Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၄



ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၄

(မိုးမခ) မေ ၂၈၊ ၂၀၂၀

ပြီးခဲ့တဲ့ ၂လလောက်အတွင်း ထပ်မံကူးစက်ခြင်းလဲ မရှိ- သေဆုံးခြင်း လဲ မရှိ တဲ့ အာဆီယံ သုံးနိုင်ငံ ဟာ ဘရူးနိုင်း၊ လာအို နဲ့ ကမ္ဘောဒီးယား ပါ။ အဲဒီနိုင်ငံတွေအတွင်းမှာတော့ ကိုဗစ် မျိုးပြတ်သွားပြီ ။ ကိုဗစ် ကို မောင်းထုတ် နိုင်လိုက် ပြီလို့ ပြောလို့ရပါတယ်။ နယ်စပ်ကို ဂရုစိုက်မယ် ။ နိုင်ငံခြား က လူ အဝင် အထွက်ကို ဂရုစိုက် နေမယ်ဆို ပြည်တွင်း မှာ လွတ်လွတ်လပ်လပ် သွားလာ- စီးပွါးရေးတွေ ပုံမှန် လည်ပတ်လို့ ရနေပါပြီ။

ဗီယက်နမ်က ပြီးခဲ့တဲ့ ၈ရက်အတွင်း ပိုးထပ်တွေ့တာ ၆ယောက် ။ အသေအပျောက်မရှိ။
မြန်မာ- ပိုးထပ်တွေ့ ၁၉ ယောက် ။ အသေအပျောက်မရှိ ။
ထိုင်း- ပိုးထပ်တွေ ၁၄ ယောက် ။ အသေအပျောက် ၁။
စင်္ကာပူ- ပိုးထပ်တွေ့ ၄၀၀၀၊ အသေအပျောက် ၁။
မလေးရှား- ပိုးထပ်တွေ့ ၆၆၃၊ အသေအပျောက် ၂။
ဖိလစ်ပိုင်- ပိုးထပ်တွေ့ ၁၉၄၁၊ အသေအပျောက် ၅၅ ။
အင်ဒိုနီးရှား- ပိုးထပ်တွေ့ ၅၁၅၅၊ အသေအပျောက် ၂၂၇ ။

လူဦးရေ များတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် မှာ ပိုးတွေ့သူ သောင်းဂဏန်း ကျော် နေတဲ့ အတွက် ပေါက်ကွဲ ကူးစက်နိုင်ချေဖက် ကို များတာမို့ အာဆီယံ ၁၀ နိုင်ငံထဲ မှာ အထူးဂရုစိုက် ကြပ်မတ်ရမယ့် နိုင်ငံတွေပါ ။ စင်္ကာပူ မှာလဲ စစ်ဆေးနိုင်တာ များလို့ ပိုးတွေ့ များတာလို့ ကောက်ချက်အလွယ် ဆွဲလို့ မရပါဘူး ။ ကူးစက်ခံ လူ ပေါင်း ၃၂၃၄၃ ရှိနေတာမို့ သေနှုန်းလဲ တက်လာ နိုင်။ ဆေးရုံတက်လူနာလဲ များနိုင်။ ထပ်မံ မကူးစက်အောင်လဲ အသွားအလာ အထူး ကြပ်မတ်ထားရဦးမယ့် အခြေအနေမျိုး ပါ။ မြန်မာမှာ တော့ သတိ ဝီရိယကောင်းတဲ့ ကျန်းမာရေး ဌါန - အစိုးရ နဲ့ လူထု ပူးပေါင်း ဆောင်ရွက် နိုင်မှု အားကောင်းခဲ့တာတွေရဲ့ အကျိုးရလာဒ်ကို မြင်တွေ့ နေရပါတယ်။ စောင့်ကြည့် လူနာတွေ ထဲ က ပေါ့စတစ် တချို့ကို ထိန်းချုပ်နိုင်တယ်။ ပြည်တွင်းက လူ အချင်းချင်း ကူးစက်နိုင်မှုကိုလဲ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာပါ ။ နိုင်ငံခြားက ပြန်လာတဲ့ သူတွေကို သတ်မှတ်ရက်အတွင်းမှာ တိတိကျကျ သတိထားစောင့်ကြည့် မယ် ။ သတိနဲ့နေထိုင်သွားလာကြမယ်ဆိုရင် ကိုဗစ် ကိုဆက်လက် ဟန့်တားထားနိုင်မယ်လို့ ယုံကြည်ရပါတယ်။ နယ်စပ်တွေ ကတဆင့် ကူးစက်လာနိုင်မှုမှာတော့ သတိထားရမယ့် အိမ်နီးချင်း ၂နိုင်ငံ ဟာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ဖြစ်ပါမယ်။

အိန္ဒိယ မှာ စုစုပေါင်း ကူးစက် တသိန်းကျော် ( ၁၄၅, ၃၈၀) နဲ့ သေဆုံး ၄၁၆၇ ။ ဘင်္ဂလားဒေ့ရှ်က စုစုပေါင်း စုစုပေါင်း ကူးစက် ၃၅၅၈၅ ။ သေဆုံး ၅၀၁ ဖြစ်လာတဲ့ အတွက် ထိန်းချုပ်ဘို့ ပိုခက်ခဲလာနေပြီး လာမယ့် တလ အတွင်း ၃ ဆ ကနေ ၅ ဆ အထိ ဆပွါး နိုင်ပါတယ်။

တကမ္ဘာလုံး မှာ ပြီးခဲ့တဲ့ ၈ ရက်အတွင်း( မေ ၁၉ မှ မေ ၂၆ ) ထပ်မံ ကူး စက် ၇၈၄,၅၀၂ ။ ထပ်မံ သေဆုံး ၃၁,၅၅၉ ။

အဲ့ဒီ အရင် ၈ ရက်အတွင်း( မေ ၁၁ မှ မေ ၁၈ ) ထပ်မံ ကူးစက် စာရင်း ၇၃၄,၂၀၀။ ထပ်မံ သေဆုံး ၃၆, ၉၆၄။ ဒီ ကာလ ၂ခု ကို နှိုင်းယှဥ်စဥ်းစား ရင် ထပ်မံကူးစက်မှုတွေ ပိုများတယ်။ ထပ်မံသေဆုံး အနည်းငယ် ကျဆင်းတယ်။ ဒါပေမယ့် ထပ်မံ ကူးစက်ခံရတာ ၈ သိန်း နီးပါး မို့ သေဆုံးကြမယ့် စာရင်းက လျော့နည်းသွားဘို့ မရှိပါ။

အခု မေ ၂၆ ရက် ည အထိ စာရင်း အရ တကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၅သန်းကျော် ( ၅, ၅၄၃, ၄၃၉ ) ။ သေဆုံး သူ သုံးသိန်းခွဲ ( ၃၄၇, ၈၃၆) ဖြစ်လာပါတယ်။
အမေရိကား ဟာ အမေရိကား - ပထမ( America First ) လို့ အမြဲ ကြွေးကြော် လာလို့ လား မသိဘူး။ ဖေဖဝါရီ နောက်ဆုံးပတ်အထိ အကူးစက်ခံ နံပါတ် ၁၀ ထဲမှာ စာရင်း မဝင်နိုင်ခဲ့ သေး။ သူ့အရင် ကူးစက်ခံထားရမှု အများဆုံးနိုင်ငံ နေရာတွေ မှာ တရုတ် -တောင်ကိုရီးယား- အီတလီ- ဂျပန်- စင်္ကာပူ- အီရန်- ထိုင်း စတဲ့ နိုင်ငံတွေ အစဥ်အတိုင်း ရှိခဲ့ တာပါ ။ တလလောက် အတွင်း ( မတ်လ ၂၆ ) ကျ တော့ ကမ္ဘာ့ နံပါတ်တစ် နေရာကို ရောက်သွားခဲ့ပြီး အခုထိ ပထမ နေရာက မဆင်းပါ ။

အမေရိကား ပြီးရင် ဒုတိယနဲ့ တတိယ နေရာကို တက်လိုက် လာတဲ့ နိုင်ငံတွေ က ဘရာဇီးနဲ့ ရုရှား ။ ဧပြီလပထမပတ်တုန်းက ၂ နိုင်ငံ လုံး ကူးစက်ခံနေရသူ ၅သောင်း ပတ်ဝန်းကျင် ။ အခု မေလအ ကုန်မှာဘရာဇီး ( ၃၇၇, ၇၁၁) , ရုရှား ( ၃၆၂, ၃၄၂ ) ဖြစ်လာတာကြောင့် ၂လ အတွင်း ၇ ဆ ပွါးခဲ့ တယ်လို့ ပြောလို့ ရပါတယ်။

မေလ ၁ ရက်နေ့တုန်းက ဘရာဇီးလ် ဟာ ကူးစက်မှု အများဆုံး ၁၀ နိုင်ငံ မြောက်။ အခု မေလ မကုန်ခင် နံပါတ် ၂ နေရာကို ရောက်တယ် ။ ရုရှား ဟာ ဧပြီလ ၁၉ ရက်မှာ နံပါတ် ၁၀ ။ မေ ၁၃ မှာ ဒုတိယ နေရာ ရခဲ့ ပါတယ်။ နိုင်ငံတကာ မှာ ကူးစက်နေတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် သောင်းဂဏန်း ကို ရောက်သွား ရင် ထိန်းချုပ်က ခက်တယ်။ သိန်းဂဏန်းကို တလအတွင်း ရောက် နိုင်တာတွေ့ရပါတယ်။

ခု မေလ ၂၆ ရက်နေ့ အချိန်အထိ ကမ္ဘာ့တိုက်ကြီး အသီးသီး ဆီက စာရင်းတွေကို ကြည့်ရင်

မြောက် အမေရိကတိုက် - ကူးစက် ၁,၇၅၂,၆၁၅ ။ သေဆုံး ၁၀၄,၉၄၁
တောင် အမေရိကတိုက် - ( လက်တင်အမေရိက+ ကာရေးဗီးယန်) - ကူးစက် ၇၇၂,၄၆၂။ သေဆုံး ၄၁,၅၇၇
အာဖရိက တိုက် - ကူးစက် သူ ၁၀၀,၉၁၆ ။ သေဆုံး ၂,၇၄၃။
ဥရောပတိုက် - ကူးစက် ၂,၀၁၈,၁၂၂ ။ သေဆုံး ၁၇၄,၇၅၈။
အာရှတိုက် - ကူးစက် ၄၇၁,၅၃၉ ။ သေဆုံး ၁၄,၆၆၇။
အရှေ့ အလယ်ပိုင်း- ကူးစက် ၃၇၆, ၆၄၂ ။ သေဆုံး ၉,၇၄၂။
သြစတေးလျ နဲ့ အနီးအပါးကျွန်းများ- ကူးစက် ၈,၇၄၁ ။ သေဆုံး ၁၂၃

သတင်း ရယူရာ ( Source: Johns Hopkins University, national public health agencies
Figures last updated 26 May 2020, 18:04 BST )

အဲဒီ ကိန်းဂဏန်းတွေကို ကြည့်ရင် အတိုးတက်ဆုံး - ဆက်သွယ်ရေး အလွယ်ကူဆုံး အမေရိကားနဲ့ ဥရောပ ဟာ ကိုဗစ် ပထမထားတဲ့ စ်မှတ်တွေ ။ အင်မတန် ဖွံ့ဖြိုးမှုနောက်ကျတဲ့ အာဖရိကတိုက် ရဲ့ ကူးစက်ခံ နှုန်းထား က အင်မတန် ချမ်းသာတဲ့ အမေရိကားတိုက်က သေဆုံးနှုန်းထား အောက် - နဲနေသေး တာတွေ့ရမယ်။
အာရှတတိုက်လုံးစုစုပေါင်း သေဆုံး ဦးရေက စပိန်- အင်္ဂလန် -အီတလီ -ပြင်သစ် စတဲ့ နိုင်ငံ တနိုင်ငံချင်းစီ က သေနှုန်းထက်အဆမတန် နဲနေသေးတာ တွေ့ရမယ်။

ကိန်းဂဏန်းတွေ မှာ ပြဆိုနေချက်တွေ အရ ဘရာဇီးလ် ရုရှား နောက်မှာ မက္ကဆီကို နဲ့ ပီရူးက ကံဆိုးမိုးမှောင်ကျတော့မယ့် ကာလကို ပြဆို နေပြီး အာရှတိုက်မှာတော့ လူဦးရေ များ ပြား နိုင်ငံ-အိန္ဒိယ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ရဲ့ ကိန်းဂဏန်းတွေဟာ စိုးရိမ်ရတဲ့ အနေအထားကို ပြဆိုနေပါတယ် ။

ကိုဗစ် ဆီက လေ့လာနေရတဲ့ ကိန်းဂဏန်း - အချက်အလက်တွေဟာ တစုံတရာ အမှန်တရားတခုကို ရှာဖွေနိုင်အောင် ပြဆိုနေပြီး အဲဒီ အမှန်တရားတွေ ဟာ ခါးသီးပါ တယ်။ ခါးသီးပေမယ့်လဲ မပစ်ပယ်စကောင်း။ ဒီရာစုနှစ် မှာတော့ လူသား အားလုံး အတွက် ဧရာမ သင်ခန်းစာ တွေပါ ။

ခွန်ဆိုင်း ( ၂၇-၀၅-၂၀၂၀ )