန်မှာ စစ်ကိုင်းတိုင်း၊ တိုင်းမှူးကို အဖမ်းခိုင်းလိုက်တယ်တဲ့။

ရန်ကုန်ဘက်က ဦးဆောင်ဆရာတော်ကြီးတွေ ဖြစ်ကြတဲ့ မေဒိနီဆရာတော်ဦးဉာဏဝံသ၊ မဟာဗောဓိဆရာတော်ဦးပဏ္ဍိတာဘိဝံသ၊ ရွှေဘုန်းပွင့်ဆရာတော် ဦးဗြဟ္မသီရိ၊ အင်းစိန်ရွာမဆရာတော်ဦးတိလောကာဘိဝံသ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလာလင်္ကာရ ဦးပညာဇောတတို့ကိုလဲ ဖမ်းပြီး ထောင်ချလိုက်ကြတယ်။ ဦးဆောင်တဲ့ထဲမှာ လုံးဝ မပါခဲ့ပဲ သူ့တိုက်မှာ နေတဲ့ သူ့တပည့်တွေကို "ဂိုဏ်းဂဏ မတူပေမယ့် သံဃာဆိုတဲ့ အစုအဖွဲ့က တညီတညွတ်တည်း ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကို လေးစား လိုက်နာရမယ်” လို့ တိပိဋကဆရာတော် ဦးသုမင်္ဂလာလင်္ကာရက ဩဝါဒပေးပြီး သပိတ်မှောက်ကံကို လိုက်နာခဲ့လို့ ဖမ်းတဲ့အကြောင်း သူ့တပည့်တပါး ရေးထားတာကို ဖတ်ရတယ်။ (ရန်ကုန်ဘက်က ပတ္တနိက္ကုဇ္ဇနနဲ့ပတ်သက်ပြီး လှုပ်ရှားလုပ်ဆောင်ပုံတွေကို ရန်ကုန်က ပါဝင်လုပ်ဆောင်ခဲ့တဲ့ကိုယ်တော်တွေ ရေးကြ ပြောကြမှသာ အချက်အလက်အမှန်တွေ သမိုင်းကြောင်းတွေ သိရမှာပါ။ မှားရင် ထောက်ပြ ဖြည့်စွက်တော်မူကြပါဘုရား)

ဒီလို သာသနာ့ဖခင်ကြီးတွေကို ဖမ်းလိုက်ချိန်မှာတော့ ဘုရားကြီးတိုက်က နယားဆရာတော်နဲ့ ဘုန်းကြီးဦးရာဇတို့ ဆုံတဲ့ပွဲမှာ မိန့်ခဲ့တဲ့အကြောင်း ရေးထားတာကို ဖတ်ခဲ့ဘူးတာ ပြန်သတိရမိတယ်။
အဲဒီလို ဆုံကြတဲ့ပွဲမှာ ဆရာတော်တစ်ပါးက ပတ္တကိစ္စနဲ့ ထောင်ကျနေတဲ့သူ့တူ (ဦးဇင်းဖိုးဆိုး)နဲ့ပတ်သက်ပြီး ဘယ်လို အခြေအနေရှိလဲလို့ နယားဆရာတော်ကြီးကို လျှောက်ထား မေးမြန်းတော့ "ဒီလို ဆိုးတဲ့မိုက်တဲ့ကောင်အကြောင်း မေး မနေကြစမ်းပါနဲ့" လို့ မိန့်လိုက်တယ်။ ဒီစကားကို ဘုန်းကြီးဦးရာဇ ကြားပြီး..”ဆရာတော် တကယ်ပဲ ဆိုးတဲ့ မိုက်တဲ့သူတွေ ထောင်ကျသလားဘုရား" လို့ မေးလိုက်တော့ နယားဆရာတော်က.."ဆိုးလို့မိုက်လို့သာ ထောင်ကျတာပေါ့။ လိမ္မာရင် ဘယ် ကျပါ့မလဲ“ လို့ ပြန်ဖြေတယ်။

အဲဒီမှာ ဘုန်းကြီးဦးရာဇက "ဒါဆို..ဗိမ္ဗိသာရမင်းကြီးလဲ ဆိုးလို့မိုက်လို့ ထောင်ကျတာပဲပေါ့" ဆိုပြီး မေးလျှောက်တော့မှ နယားဆရာတော်ကြီး သူ့စကား လွန်သွားမှန်း သိသွားပြီး "ဦးရာဇ..ဘွာ..ဘွာ" လို့ ဘွာခတ်နေတာကို ဆရာတော်ဦးရာဇက ဆက်ပြီး "လူမိုက်တွေ ထောင်ချလို့ လူလိမ္မာတွေ ထောင်ကျတာ အများကြီးပဲ။ အဇာတသတ်လိုလူတွေ အများကြီး ရှိနေသမျှ ဗိမ္ဗိသာရတို့လို လူလိမ္မာတွေ အများကြီး ထောင် ကျနေဦးမှာပဲ" ပြောတော့ နယားဆရာတော်ခမျာ "တဘွာ..ဘွာ" ပြောပြီး ခေါင်းပွတ် နေသတဲ့။

ဆရာတော်နှစ်ပါးကို အမိန့်ချတာ စစ်ခုံရုံးက၊ စစ်ခုံရုံးဥက္ကဋ္ဌက ဆရာတော့်ကို "ဆရာတော့်အမှုက အရပ်ဘက်တရားရုံးဆိုရင် ကျိမ်းသေပေါက် လွတ်တယ်။ တပည့်တော်တို့ စစ်ခုံရုံးက ချတာဆိုတော့ ကြမ်းခင်းစျေး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်ပဲဘုရား" လို့ လျှောက်ပြီး အမိန့်ချလိုက်တယ်။ ဒါကလဲ တိုင်းမှူးဦးထွန်းကြည်က ခုံရုံးဥက္ကဋ္ဌကို "ခင်ဗျားတို့ ကျုပ်ဆရာတော်ကို အမိန့်ချရင် ကျုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာအတွင်းမှာပဲချ" လို့ ကြိုပြောထားလို့သာ (၃)နှစ်ပဲ ကျတာ။ အဲဒီအချိန်က တိုင်းမှူးတစ်ယောက်ရဲ့သက်တမ်းက (၃)နှစ်ပဲ ရှိတာကိုး။