ခင်မြဇင် - လူကလေးရေ (၂)
ပန်းချီကားအမည်- စက်တင်ဘာ ၂၇ (ပန်းချီ အုန်းခိုင်ဇင်)
လူကလေးရေ (၂)
ခင်မြဇင်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၀
လူကလေးရေ
မေမေမရှိတော့တဲ့ခါ
သည်တဝက်တပျက်
ကဗျာမပီ စာမညီလေးကိုသတိရပါ
သည်မြို့ကို လူကလေးမေ့လို့မဖြစ်ဘူး
သားဇာတိမြို့မို့ပါ
မေမေ့အတွက်တော့
လောကဓံဆိုတာ ဘာလဲသင်ကြားပေးတဲ့မြို့
မေမေငယ်တုန်းက
ချစ်သူပခုံးမှာခေါင်းမှီလို့
ရန်ကုန်မြစ်ရဲ့
နေဝင်ဆည်းဆာကိုကြည့်ခဲ့တဲ့မြို့
ဒေါပုံဖက်ကစိမ်းလန်းတဲ့
လယ်ကွင်းတွေကိုငေးရင်း
ဟောသည်လိုအေးချမ်းတဲ့
နေရာလေးမှာ နေချင်လိုက်တာအကိုရယ်တဲ့
ချွဲနွဲ့ခဲ့ဖူးတဲ့မြို့
အစိမ်းပုတ်ရောင်ကားတွေပေါ်မှာ
လက်နက်ကိုယ်စီကိုင်ထားတဲ့စစ်သားတွေလှည့်လည်နေတဲ့မြို့
အဲသည်တုန်းကလူလေးဟာ
တကယ့်သေးသေးလေးပေါ့
သားဖေဖေကချီလို့
မိုးရေစက်တွေတစိမ့်စိမ့်ကျနေတဲ့ပင်လယ်ကဗွီးပင်ရယ်
မြက်ရိုင်းတွေရှည်လျားနေတဲ့
မှုန်မှိုင်းမှိုင်း ပန်းခြံကလေးထဲမှာ
လမ်းပေါ်ကဖြတ်သွားတဲ့
စစ်ကားတွေကိုကြည့်ရင်း
ဥရောပရုပ်ရှင်ထဲကအတိုင်းပဲကွာလို့ သားဖေဖေကပြောလိုက်တယ်
ညဖက်ကျအသံချဲ့စက်နဲ့
ညမထွက်ရ အမိန့်အော်တယ်
ညတွေကချောက်ချားစရာပဲ
ဧည့်စာရင်းကို
အိပ်နေသူခြင်ထောင်တွေထဲထိ
သေနတ်တကားကားနဲ့
စစ်ခဲ့ကြတယ်
စာရွက်တိုတစကလည်း
သူပုန် တဲ့
နိုင်ငံရဲ့အနာဂတ်ဟာ
နံရံလေးဖက်ကြား
ရောက်ခဲ့တဲ့အချိန်တွေ
တီဗွီထဲက ပါပီမဇာတ်ကားကအသံ ငါ နားမထောင်ခဲ့ဘူး
ကြည့်လည်းမကြည့်
ရင်လည်းနာ
မုန်းလည်းမုန်းလွန်းလို့ ငါနှလုံးသားတွေတောင်
ပျက်သုဉ်းမလောက်ထင်မိ
လူကလေးဟာ
ဘယ်လိုကလေးမျိုးဖြစ်လာခဲ့မလဲ
စိတ်တွေပူခဲ့ရ
နောက်တော့
တအိမ်တယောက်လုပ်အားပေး အမှိုက်ရှင်း လမ်းပြင်
တနင်္ဂနွေနေ့တွေမှာ သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားတို့အိမ်အတွက်ပါ
နှစ်အိမ်တယောက် ရှောင်မလွှဲသာတဲ့လုပ်အားပေးနေ့တွေ
ပေါက်ပြားတလက်နဲ့မြေညှိရင်း သားဖေဖေကို
အစာအိမ်သွေးယိုစေခဲ့တယ်
နောက်တော့
ထွက်ခဲ့ကြ ထွက်ခဲ့ကြ တအိမ်တယောက်ထွက်ခဲ့ကြ
လုပ်အားပေးလိုက်ဖို့အော်နေတဲ့ဆယ်အိမ်မှုးရဲ့
မာရေကျောရေအသံဟာ
သားဖိုးဖိုးရဲ့လက်ဖက်ရည်ဖိုးအောက်မှာ အရည်ပျော်သွားခဲ့တယ်
အဲဒီကာလတွေကို အမေ မမေ့ခဲ့ဘူး
လူကလေး
မေမေ့ရဲ့အဝိဇ္ဇာမြို့ကလေးထဲမှာ
အဲဒီလူလည်းပါတယ်
ကြက်ဆူပင်တွေစိုက်ဖို့ပိုက်ဆံကောက်တဲ့အခါ
သူဟာပါတီလူကြီးဖြစ်လာခဲ့တော့တယ်
လွမ်းစရာကောင်းတာက
အလုပ်မယ်မယ်ရရမရှိတဲ့သူဟာ
ပိုက်ဆံပြတ်ရင် ဖိုးဖိုးဆီလာတတ်တယ်
မေမေ့ဆီလက်ဖြန့်တယ်
သူ့သမီးလေးဆယ်တန်းမှာ
မေမေ အခမဲ့စာသင်ပေးတော့
မေမေ့ကိုအလေးထားလာတယ်
သနားစရာလူတယောက်ပါ
ဟိတ်နဲ့ဟန်နဲ့ဝံ့ကြွားဖို့ကြိုးစားခဲ့ပေမယ့်
ချေးငွေကိစ္စမှာ သူဟာကျဆုံးသွားခဲ့တယ်
သူ့ကိုမေမေတို့မတွေ့ရတော့ဘူး
လမ်းဘေးကြက်ဆူပင်လေးတွေလည်းသေကုန်တယ်
မေမေတို့တော့ သည်မြို့မှာနေကြတုန်းပါပဲ
လောကဓံတရားကလည်း
မေမေ့ပခုံးထက်တလွှားလွှားခုန်တုန်းပါပဲ
ခေတ်တခေတ်ကိုဖြတ်သန်းရင်း
လူလေးဖေဖေလည်း
ကိုယ့်အသက်ကိုယ်မွေးလို့
မိတ်ဆွေတွေကိုသတိပေးရင်း
သေဆုံးသွားခဲ့တယ်
အဲဒီအကြောင်းတွေမပြောချင်တော့ဘူး
သူ့ဆန့်ကျင်ခဲ့တဲ့အရာတွေထဲမှာ
အဲသည်တခေတ် ခေတ်ထလာတဲ့ဘီယာဆိုင်တွေ
မပါခဲ့တာပဲ
မေမေနှမျောတယ်
သားကျောထက်မှာ
ကျောပိုးအိတ်လွယ်
အဲသည်ပေါ်မှာ
ပန်းချီရေးနိုင် web gage လုပ်နိုင်ကြောင်း စာရွက်လေးကပ်လို့အလုပ်လက်မဲ့သားလေး
မြို့ကိုပတ်တယ်
ခွေးချစ်တတ်တဲ့သားလေးယူလာတဲ့ခွေးပေါက်လေးတွေကိုနို့တိုက်မွေးကြတယ်
သည်မြို့က သားကိုမသိသေးဘူး
သားနောက်မှာ
ခွေးလေးတွေက
အမြီးတရမ်းရမ်းနဲ့
မေမေက ပုံပြောကောင်းသူမဟုတ်
လူကလေးနဲ့အမေပြပွဲတချို့မှာပါခဲ့ကြတယ်
ခေတ်တခေတ်ရဲ့လှိုင်းတွေကြားမှာ
လူကလေးမြုှပ်သွားမလား
စိတ်ပူခဲ့ရတယ်
မေမေ မုန်းတဲ့အရာတွေ
လူလေးမမီလိုက်ပေမယ့်
သည်မြို့ကလမ်းတွေပေါ်က
ရွှေဝါရောင်အရေးဟာ
လူကလေးကိုသင်ကြားပေးလိုက်တယ်
လူကလေးနဲ့မေမေဟာ
သားအမိလည်းဖြစ် ရဲဘော်ရဲဖက်လည်းဖြစ်လာခဲ့တဲ့နေ့ရက်တွေ
အင်တာနက်ဆိုင်ကလူလေး
ပြန်မလာမချင်း
အမေရင်တွေ တုန်လို့
အဲသည်တုန်းက
ဆိုင်ကယ်တွေဟာရှားရှားပါးပါး
ညနက်ချိန်လမ်းထဲဝင်လာတဲ့
ဆိုင်ကယ်သံကြားတိုင်း
မေမေ ဘုရားစာရွတ်မိတယ်
နောက်တော့
တယောက်ကိုတယောက်
တကောင်ကိုတကောင်
အမဲလိုက်တတ်တဲ့ တောသဘာဝ
မြို့ပြမှာလည်း သားကောင်ရှာတတ်တဲ့တရားက
လူကလေးကို
ပန်းချီဆရာလြေး ဖစ်လာစေခဲ့တယ်
တခုရှိတာက လူကလေး သည်ကားတွေရေးချိန်မှာဆင်ဆာမရှိပေလို့သာ
နို့မို ့အရင်ကဆို
serfer not found လိုကားမျိုးလည်း
လူကလေးမှာ love story နံမည်ပေးခဲ့ရတာ
သည်လိုနဲ့သည်မြို့ဟာ လူကလေးကိုသတိထားမိစ
ကိုဗစ်ဟာမေမေတို့ကို ပိတ်မိစေခဲ့တယ်
ဒါဟာလည်း
လောကဓံ ကို လူကလေးသိဖို့သင်ကြားပေးလေသလား
မေမေ ပြောချင်တာမဆုံးသေးပါဘူး
ဒါပေမယ့်လူကလေးရယ်
....
....