Breaking News

အောင်ဝေး - ကိ န္န ရာ ... ၆ ပေခြား ( ရ )




အောင်ဝေး - ကိ န္န ရာ ... ၆ ပေခြား ( ရ )

(မိုးမခ)  မေ၂၇၊ ၂၀၂၀

လေးကိုင်းက သားရိုင်းဆီ
ပြေးသွားတဲ့ မြား ကို ချစ်သလို။


ရထားထွက်သွားတော့
ဘူတာရုံကလေး သိမ့်သိမ့်တုန် လွမ်းကျန်ရစ်သလို။

ချစ်စိတ်က
မိစ္ဆာအကုန် ပစ်ခွင်းနိုင်တယ်။

လွမ်းစိတ်က
လိပ်ပြာလုံ အပြစ်ကင်းပါတယ်။

ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
လေးညို့တစ်ငင်၊ နေတစ်ဝင် လား။

ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
ရထားတစ်ခုတ်၊ မိုးတစ်ချုပ် လား။

ကမ္ဘာပေါ်မှာ
လူတွေဟာ
"မပျော်တော့ဘူး" ဆိုရင်
ရှင်ကွဲ လား
သေကွဲ လား။

ခွဲခွာခြင်းမိုးမခပင်မှာ
မြားရိုး ကျိုးကျန်။

ဝေးကွာခြင်းရထားလမ်းနဘေးမှာ
ပန်းကလေး လွင့်ကျန်။

"ခုတော့ ယပ်တောင်ပေါ်မှာ
နာမည်စာလုံးတွေတောင် မှိန်ခဲ့ပေါ ့
ရှင် ကံကောင်းတယ်" တဲ့။ *

ကံမကောင်းသူရဲ့
အထီးကျန်မြစ်ကြီးသာ
ခေတ်ကြီးထဲ
ပေါလော။

ကိုရိုနာနားနီး ကိုရိုနာ
ကိုဗစ်နားနီး ကိုဗစ်
စစ်ကြီးထဲ
မျောပါ။

မုန်တိုင်းနောက်က လေညင်းမှာ
ရှင်ခြင်းရဲ့ရနံ့လား
သေခြင်းရဲ့ရနံ့လား။

အခိုက်အတန့်ကလေးဖြစ်ဖြစ်
အိမ်ဘေးက
နှင်းဆီရိုင်းပင်လေးတွေ
ငေးနေချင်ပါသေးတယ်။

လူ့အဖြစ်မှာ
ချစိသမျှ၊ လွမ်းသမျှ
နှလုံးသားတိုင်း ဘေးကင်းကြပါစေ။

ဒီနေ့ခေတ်က
နာဂစ် ပြီးတော့
ကိုဗစ်။

ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

(၅၊ ၂၆၊ ၂၀)

* Khin Zin (ခင်မြဇင်) Facebook Posted May 25, 2020