Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၆)

၂၀ ရာစု၏ လူသတ်သမားကြီး ၃ ဦး
(ဟစ်တလာ၊ စတာလင်၊ မော်စီတုန်း)


ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၆)

(မိုးမခ) ဇွန် ၅ ၊ ၂၀၂၃


ပြီးခဲ့တဲ့ ၂၀ ရာစုဟာ နည်းပညာတွေ တဟုန်ထိုး ပေါက်ကွဲတိုးတက်ခဲ့သလို ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်ပွဲကြီး ၂ ခုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘာစစ် ဆိုတဲ့အတိုင်း လူ့အသက်ပေါင်းများစွာ သေကျေခဲ့ရပါတယ်။ ၂၀ ရာစုအတွင်း စစ်ပွဲများကြောင့် သေဆုံးခဲ့ရသူပေါင်း သန်း ၄၀ ကျော်ရှိပါတယ်။ သန်း ၄၀ ဆိုတဲ့ အရေအတွက်ဟာ နိုင်ငံငယ်တစ်ခုရဲ့ လူဦးရေထက်တောင် များတဲ့အရေအတွက်ပါ။ 

မယုံနိုင်စရာ တွေ့ရှိချက်တစ်ခုက ပြီးခဲ့တဲ့ရာစုအတွင်း တိုင်းပြည်တွေမှာ အုပ်စိုးသူ အစိုးရ၊ အာဏာပိုင်၊ အာဏာရှင်တွေကြောင့် သေဆုံးရတဲ့အရေအတွက်က သန်း ၂၀၀ နီးပါး ရှိတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ပြည်သူကို၊ ကိုယ်အုပ်စိုးထားတဲ့နယ်မြေအတွင်းက ပြည်သူတွေကို သတ်ပစ်လိုက်တာက စစ်ပွဲတွေအတွင်း သေဆုံးရသူအရေအတွက်ရဲ့ ၅ ဆလောက်ရှိတယ်ဆိုတော့ မယုံနိုင်စရာတောင်ဖြစ်ရပါတယ်။ အဲဒီလိုအုပ်စိုးသူတွေအနက် အဆိုးဆုံးတွေက ဆိုဗီယက်ယူနီယံ၊ တရုတ်၊ ဂျာမနီ၊ တူရကီ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ယူဂိုဆလားဗီးယား၊ မက္ကဆီကို၊ ရဝမ်ဒါ တို့ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်က အောင်မြင်တဲ့တော်လှန်ရေး၊ မအောင်မြင်သေးတဲ့တော်လှန်ရေးများဟာ အဲဒီလို ဆိုးရွားတဲ့ အာဏာရှင်တွေကြောင့် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်၊ တိုင်းပြည်ကို ကာကွယ်ရမယ့် စစ်တပ်က လူထုအတွက်အကျိုးမရှိဘူး၊ မလိုတော့ဘူးဆိုရင်လည်း တော်လှန်ရေး ဆင်နွှဲရမယ့်အချိန် ရောက်ရတာပါပဲ။ အမေရိကန်တော်လှန်ရေးက အဲဒီသဘောပါပဲ။ 

အမေရိကန်ပြည်ထောင်စုအဖြစ် စတင်မွေးဖွားမယ့် ကိုလိုနီနယ် ၁၃ ခုဟာ ဗြိတိသျှရဲ့ လက်အောက်မှာရှိခဲ့ပြီး ၁၇ ရာစုအတွင်း အင်္ဂလိပ်ဘုရင်ရဲ့ကိုလိုနီနယ်များအဖြစ် ဖြည်းဖြည်းချင်း သတ်မှတ်ခံခဲ့ရတဲ့ နယ်ပယ်တွေဖြစ်ပါတယ်။ အခြေအနေဆိုတာက အချိန်အခါပေါ်မှာလိုက်ပြီး များစွာပြောင်းလဲနိုင်ပါတယ်။ အမေရိကန်တော်လှန်ရေး ပေါ်ပေါက်တဲ့အချိန်မှာ ကိုလိုနီနယ်မြေတွင်းနေထိုင်သူများက အစောပိုင်း အင်္ဂလိပ်အခြေချသူများရဲ့ တတိယမျိုးဆက်လောက်ကို ရောက်နေပါပြီ။ နောက်ထပ်အခြေချသူများကလည်း နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စကော့တလန် စသဖြင့် အခြားသောတိုင်းပြည်များကဖြစ်တာကြောင့် အများစုဟာ သူတို့ကိုအုပ်ချုပ်နေတဲ့ ဗြိတိန်နိုင်ငံကို မရောက်ဖူးကြသူတွေ ဖြစ်ပါတယ်။ 

ကိုလိုနီများနဲ့ ဆက်စပ်နေတဲ့ကုန်းမြေများကို ပိုင်ဆိုင်တာက ပြင်သစ်ပါ။ ဒါကြောင့် ကိုလိုနီအစိုးရက ပြင်သစ်နဲ့ ဌာနေအင်ဒီးယန်းများရန်က ကာကွယ်ဖို့ စစ်တပ်ကို ဗြိတိန်ကနေ ပေးပို့ပါတယ်။ ကိုလိုနီနယ်အားလုံးက အစစအရာရာ ဗြိတိန်ကို မှီခိုနေကြရပါတယ်။ ဒါကြောင့်အရှေ့ဘက် အတ္တလန္တိတ်ကမ်းခြေက ဆိပ်ကမ်းများဟာ သင်္ဘောအဝင်အထွက်တွေနဲ့ အလုပ်များခဲ့ပြီး အဲဒီသင်္ဘောတွေက ကိုလိုနီနယ်မြေအတွက် ကုန်ပစ္စည်းတွေ၊ ပြင်ပကမ္ဘာက သတင်းတွေကို သယ်ဆောင်ခဲ့ကြပါတယ်။ 

အပြန်အလှန်အားဖြင့် ကိုလိုနီနယ်မြေများဟာ ဗြိတိသျှကုမ္ပဏီများနဲ့သာ ကုန်သွယ်ရပါတယ်။ ကုန်ပစ္စည်းတွေပေါ်က ကောက်ခံတဲ့အခွန်ငွေတွေလည်း ပေးရပါတယ်။ ဒါကြောင့် အင်္ဂလိပ်တွေဟာ ကိုလိုနီနယ်မြေက အကျိုးစီးပွားရရှိနေပါတယ်။ တော်လှန်ရေးစတင်ခါနီးအချိန်မှာတော့ ကိုလိုနီနယ်သားတွေရဲ့ အယူအဆက ပြောင်းလာပါတယ်။ သူတို့ကို အကာအကွယ်ပေးဖို့ အင်္ဂလိပ်စစ်သားတွေ မလိုအပ်ဘူးလို့ ယူဆလာကြတယ်၊ သီးနှံမျိုးစုံကို စိုက်ပျိုးလာနိုင်သလို ကုန်ပစ္စည်းတော်တော်များများ ထုတ်လုပ်လာနိုင်ပြီး ဗြိတိန်မဟုတ်တဲ့ တခြားတိုင်းပြည်တွေနဲ့ ကုန်သွယ်ချင်လာတယ်၊ သူတို့ပါဝင်ရေးဆွဲထားတာမဟုတ်တဲ့ အခွန်ဥပဒေကြောင့် ဗြိတိန်ကို အခွန်ပေးဆောင်ပေးဆောင်နေရတာကိုလည်း မပေးချင်ကြတော့ပါဘူး။ အထူးသဖြင့် မိုင်ပေါင်း ၃၀၀၀ ကနေ လှမ်းပြီးအုပ်ချုပ်နေတာကို အလိုမရှိတော့ပါဘူး။ 

ကိုလိုနီနယ်သားတွေက သူတို့ရဲ့မနှစ်သက်မှုကို နည်းမျိုးစုံနဲ့ ပြသကြပါတယ်။ တချို့ဥပဒေတွေကို ဆန့်ကျင်လာကြသလို တချို့သောအခွန်တွေကို ပေးဆောင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒီအခါ ဂျော့ဂျ်ဘုရင်က ဥပဒေမလိုက်နာသူတွေကို သင်ခန်းစာပေးဖို့ ပြင်ပါတော့တယ်။ သူက အင်္ဂလိပ်စစ်သားများစွာကို သင်္ဘောတွေနဲ့ပို့လိုက်ပြီး ဥပဒေစိုးမိုးဖို့ကြိုးစားပါတော့တယ်။ ဒီမှာတင် ဒေါသထွက်နေတဲ့ ကိုလိုနီနယ်သားတွေနဲ့ အင်္ဂလိပ်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေစတင်ပေါ်ပေါက်ခဲ့ပါတယ်။ 

တော်လှန်ရေးကို ဦးဆောင်သူများဟာ ဆင်းရဲခြင်း ချမ်းသာခြင်းနဲ့မဆိုင်ဘဲ အမြော်အမြင် အသိဉာဏ်ရှိမရှိနဲ့သာ ဆိုင်ပါတယ်။ အမေရိကန်တော်လှန်ရေးကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဂျော့ဂျ်ဝါရှင်တန်ဟာ တော်လှန်ရေးနဲ့ခပ်ကင်းကင်းနေလို့ရတဲ့ ပြည့်စုံကြွယ်ဝသူဖြစ်ပါတယ်။ ဧက တစ်သောင်းခွဲကျော်ကျယ်ဝန်းတဲ့ ခြံကျယ်ထဲက အိမ်ကြီးမှာနေထိုင်ရင်း ခြံနီးချင်းတွေနဲ့ ပါတီပွဲတွေလုပ်ပြီး ပြည့်ပြည့်စုံစုံ သာသာယာယာရှိတဲ့ဘဝကနေ တော်လှန်ရေးထဲခြေစုံပစ် ဝင်ရောက်လာသူဖြစ်ပါတယ်။ သူတို့လိုခေါင်းဆောင်ကောင်းတွေကြောင့် အမေရိကန်တော်လှန်ရေးက အချိန်တိုအတွင်းအောင်မြင်ခဲ့တာပါ။ 

လက်နက်အားကိုးနဲ့အုပ်ချုပ်သူတွေဟာ လူတွေကို ဖိနှိပ်ရက်စက်ပြပြီး အကြောက်တရားကြီးထွားအောင်လုပ်လိုက်ရုံနဲ့ တော်လှန်ရေးတွေကို အဆုံးသတ်နိုင်မယ်လို့ ယူဆကြပါတယ်။ အမေရိကန်တော်လှန်ရေးအတွင်းမှာလည်း တော်လှန်သူတွေကြောက်ရွံ့အောင်၊ တော်လှန်ရေးစိတ်ဓာတ်တွေ ကျဆင်းသွားအောင် အမေရိကန်သူရဲကောင်းများကို နှိပ်ကွပ်ခဲ့ပါတယ်။ သူရဲကောင်းများစွာထဲက ထင်ရှားသူတစ်ဦးကတော့ နေသန်ဟေးလ် ဖြစ်ပါတယ်။ 

နေသန်ဟေးလ် (Nathan Hale)













နေသန်ဟေးလ် (Nathan Hale) က အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ယေးလ်တက္ကသိုလ်ကျောင်းဆင်း နေသန်ဟေးလ်က အန္တရာယ်ကြီးမှန်းသိလျက်နဲ့ ဗြိတိသျှတို့ရဲ့အတွင်းသတင်းကိုရဖို့ ထောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ ဗြိတိသျှတို့က သူ့ကို ဖမ်းမိသွားပြီး သေဒဏ်ပေးလိုက်ပါတယ်။ ထောက်လှမ်းရေးလုပ်ခဲ့တဲ့ သူ့ကို မိသားစုဆီ စာတစ်တစ်ကြောင်းရေးခွင့်တောင် မပေးပါဘူး။ ဒါပေမဲ့ သူ့ကို ကြိုးပေးဖို့ ကြိုးကွင်းစွပ်သူက သူ့အနားကပ်လာတဲ့အချိန်မှာ သူက အခုလို ပြောလိုက်ပါတယ်။ 

"တိုင်းပြည်အတွက် အသက်တစ်ချောင်းပဲ ပေးလိုက်နိုင်တာ ကျွန်ုပ်အဖို့ စိတ်အထိခိုက်ဆုံးပဲ" တဲ့။ 

နေသန်ဟေးလ်ကို ကြိုးပေးခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော် ၁၇၇၆ ခုနှစ် စက်တင်ဘာလ၂၂ ရက်နေ့ကပါ။ ဒါပေမဲ့ သူ့ရဲ့ ရဲဝံ့မှု၊ ပေးဆပ်မှုတွေကြောင့် သူ့နာမည်နဲ့ သူ့စကားက ဒီနေ့အထိကျန်ရစ်နေတာပါ။ 

မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာလည်း ထင်ရှားတဲ့ သူရဲကောင်းတွေ၊ အညတြသူရဲကောင်းတွေ များစွာရှိနေပါတယ်။ ဒီသူရဲကောင်းတွေရဲ့ အမည်နဲ့ အကြောင်းအရာတွေကို သမိုင်းစာမျက်နှာမှာ ကမ္ပည်းထိုးမှတ်တမ်းတင်ဖို့ တော်လှန်ရေး အောင်မြင်အောင် ကြိုးစားရပါလိမ့်မယ်။ နေရာဒေသ ကွဲပြားမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ ဘယ်လိုပဲရှိရှိ အားလုံး တစိတ်တဝမ်းတည်း လက်တွဲ ချီတက်ကြရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ လွတ်လပ်မျှတတဲ့စနစ်ဆီ အားလုံး အတူလျှောက်ကြမှာမို့ အားလုံး အပြန်အလှန် ဖေးကူရင်း ဆက်ကြရအောင်ပါ။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar