Breaking News

ထွန်းဇော်ဌေး- (သင်ကေတ-သငေ်္ကတ)အကြောင်းနဲ့ ရှိန်ဝါရဲ့ “အလွင့်”

(သင်ကေတ-သငေ်္ကတ)အကြောင်းနဲ့ ရှိန်ဝါရဲ့ “အလွင့်”
-စာပေအတွေးအမြင်ခံစားမှု-
ထွန်းဇော်ဌေး
(မိုးမခ) မေ ၈၊ ၂၀၂၀

      ဘုရားရှိခိုးကျောင်းထဲမှာတော့ ‘အို.. စုံလင်သော ချစ်ခြင်း” အမည်ရ တေးသွားအလိုက် တီးခတ်နေတဲ့ စန္ဒယားသံကပြန့်လွင့်နေရဲ့။ ပရိတ်သတ်အားလုံးကလည်းတိတ်ဆိတ်လို့။ စင်မြင့်ပေါ်မှာတော့ မင်္ဂလာသတို့သမီး သတိုးသား နဲ့အတူ အမှုတော်ဆောင်ဟာ အချိန်ကာလတခုကိုစောင့်မျှော်နေသယောင်ယောင်။ တေးသံ တိတ်သွားချိန်မှာတော့ အမှုတော်ဆောင်က လက်ထပ်လက်စွပ်ကို သတိုးသားလက်ထဲအပ်နှင်းရင်း ရှေ့ကတိုင်ပေးပြီး သတိုးသားကလိုက်ဆိုနေတယ်။

 “ချစ်ခြင်းမေတ္တာ၏သငေ်္ကတ(သင်ကေတ)၊ တရားဝင်ဝန်ခံခြင်းသက်သေ၏ အမှတ်လက္ခဏာနှင့် ကျွန်ုပ်ကိုယ်တိုင်၏အသက်တာကိုပေးအပ်ခြင်းအဖြစ် ဤလက်စွပ်ကို သင့်အား ကျွနု်ပ် ပေးအပ်ပါ၏။ ယနေ့မှစ၍ သင်သည် ကျွနုပ်ပိုင်ဆိုင်သောသူဖြစ်ပြီး ကျွနု်ပ်သည်လည်း သင်ပိုင်ဆိုင်သောသူဖြစ်ပါ၏။သင့်အား ကျွနု်ပ်နှလုံးသားဖြင့် အစဉ်အမြဲ ချစ်သွားပါမည်။ ယေရှုခရစ်တော်၏နာမတော်မြတ်၌ သင့်အား ဤလက်စွပ်ကိုပေးပါ၏။ အာမင်…။
       အမှုတော်ဆောင်ရဲ့တိုင်ပေးနေသံကို ဆက်မကြားမိတော့။ အတွေးမျိုးစုံပေါ်လာတယ်။ကျွနု်ပ်နားထဲ မှာ “ချစ်ခြင်းမေတ္တာ၏ သငေ်္ကတ၊တရားဝင် ဝန်ခံခြင်း၏ အမှတ်လက္ခဏာ” ဆိုတဲ့ စကားရပ်များကသာ နေရာယူနေခဲ့တယ်။ နားထဲမှာစွဲမြဲနေခဲ့တယ်။ လက်ထပ်လက်စွပ်ဆိုတာ ချစ်ခြင်းမေတ္တာရဲ့သငေ်္ကတ။ တရားဝင် ဝန်ခံခြင်းရဲ့အမှတ်လက္ခဏာ။ တကယ်တော့ အားလုံးကတော့ ကိုယ်စားပြုချက်တွေချည်းပါပဲ။

       ဘေးဘက်လှည့်ကြည့်လိုက်တော့လည်း ဒွိယံ ဒွိယံအစုံစုံ။ ယောကျ်ားလေးတွေက ဥရောပဝတ်စုံဝတ်တာ ရှိသလို အချို့ကမြန်မာဆန်ဆန် ပုဆိုးနဲ့တိုက်ပုံလည်းဝတ်ရဲ့။ အမျိုးသမီးအများစုကတော့ ဂါဝန်ရှည်ခေါ်မလား ..သင်တိုင်းရှည်ခေါ်မလားပဲ။ သစ်လွင်တောက်ပတဲ့ဝတ်စုံတွေနဲ့ပါ။ ဂျင်းပင်ဝတ်ထားသူရဲ့ခါးပတ်ကိုစိတ်ဝင်တစား ကြည့်နေမိတယ်။ ထူးခြားတဲ့သူ့ခါးပတ်ခေါင်းကြောင့်ပါ။ စက်ဝိုင်းသဏ္ဍန် အဝိုင်းထဲမှာ အင်္ဂလိပ်အက္ခရာ အေ(A)ပုံ ပါရှိနေတယ်။
         ဒါဟာ ၁၉၇၀ ဝန်းကျင်လောက်က ခေတ်စားခဲ့တဲ့ Circle A အမှတ်အသားပါ။ တနည်း တော်လှန်ရေးအ မှတ်တံဆိပ်လို့အနုပညာရှင်အများစုသိနေခဲ့တဲ့ အမှတ်လက္ခဏာ။ A ဆိုတာ Anarchy ကိုပြောတာ။ အနာခီကို မင်းမဲ့လို့ပြန်ကြတယ်။ တော်လှန်ဆန့်ကျင်ခြင်းသဘောပါ။ ဥပဒေတွေစည်းမျဉ်းတွေချမှတ်မှုကို အလိုမရှိ။အမိန့်တွေအာဏာတွေကို ငြင်းဆန်ရုံသာမက ဆန့်ကျင်ခြင်းသဘောတွေလည်း ပါရှိတယ်လို့ ဆိုရမှာပါ။ ဒါကို အဓိကလက်ခံကိုင်ဆွဲသူတွေက ပန့်ခ်ရော့အနုပညာရှင်တွေ။ အို (O)ထဲကို A အေအက္ခရာထည့်ထားတာ။ A ရဲ့ခြေနှစ်ဖက် ဟာ စက်ဝိုင်းအောင်ရောက်နေသလို A အေကိုဖြတ်ထားတဲ့ကန့်လန့်ဖြတ်မျဉ်းလေးကလည်း စက်ဝိုင်းအနားစွန်း တွေကိုကျော်သွားတယ်။ သေချာကြည့်ရင် ခွပ်ဒေါင်းဟန်လေးလို ဖြစ်နေတာပေါ့။

       တကယ်တော့ စက်ဝိုင်းမဟုတ်ဘူး။သူ့ရဲ့ မူလက အို(O) အက္ခရာပါ။ အိုကို စက်ဝိုင်းအဖြစ်သတ်မှတ်ပြီး Circle A လို့သမုတ်လိုက်ကြတာ။ အဲ့ဒီအမှတ်တဆိပ်ရဲ့နောက်ကွယ်က အဓိပ္ပာယ်တခုရှိတယ်။ အင်္ဂလိပ်လိုကတော့ Anarchy is the mother of order.ပါ။ လူမှုဘဝရဲ့ရင်းမြစ်ကျတဲ့ ဆန့်ကျင်တော်လှန်မှုအဖြစ်ဆိုလိုဟန်ပါ။ ဘာပဲဖြစ်ဖြစ် Circle A ဟာ တော်လှန်ပုန်ကန်ခြင်းရဲ့အမှတ်လက္ခဏာကို ညွှန်းဆိုပါတယ်။ ဗိသုကာပညာရှင် ဒေါက်တာလွင်အောင်ကတော့ " နောက်ကွယ်တွင်အဓိပ္ပာယ်ရှိတတ်သည့်အမှတ်အသားကို သငေ်္ကတ (သင်ကေတ) ဟု ခေါ်ဆိုသည်” လို့ ဖွင့်ဆိုခဲ့တယ်။
       ဒါဖြင့် ဘုရားရှိခိုးကျောင်းရဲ့ထိပ်က လက်ဝါးကပ်တိုင်ကရော။ ဒါလည်းသငေ်္ကတပဲမဟုတ်လား။ ဘုန်းတော် ကြီးကျောင်း မုခ်ဦးရှိ လှည်းဘီးသဏ္ဍန် အမှတ်အသား။ မီးပွိုင့်ရဲ့စိမ်း၊ နီ၊ဝါ ဟာ အချက်ပြအရောင်။ လူကူးမြင်းကျား။ မြင်မြင်သမျှ ဆက်သွယ်မှုပြ အမှတ်အသားတွေ။ လောကတခုလုံးသငေ်္ကတတွေနဲ့ပြည့်နှက်လို့။

သငေ်္ကတ(သင်ကေတ) အမှတ်အသား၊ လက္ခဏာ ပရိယာယ်အမျိုးမျိုးနဲ့ခေါ်ကြတယ်။ အင်္ဂလိပ်ကတော့ Sign,Symbol လို့ဆိုရဲ့။
      သငေ်္ကတ(သင်ကေတ) ”ဆိုတာကို “တစုံတရာကို ကိုယ်စားပြုသော တစုံတရာကိုရည်ညွှန်းသောအမှတ်အသား” လို့ဖွင့် ဆိုတာလည်း ရှိတယ်။ တစုံတရာဟာ သက်ရှိ၊ သက်မဲ့၊ဒြပ်ရှိ၊ ဒြပ်မဲ့ တခုခုလည်းဖြစ်နိုင်ပါသတဲ့။ သငေ်္ကတ(သင်ကေတ) အ မှတ်အသား၊ လက္ခဏာသွင်ပြင်၊ ဘယ်လိုပဲခေါ်ခေါ် ဒါတွေအားလုံးဟာ သဘာဝအလျောက်လည်းဖြစ်လာနိုင်သလို လူတွေရဲ့သတ်မှတ်ချက်အရလည်း ဖြစ်လာတာရှိတယ်။ လူသတ်မှတ်ချက်ဆိုရာမှာ တဦးသဘောကနေ အများစုသတ်မှတ်ချက်အရလည်းဖြစ်လာနိုင်တယ်။ ယုံကြည်မှု၊ ရိုးရာဓလေ့၊အတွေအယူတွေကြောင့်လည်း သငေ်္ကတ (သင်ကေတ) ဖြစ်လာနိုင်တာပဲမဟုတ်လား။

       သငေ်္ကတ(သင်ကေတ)တွေကို လူတွေကပဲသတ်မှတ်ပြဋ္ဌာန်းပြီး အမျိုးမျိုးသောအချက်ပြဖော်ထုတ်ခဲ့ကြတာ။ သငေ်္ကတ(သင်ကေတ)ဟာ အချက်ပြနိုင်တယ်။ သတင်းပေးနိုင်တယ်။ ဆက်သွယ်နိုင်တယ်။ အပြောအဆို အရေးအသားကအစ ကမ္ဘာလောကမှာ အရင်းအမြစ်ကျလွန်းနေတာကိုတွေ့နိုင်တယ်။ သတ္တဝါတွေဟာ သငေ်္ကတ(သင်ကေတ)တွေနဲ့ပဲ သဘာဝတရားကိုလေ့လာနိုင်သလို တဦးနဲ့တဦး၊ တကောင်နဲ့ တကောင် ဆက်သွယ်လာတတ်ကြတာပါပဲ။ဒါကြောင့်လည်းပညာရှင်တွေဟာ သတ္တဝါတို့ရဲ့သငေ်္ကတ (သင်ကေတ) ပြုမှုကိုလေ့လာလာကြတာပေါ့။
     အဲ့ဒီလို သငေ်္ကတ(သင်ကေတ) ပြုမှုနည်းစနစ်တွေကိုလေ့လာတဲ့ပညာရပ်ကို Semiotics (သငေ်္ကတ -သင်ကေတ- ဗေဒ) လို့ ခေါ်ပါတယ်။ သငေ်္ကတသင်ကေတကေိုလေ့လာကြသူတွေထဲမှာ ဘာသာဗေဒပညာရှင်တွေသာမက ဒဿနပညာရှင်တွေ ပါဝင်ခဲ့တယ်။ Charles Sanders Peirce ပါ့စ်နဲ့ Susanne K.Langer ဆူဆန်ကေလင်ဂါ တို့နာမည်ကြီးတယ်။ သူတို့က တော့ သငေ်္ကတ(သင်ကေတ)ကို ဝါဒတခုအဖြစ် အသွင်လေ့လာတာ။ သငေ်္ကတဝါဒ (Symbolism) ပါ။

     သငေ်္ကတ(သင်ကေတ)အကြောင်းပြောရင်ဘာသာဗေဒပညာရပ်က စိတ်ဝင်စားလေ့လာတဲ့နယ်၊ အနုပညာရပ်အတွက် လေ့လာတဲ့နယ်၊ ဒဿနပညာရပ်အရလေ့လာတဲ့နယ်တွေဟာ မတူကြပါဘူး။ နယ်တွေမတူတာကိုပြောတာ။ နယ်မတူတော့ ရည်ရွယ်ရင်းလည် းကွဲတာပဲပေါ့။ ဒီတော့ သမိုင်းဆိုင်ရာဖြစ်ပေါ်တိုးတက်မှုလည်း ကွဲသွားတတ်တယ်။ မတူဘူးဆိုပေမယ့်လုံးလုံးကြီးတာမဟုတ်ဘူး။ အဓိကကွဲတာက ဆောင်တာပိုင်းလို့ပြောရမယ်ထင်ပါတယ်။ ဆူဆန် လင်ဂါကတော့ “အမှန်စင်စစ် သငေ်္ကတ(သင်ကေတ)ဆိုတာ အရာဝတ္ထုတစုံတရာ၏ကိုယ်စားပြုချက်မဟုတ်ဘဲ အရာဝတ္ထုနဲ့ သက်ဆိုင်တဲ့အသိကိုရရှိရန် ပို့ဆောင်ပေးသောသဘောသာဖြစ်သည်။ ဒါကြောင့် သငေ်္ကတ(သင်ကေတ)ဟာ အရာဝတ္ထုကိုမဆို လိုဘဲ အသိပညာကိုသာဆိုလိုတယ်” လို့ ဆိုခဲ့ပါတယ်။

     ဒီလိုပါ။ ဆူဆန်က Sign နဲ့ Symbol ကိုခွဲပြီးရှင်ခဲ့တာ။ Sign (အမှတ်အသား) အရေးကြီးသလို Symbol (သ ငေ်္ကတ)ဟာလည်း အရေးကြီးတယ်။ အမှတ်အသား (Sign)ဟာ အရာဝတ္ထု အဖြစ် အပျက်အခြေနေတို့ရဲ့တည်ရှိ ခြင်းသဘောဖြစ်တဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကိုဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သဘာဝအမှတ်အသားအပြင် ဖန်တီးမှုအမှတ်အသား (Artificial Sign)လည် းရှိသေးတယ်။ ဥပမာ တံခါးခေါက်သံကြားရင် တံခါးထဖွင့်တာတို့။ ရထားဥသြဆွဲရင် ထွက်/ဆိုက် တခုခုပြတာ။ စသဖြင့်ပေါ့။ ဒါကြောင့် အမှတ်အသားဆိုတာ Object ပေါ့။ တ စုံတရာသောအရာကိုဆိုတာလို့ ဆိုပါတယ်။
    (သငေ်္ကတ-သင်ကေတ)(Symbol )ကတော့ တစုံတရာသောအရာကိုသိအောင်ပို့ဆောင်ပေးတဲ့ အသိပညာ(Concept) သဘောဖြစ်တယ်။ အမှတ်အသားက တစုံတရာသောအပြုအမူဖြစ်အောင် လှုံ့ဆော်ပေးတဲ့သဘောရှိတယ်။ သငေ်္ကတ(သင်ကေတ)က အပြုအမူတစုံတရာဖြစ်အောင် လှုံ့ဆော်ပေးခြင်းသဘောမရှိဘူး။ ဒါကြောင့် သူက သငေ်္ကတ(သင်ကေတ)ဟာ တစုံတရာကို ကိုယ်စားမပြုဘူး၊ အသိပညာသာဖြစ်တယ်လို့ ဆိုလိုဟန်ပါ။ ဒီကနေတဆက်တည်းဆွဲယူလိုက်တာကတော့ အနုပညာလက်ရာတရပ်မှာလည်း သငေ်္ကတ(သင်ကေတ)ဟာ ကိုယ်စားပြုကိုယ်စားပြုခြင်းသဘောမဟုတ်ဘူး လို့ ဆိုလိုက်ပါတယ်။ အရှင်းဆုံးဥပမာပြရရင် ဂီတမှာရှိတဲ့ နုတ်(Note)တွေဟာ အမှတ်အသား (Sign) သဘောဖြစ်တယ်။ သူက တစုံတရာဖြစ်ဖို့လှုံ့ဆော်ပေးတယ်။ အဲ့ဒီလှုံ့ဆော်မှုအတိုင်း တီခတ်လိုက်လို့ထွက်ပေါ်လာတဲ့ဂီတသံဟာ တစုံတရာသောခံစားမှုရောက်အောင် ပို့ဆောင်ပေးတဲ့(Concept)ဖြစ်တယ်။ ပေါ်ထွက်လာတဲ့ တေးသံဟာ ခံစားချက်ပေါ်အောင် ဖော်ထုတ်မှုပုံစံဖြစ်တယ်လို့ သငေ်္ကတ(သင်ကေတ) ဝါဒီတို့(Symbolist) က သာဓကပြုလေ့ရှိပါတယ်။

     သူက အနုပညာလက်ရာဆိုတာ“ခံစားချက်ဖော်ထုတ်မှုပုံစံ” (Expressive Form)သာဖြစ်တယ်။ ဒါကို လူသားရဲ့အသိ(Conscious)၊ ဒါမှမဟုတ် အတွေး(Thinking)မှာ ခံစားရအောင် ဖန်တီးပေးခြင်းသာဖြစ်တယ်လို့ ဆိုတယ်။ “ခံစားမှု”ဆိုတာကိုတော့ ကျယ်ကျယ်ပြန့်ပြန့်လက်ခံရှင်းပြခဲ့တယ်။ သာမန်ခံစားမှု(Feeling)အာရုံနိုးကြွခံစားမှု (Physical sensation) စိတ်လှုပ်ရှားခံစာမှု(Exicitement) အသိဉာဏ်ဆိုင်ရာ ဆန့်ထုတ်အား (Intellectual tension)ဆိုပြီ းခွဲထုတ်ပြခဲ့တယ်။ သူက အနုပညာဟာ လက်ရာရှင်ရဲ့ ခံစားချက်သက်သက်ကိုသာဖော်ပြခြင်းမဟုတ်ဘဲ ခံစားချက်သက်ဝင်ရှင်သန်မှုအစဉ်(Life of feeling)ကိုပါ ဖော်ပြခြင်းပဲ။ အနုပညာဆိုတာ ခံစားချက်ကိုအနုပညာလက်ရာတခုအတွင်းမှာ ပေါင်းစည်းတင်ပြခြင်းဖြစ်တာကြောင့် လူသားတို့ရဲ့ခံစားချက်ဆိုင်ရာ သငေ်္ကတ(သင်ကေတ) ပဲ လို့ ဆိုပါတယ်။

      အချုပ်အားဖြင့်ကြည့်ရင်တော့ သငေ်္ကတကို သုံးမျိုးခွဲပြောရမှာပါ။ ပထမတခုက သငေ်္ကတဗေဒ(Semiotics ) နောက်တမျိုးက အနုပညာလက်ရာတခုအတွင်က သငေ်္ကတပြုမှု (Symbolic) နဲ့ နောက်ဆုံးတခုကတော့ ရသပညာက ပြောတဲ့ သငေ်္ကတဝါဒ(Symbolism)တို့ပါပဲ။ သငေ်္ကတဗေဒကတော့ ဘာသာစကားဆိုင်ရာ လေ့လာမှုတခုမို့ အထူးမပြောချင်ဘူး။ ဒါပေမယ့် သငေ်္ကတ(သင်ကေတ)ဆိုတာ ကိုယ်စားပြုချက်ပဲဆိုတဲ့ သတ်မှတ်ချက်မှာတော့ ဘာသာဗေဒဆရာတို့အပြင် အနုပညာလက်ရာတခုရဲ့ တန်ဆာဆင်အဖွဲ့အစပ်ကိုလေ့လာသူတွေကလည်းသုံးလေ့ရှိတာကိုတွေ့ရတယ်။ သငေ်္ကတဝါဒကတော့ အဆင်တန်ဆာ လင်္ကာထက်ပိုတဲ့အမြင်ရှိပါတယ်။
       စာပေမှာအသုံးပြုတဲ့သငေ်္ကတ(သင်ကေတ) သဘောမှာတော့ အရင်းခံအနက်လည်းရှိတယ်။ တင်စားသောအနက်လည်း ရှိတယ်။ အနက်နှစ်လွှာရှိတယ်လို့ဆိုနိုင်တယ်လို့ မောင်ခင်မင်(ဓနုဖြူ)ကဆိုခဲ့ဖူးတယ်။ သူက အနုပညာလက်ရာအတွင်းက သငေ်္ကတ(သင်ကေတ)ဖွဲ့မှုကိုဆိုလိုဟန်ပါ။ သငေ်္ကတ(သင်ကေတ) ဝါဒဘက် ရောက်ရှိသွားစေတဲ့သငေ်္ကတပြုမှုက တင်စားခြင်းသဘောကိုမယူကြပါဘူး။ သူကတင်စားခြင်းသဘော၊ အလင်္ကာပြုခြင်းသဘောမျိုးမဟုတ်ဘူး။ အညွှန်းခံကို တိုက်ရိုက်ရှုမြင်ခြင်းသဘောပါ။ ဒီမှာ သငေ်္ကတ(သင်ကေတ)ဝါဒကဗျာလို့ မညွှန်းဆိုလိုပေမယ့်ရှိန်ဝါရဲ့ “အလွင့်”ကဗျာထဲက  “အပျောက်”ဆိုတဲ့ကဗျာကို လေ့လာမိပါတယ်။

အပျောက်   
လက်မထပ်ပဲအတူနေသူ ဇွန်းနဲ့ခရင်း
လိင်တူချစ်သူတူတစုံ
အရသာကို ပြဋ္ဌာန်းလျှာကမသိဘူး။     
(ရှိန်ဝါ)  
 
  သူ့ကဗျာစာအုပ်ထဲမှာတော့ ဒါထက်ကောင်းတဲ့ကဗျာတွေအများကြီးပါ။ ကိုယ်ပြောမယ့်အကြောင်းချက်နဲ့ကိုက်ညီမယ့်ကဗျာကို ကောက်နုတ်ပြတဲ့သဘောပါ။ ဒီကဗျာမှာ ကဗျာဆရာဟာ တင်စားဖွဲ့နွဲ့ပြခြင်းသဘောမပါဘူး။ အဆင်တန်ဆာအလင်္ကာသဘောအတွက် ရေးခြင်းသဘောမပါတာကို တွေ့ရတယ်။ စားပွဲပေါ်မှာချထားတာပဲ ဖြစ်ဖြစ်၊ သူမြင်တွေ့နေကျ နေ့စဉ်အသုံးအဆောင်တခုကို တိုက်ရိုက်ကြည့်မြင်၊တိုက်ရိုက်ခံစားပြီး သူခံစားရသလို သငေ်္ကတ (သင်ကေတ)ပြုလိုက်ခြင်းပဲ ဖြစ်ဟန်ရှိပါတယ်။ဒီမှာတခုအလျဉ်းသင့်လို့ပြောချင်တာက စာဆိုရဲ့မြင်တွေ့မှုအပေါ်ခံစားဖော်ထုတ်မှုအကြောင်းပါ။ တူတစုံနဲ့ဇွန်းခရင်းကို လူအတော်များများထိတွေ့အသုံးချခဲ့ကြဖူးပါတယ်။ ဒါပေမယ့် စာ ဆိုမြင်တွေ့ခံစားသလို မကြည့်ရှုနိုင်ခဲ့ကြပါဘူး။သူ့ပတ်ဝန်းကျင်မှာ သူကြုံတွေ့ခံစာရတာလေးနဲ့ပဲ ရိုးရှင်းစွာသငေ်္ကတ (သင်ကေတ) ပြုသွားတာဟာလည်း တန်ဘိုးတခုလို့မြင်ပါတယ်။
      စာဆိုက “တူတစုံ”ကို “လိင်တူချစ်သူ” လို့ တင်စားခြင်းမဟုတ်။ “တူတစုံ” ကို လိင်တူချစ်သူအဖြစ် ကိုယ်စားပြုလိုဟန်မရှိတာကိုတွေ့ရတယ်။ ဒီလိုပဲ “ဇွန်းနဲ့ခရင်း” ဟာလည်း လက်မထပ်ပဲအတူနေသူအဖြစ် ခံစားတဲ့အတိုင်း ရေးလိုက်တာပါပဲ။ အလင်္ကာကျမ်းနဲ့ညှိပြီး ဇွတ်ဆွဲ ပြောရင်တော့ ရူပကတို့ ဥပမာတို့ ဝင်္ကဝုတ္တိတို့ နဲ့ ဘယ်ကင်းပါ့မလဲလေ။ ကျနော်ပြောလိုတာက စာဆိုရဲ့ရှုမြင်ပုံ ခံစားပုံဟာ တိုက်ရိုက်ရှုမြင်ခံစားခြင်းသဘောကိုပြောတာ။ ဆူဆန်ကေလင်ဂါပြောတဲ့ အနုပညာဖော်ထုတ်မှုပုံစံ (Expre- ssive Form)သဘောကိုပြောတာပါ။ သူ့ရဲ့သငေ်္ကတ(သင်ကေတ)ပြုမှု (Symbol)ကို Meaning သဘောနဲ့ ဖွင့်ဆိုလို့မရနိုင်ဘူး။ အနက်အဓိပ္ပာယ်သဘောမဟုတ်ဘူး။
       ဒါဖြင့် စာဆိုက ဘာလို့ တူတစုံကို လိင်တူချစ်သူလို့ရေးပြီး ဇွန်းနဲ့ခရင်းကို လက်မထပ်ပဲအတူနေသူ လို့ သငေ်္ကတပြုရသလဲ။ ဒါကိုနားလည်နိုင်ဖို့က သူကျင်လည်ရာလောက သူကျျင်လည်ရာခေတ်နဲ့ပတ်ဝန်းကျင်ပဲ။ နိုင်ငံရဲ့ဒီမိုကရေစီ လှုပ်ရှားမှုကာလအတွင်းကြီးပျင်းခဲ့ရသူဟာ ဒီမိုကရေစီရဲ့ဖွားဘက်တော်ဖြစ်တဲ့ လူ့အခွင့်အ ရေးဆိုင်ရာ ရပိုင်ခွင့်တွေ၊ လှုပ်ရှားမှုတွေကို နားနဲ့မဆန့်အောင်ကြားသိကြုံတွေ့ခဲ့ရမှာပါ။ အခုတလော CSO တွေပြော နေတဲ့ LGBT ဆိုင်ရာငြင်းခုန်မှုတွေဟာ သူ့ဝန်းကျင်မှာလည်းပြန့်လွင့် နေမှာပါပဲ။ ပြန့်လွင့်နေတဲ့ အဲ့ဒီအသိသညာ (Concept)က စားပွဲပေါ်က တူတစုံကိုတွေ့တဲ့အချိန်ကာလတဒင်္ဂအတွင်းဝင်လာတဲ့ Concious အသိစိတ်က တူတစုံကို လိင်တူချစ်သူအဖြစ် တိုက်ရိုက်ခံစားလိုက်ရချိန်မှာ ဖျတ်ခနဲ စိတ်ကူးကျသွားဟန်ပါပဲ။ တင်စားခြင်းမဟုတ်ပဲ တိုက်ရိုက်သငေ်္ကတ (သင်ကေတ) ပြုလိုက်တဲ့ဟန်ရှိပါတယ်။
      ဒါကိုပိုပေါ်လွင်စေတာက “အရသာကို ပြဋ္ဌာန်းလျှာက မသိဘူး” ဆိုတဲ့ ပါဒပါပဲ။ ကဗျာတပုဒ်လုံးရဲ့ " ဇော”က ဒီမှာကျသွားတာ။သတ္တဝါတကောင်အဖြစ် လောကကြီးထဲရောက်လာပြီဆိုကတည်းက လောကရဲ့ပြဋ္ဌာန်းချက်တွေက အသင့်စောင့်ကြိုနေလေရဲ့။ ပြဋ္ဌာန်းအချက်ကလည် းအမျိုးမျိုးပါပဲ။ သဘာဝဓမ္မ ပြဋ္ဌာန်းချက်၊အစဉ်အလာ ရိုးရာယဉ်ကျေးမှုပြဋ္ဌာန်းချက်၊ဘာသာသာသနာဆိုင်ရာပြဋ္ဌာန်းချက်၊ လူမှုရေးပြဋ္ဌာန်းချက်၊ ကိုယ်ကျင့်တရားဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပြဋ္ဌာန်းချက် စသဖြင့် ပြောစရာတွေအများကြီးပဲ။ တဦးချင်ပုဂ္ဂလိကသဘောအရ ပြဋ္ဌာန်းချက်အသီးသီးကိုငြင်းဆန်နိုင်ပေမယ့် လူ့အဖွဲ့အစည်းအရ စောင့်ထိန်းမှုသည်းကိုတော့ကျော်ဖို့အခက်အခဲတော့ရှိအမှာပါ။

      တခါတခါတော့လည်း လူသားဟာ ပြဋ္ဌာန်းခံအဆင့်ထက် မကျော်လွန်နိုင်တော့ဘူးလား။တဦးချင်းလွတ်လပ်ခွင့်ကို ပြဋ္ဌာန်းချက်ကပဲ အဟန့်အတားဖြစ်နေသလား။ You must choose.Yoy are free. ဆိုပေမယ့် ရွေးချယ်မှုတိုင်းနောက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိစမြဲပေါ့။ တချို့လည်း လူမှုဘဝပြဋ္ဌာန်းချက်တွေကိုကျော်လွန်ဖြတ်သန်းရင်း ငြင်းဆန်ခဲ့တာလည်းရှိရဲ့။ ဒီလိုနဲ့လက်မထပ်ပဲအတူနေခြင်း (Living together)၊ လိင်တူလက် ထပ်ခြင်းတွေ လူ့အဖွဲ့အစည်းထဲဝင်ရောက်လာခဲ့တယ်။ အချိန်တွေကြာလာတော့ LGBT တို့ပေါ်လာပြီး တရားဝင်ဖြစ်ရေးအတွက် လူ့အဖွဲ့အစည်းထံ အရေးဆိုလာကြပြန်တယ်။
      ဆရာရှိန်ဝါကတော့ “အရသာကို ပြဋ္ဌာန်းလျှာက မသိဘူး” လို့ဆိုတယ်။ ပြဋ္ဌာန်းခံလူသားက ပြဋ္ဌာန်းမှုကိုမငြင်းဆန်နိုင်သ၍တော့ တဦးချင်းလွတ်လပ်ခွင့်ကိုမသိနိုင်ဘူးလို့ ဆိုလိုချင်သလား။ ဒါမှမဟုတ် ပြဋ္ဌာန်းခံလူ့အဖွဲ့အ စည်းက လွတ်လပ်ခြင်းအရသာကို မသိဘူးလို့ပြောချင်သလားဆိုတာကတော့ စာဆိုရဲ့အတ္တနောမတိမှာပဲ ကိန်းဝပ်နေမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာသာရေးပြဋ္ဌာန်းချက်အရှိန်အဟုန်ကြီးလွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့ သဘာဝဆန့်ကျင်မှုဆိုတဲ့ စွပ်စွဲချက်ကြိမ်လုံးနဲ့ ရိုက်နှက်ခြင်းဒဏ်ကို လိင်တူချစ်သူတို့ခံကြရအုံးမှာပါ။
      အချို့သောသူတွေမှာတော့ LGBT မဟုတ်တဲ့ ဘာသာရေး၊ လူမှုရေးနဲ့တင်းကြပ်တဲ့ ပြဋ္ဌာန်းချက်တွေကို ငြင်းဆန်ခဲ့ကြတာကြာပါပြီ။ ဒါကြောင့်လည်း သာသာမဲ့တွေ၊ အနာခစ်တွေ ၂၀ ရာစုအလွန်မှာ ပိုများလာခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ရှေ့မှာဖော်ပြခဲ့တဲ့ Circle A ပန့်ရောခ်အုပ်စုတွေဟာ အတွေးခေါ်ရှင်နစ်ရှေး စကားနဲ့ပြောရရင် ဘုရားသခင်ကိုလည်းသတ်ပစ်ခဲ့ကြပြီ။ လူမှုတော်လှန်ရေးတခုကို ဦးဆောင်ခဲ့ကြပြီ။ တကယ်တော့ လူတွေကိုပြဋ္ဌာန်းခံအဖြစ်ရောက်အောင်ပို့ဆောင်ခဲ့မှုတွေဟာ တဦးချင်းလွတ်လပ်ခွင့်အရသာကိုပိတ်ပင်ခြင်းအဖြစ် ဆရာရှိန်ဝါပြောချင်နေသလားမသိတော့။
      အတွေးတို့ပြန်လည် စုစည်းမိချိန်မှာတော့  မင်္ဂလာစင်မြင့်ထက်မှာ “ချစ်ခြင်းမေတ္တာ၏သငေ်္ကတ(သင်ကေတ)၊တရားဝင် ဝန်ခံခြင်းအမှတ်လက္ခဏာ” အစချီ ဘုရားသခင်ရှေ့မှောက်မှာ သစ္စာဆိုပြီး လက်ထပ်လက်စွပ်ကို ခင်ပွန်လောင်း အားဆင်မြန်းပေးဖို့ သတိုးသမီးအလှည့်သို့ပင်ရောက်နေပြီပဲ။ြ ကွရောက်လာကြတဲ့ လူအဖွဲ့ စည်းဝင်များကလည်း သူတို့နှစ်ယောက်ကိုဇနီး မောင်နှံအဖြစ် အသိမှတ်ပြုလိုက်ကြပြီ။ တူတစုံနဲ့ ဇွန်းခရင်းတို့အတွက်ကတော့…….
      မင်္ဂလာပွဲပြီးဆုံးခြင်းအထိန်းအမတ်ဖြစ်တဲ့ “အို…စုံလင်သောချစ်ခြင်း” တေးသွားတို့ဘုရားရှိခိုးကျောင်းဝန်းကျင်မှာ ပြန့်လွင့်သွားခဲ့ပါပြီ။ကျနော်လည်း ဆရာရှိန်ဝါရဲ့ “အပျောက်”ကဗျာနဲ့အတူ “အလွင့်”ကို ခံစားဖို့ ဘုရားကျောင်းထဲက ထွက်လာခဲ့ပါတော့တယ်။

ထွန်းဇော်ဌေး