Breaking News

လင်းရာလွန်းအိမ် - ကျူး

Photo . Eleven Media
ကျူး
လင်းရာလွန်းအိမ်
(မိုးမခ) မေ ၈၊ ၂၀၂၀

ပုံစံအရ
စက်ရုံက သွန်ချလိုက်တဲ့ ခြေလှမ်းတွေ

အမိုးမလုံတဲ့ အိမ်မှာ
အခင်းမစုံတဲ့ ကြမ်းကို နင်းလို့

အသက်ရှူကြပ်နေလည်း
ဘေးချင်းကပ်တိုင်းဟာ ခနော်ခနဲ့

ပြတင်းတံခါးက
ငေးရီနေတဲ့ မျက်လုံးအိုများ
မိုးမထိနိုင်တဲ့ မီးခိုးများ
တိတ်တိတ်ဆိတ်ဆိတ်

ကျောတစ်ခင်းစာတွေ စုလိုက်တော့
သမုဒ္ဒရာ ဝမ်းတစ်ထွာဟာ ပိုကျယ်လာတယ်

ကပ်ရောဂါ ဘယ်အရေးလဲ
ပါတီမဲဆွယ်တာရော ဘယ်အရေးလဲ

ဘူးခွံတွေ မျောနေတဲ့ ရေပြင်ထဲ
ကလေးတွေ ပျော်ရွှင်စွာ ရေကစားကြ
ပြီး...
ပျော်ရွှင်စွာ သယ်ဆောင်သွားကြ

ဒုက္ခသစ္စာကို ဓားသွားပေါ် တင်လျက်ခဲ့တယ်
မြို့ပြမဟုတ်တဲ့
မြို့ပြရဲ့ နေရာတစ်ခု...။