Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၄)

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၄)


ပါရမီတော်ခန်း - အဘိနိဟာရ

(မိုးမခ)  ၂၀၊ ၂၀၂၀

⚜ “ဤမျှကြည်ညို၊ ငါ့ကုသိုလ်ကြောင့်၊ မဂ်ဖိုလ်နိဗ္ဗာန်၊ စိုးပြီးထွန်မှ၊ မကျန်ပြောထူ၊ သုံးပါးလူကို၊ ဆယ်ယူကယ်ရလို၏တည်း” (ရှင်မဟာသီလဝံသ - ဆုတောင်းခန်းပျို့)

ပါရမီ (ပါရမိတာ) ဟူသော စကားသည် ပါရံ = တဖက်ကမ်း နှင့် ဣတ = ရောက်သူဟူသည့် စကားနှစ်ရပ်ကို ပေါင်းထားသဖြင့် “တဖက်ကမ်းခပ် ဆုံးခမ်းတိုင်ရောက်ခြင်း, မြင့်မြတ်ခြင်း” (ပါရမီတိ အဝသာနံ နိဋ္ဌာနံ, ဥတ္တမဘာဝံ ဝါ) အနက်အဓိပ္ပါယ်ရသည်။ ထို့ကြောင့် Perfection ဟု အင်္ဂလိပ်ဘာသာပြန်လေ့ ရှိကြသည်။ တနည်းလည်း ဗောဓိသတ္တ ဘုရားအလောင်းသည် မြင့်မြတ်သော ပုဂ္ဂိုလ် “ပရမ” မည်သည်။ မြင့်မြတ်သူတို့၏ တရား, မြင့်မြတ်သူတို့၏ အဖြစ် (စိတ်ထား), မြင့်မြတ်သူတို့ ပြုသည့် အလုပ်ကို “ပါရမီ” ဟု ခေါ်ကြောင်း အဋ္ဌကထာတို့က ဖွင့်ပြသည် (ပရမဿ ဝါ ဘာဝေါ, ကမ္မံ ဝါ ပါရမီ)။

ပါရမီမြောက်သည့် မြင့်မြတ်သူတို့၏ အလုပ်တွင် အခြေခံနှစ်ရပ် ရှိသည်။ သံသရာဆင်းရဲတွင် တဝဲလည်လည် ဖြစ်နေကြရသည့် သတ္တဝါဝေနေယျတို့အား သနားကြင်နာသည့် ကရုဏာ စိတ်နှလုံး ရှိရသည်။ သို့သော် ကြင်နာသနားနေရုံဖြင့် မပြီး။ မိမိကိုယ်တိုင် ဆုံးခမ်းတိုင် ခရီးရောက်၍ သတ္တဝါတို့အားလည်း ဒုက္ခအပေါင်းမှ ထုတ်ဆောင်နိုင်မည့် လမ်းမှန်ကို ပြသနိုင်သည့် ပညာ အလိမ္မာ ရှိရသည်။ နည်းမှန်ကို ကျွမ်းကျင်လိမ္မာသည့် ပညာကို ဥပါယကောသလ္လ ပညာဟုလည်း ခေါ်သည်။ ထိုကရုဏာ, ပညာနှစ်ပါးကို ရှေ့ဆောင်ကာ တဏှာ, မာန, ဒိဋ္ဌိတို့ မဖျက်ဆီးနိုင်သည့် ဒါန, သီလ စသည့်တရားတို့ကို ပါရမီဟု ခေါ်ခြင်း ဖြစ်သည်။

ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့် ကျင့်တော်မူခဲ့သည်မှာ အလောင်းတော် သုမေဓာ ဘဝမှ အစပြုခဲ့သည်။ တနေ့တွင် သုမေဓာ သူကြွယ်သည် မွေးဖွားခြင်း, အိုမင်းခြင်း, နာမကျန်းဖြစ်ခြင်း, သေဆုံးခြင်း ဟူသည့် မလွန်ဆန်နိုင်သော ဘဝ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ကာ၊ “ဆင်းရဲ ရှိလျှင် ချမ်းသာ ရှိရမည်၊ အပူ ရှိလျှင် အအေး ရှိရမည်၊ ဘဝမှ လွတ်မြောက်ရာ လမ်း ဧကန် ရှိရပေမည်၊ ထိုလမ်းကို ငါရှာအံ့” ဟု အကြံဖြစ်သည်။ ဆုံးခမ်းတိုင်အောင် အမှုကိစ္စတို့ကို ဆောင်ရွက်နိုင်သည့် မြင့်မြတ်သူတို့သည် ဆင်းရဲဒုက္ခကို မြင်နှိုင်စွမ်းရှိကြသည်။ ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာ လမ်းကို ရှာဖွေနိုင်စွမ်းလည်း ရှိကြသည်။ အလောင်းတော်သည် ပိုင်ဆိုင်သည့် စည်းစိမ်တို့ကို စွန့်လွှတ်ပြီး ဟိမဝန္တာသို့ ထွက်ခွာကာ ရသေ့ရဟန်း ပြုသော် ဈာန်အဘိညာဉ်များ ရသည်။

တနေ့တွင် အလောင်းတော်သည် သုမေဓာရသေ့သည် အမရဝတီသို့ ပြန်လည် ကြွရောက်ရှိလာခိုက်၊ လူတို့ အုတ်အော်သောင်းတင်း ရွှင်လန်းတက်ကြွစွာ လမ်းခရီးပြုပြင်နေသည်ကို တွေ့ရသည်။ အကြောင်းကို မေးရာ လောကတွင် ဒီပင်္ကရာ ဗုဒ္ဓမြတ်စွာ ပွင့်ထွန်း ပေါ်ပေါက်နေကြောင်း၊ ဗုဒ္ဓမြတ်စွာ ကြွရောက်လာမည့် လမ်းခရီးကို ပြင်ဆင် နေကြကြောင်းကို သိရလေသည်။ “ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာသည်” ဟူသည့် စကားကြားရသောအခါ အလွန်နှစ်သက် ဝမ်းမြောက်သော ပီတိတို့ဖြင့် ကြည်နူးခြင်း ဖြစ်သည်။ မြင့်မြတ်ခြင်းသည် မိမိ၏ ပတ်ဝန်းကျင်မှ တစ်ဆင့် ကူးလူးဆက်ဆံသော သဘောလည်း ရှိရကား၊ သုမေဓာသည် အများနည်းတူ လမ်းသန့်ရှင်းရေးတွင် ကူညီပါဝင်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာသောအခါတွင် လမ်းသည် ပြင်ဆင်၍ မပြီးတတ်သေး။ ထိုအခါအလောင်းတော်သည် မိမိ၏ ဆံပင်တို့ကို ဖြေ၍၊ သင်္ကန်း, စမ္မခဏ် သားရေပိုင်းတို့ကို ဖြန့်ကျက်၍၊ မိမိ၏ ကိုယ်ကို အလျားမှောက်ကာ တံတားခင်း၍ ပေးသည်။ ဒီပင်္ကရာ မြတ်စွာဘုရားကဲ့သို့ပင် ဘုရားအဖြစ်သို့ ရောက်ကာ လောကအား ကျေးဇူးပြုလိုစိတ် ဖြစ်ပေါ်လာလေသည်။

🎯 “ငါသည် မထင်မရှား အညတရ အဖြစ် တရားထူးကို ရခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ မိမိ၏ အစွမ်းအစကို သိမြင်သော ယောက်ျားမြတ် ဖြစ်ပါလျှက် ငါ တစ်ယောက်တည်း ကူးမြောက်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ငါသည် သဗ္ဗညုတဘုရား အဖြစ်သို့ ရရန်အားထုတ်၍ နတ်လူလောကကို ကယ်တင်ပေအံ့။ ငါသည် သံသရာ ရေအလျဉ်ကို ဖြတ်တောက်၍ ဘဝသုံးပါးတို့ကို ဖျက်ဆီးကာ ဓမ္မလှေယာဉ်ကို စီးလျက် နတ်လူလောကကို ဆောင်ယူပေအံ့။”

ဤသို့ မိမိ တစ်ဦးတည်း လွတ်မြောက်ရာကို မရှာဘဲ၊ သတ္တဝါ အများအားလည်း မိမိနှင့်အတူ လွတ်မြောက်ကြစေရန် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို စိတ်ရည်သန် ဆုတောင်းခြင်း (အဘိနိဟာရ Great Aspiration) သည် ပါရမီ ဖြည့်ကျင့်ခြင်း၏ ရှေ့ပြေးအကြောင်းတရား ဖြစ်လေသည်။

ဤသည်ကို ကြာပန်းရှစ်ခိုင်ဖြင့် မြတ်စွာဘုရားအား ပူဇော်ရန်လာသော အမျိုးသမီးငယ် သုမိတ္တာသည် မြင်၏။ ဤတွင် ကြာပန်းငါးခိုင်အား သုမေဓာရှင်ရသေ့အတွက်, ကျန်သုံးခိုင်အား မိမိအတွက်ထား၍ ဘုရားရှင်အား လှူဒါန်းကာ သုမေဓာရှင်ရသေ့၏ မြင့်မြတ်သော အမှုတွင် ပါရမီဖြည့်ဖက် အဖြစ် ပါဝင်လေသည်။

🍀 “ဤကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် သုမေဓာရသေ့သည် မြတ်စွာဘုရား ဖြစ်လတ္တံ။ ဤသတို့သမီးသည် သင်ရသေ့နှင့် တူမျှသော စိတ်, တူမျှသော ကံ, တူမျှသော အမှုရှိသည် ဖြစ်၍၊ သင့်အား အစဉ် စောင့်ရှောက်လျှက် ပါရမီ ဖြည့်လတ္တံ” ဟု ဒီပင်္ကရာ ဘုရားက ဗျာဒိတ်စကား မိန့်ကြားသည် (ယသောဓရာထေရီ အပါဒါန်)။

မြင့်မြတ်ခြင်းသည် မိမိ၏ ပတ်ဝန်းကျင်မှ တစ်ဆင့် ကူးလူးဆက်ဆံနိုင်သော သဘောရှိသည်။ ဒီပင်္ကရာ မြတ်စွာဘုရား၏ မြင့်မြတ်ခြင်းသည် သုမေဓာ ရှင်ရသေ့၏ စိတ်နှလုံးကို လှုံ့ဆော်ကာ အလွန် နှစ်သက် ဝမ်းမြောက်စွာ အားကျကြည်ညိုသော စိတ်ကို ဖြစ်စေသည်။ ထိုလှုံ့ဆော်မှုမှ တဆင့် ဒီပင်္ကရာ မြတ်စွာဘုရားကဲ့သို့ပင် ဘုရားအဖြစ်သို့ ရောက်ရန်ဟူသည့် ပြင်းပြသည့် ရည်မှန်းချက်ဆန္ဒတို့ ဖြစ်ပေါ်လာသည်။ သုမေဓာ ရှင်ရသေ့ထံမှ မြင့်မြတ်မှုတို့ကလည်း သုမိတ္တာ သတို့သမီးထံ ကူးစက်လာခဲ့ပါသည်။

မြင့်မြတ်မှုသည် အားကျ ကြည်ညိုသည် အဆင့်မှ ရည်မှန်းချက်ဆန္ဒအဖြစ်သို့ ကူးပြောင်းလာနိုင်ရန်မှာ ကြင်နာတတ်သော နှလုံးသားနှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်သော ပညာ ဓာတ်ခံတို့ လိုအပ်ပါသည်။ ကရုဏာပညာတို့ကို အခြေခံကာ မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်းသည် ပါရမီပင် ဖြစ်သည်။ မြင့်မြတ်မှုတို့ ဆုံးခမ်းတိုင် ရင့်ကျင် ခိုင်မာအောင် လုပ်ဆောင်ခြင်းကိုပင် ပါရမီ ဖြည့်ကျင့်ခြင်းဟု ဆိုရပါသည်။