Breaking News

နိုင် ဝင်း သီ - ကျာပွတ်တစ်ချောင်းရဲ့ ဇာတ်လမ်းအကျဉ်း

ကျာပွတ်တစ်ချောင်းရဲ့ ဇာတ်လမ်းအကျဉ်း
နိုင် ဝင်း သီ
(မိုးမခ) မေ ၅၊ ၂၀၂၀
 
                     ( တစ် )

         " လူတစ်ယောက်ဟာ လောကကြီးမှာ အဆင်ပြေပြေ နေနိုင်ဖို့အတွက် ကျာပွတ်ကောင်းကောင်းတစ်ချောင်းတော့ လိုအပ်တယ်ကွ။ ဒါ့ကြောင့်မို့ ငါသွားလေရာအရပ်မှာ ကျာပွတ်တစ်ချောင်းကို ကိုယ်နဲ့မကွာ အမြဲ ဆောင်ထားတာ "
          နေမှုဘဝတစ်လျှောက်လုံး တစ်ကြိမ်တစ်ခါမှ မကြားဘူးသော ထူးထူးဆန်းဆန်းစကားပင်ဖြစ်သည်။
          ထိုနေ့က ကြာပွတ်ဆရာသည် သူ့လက်ထဲမှာ စနစ်တကျခွေထားသော ကျာပွတ်တစ်ချောင်းကို ဖြန့်၍ ဝှိခနဲ ဝှစ်ခနဲ မြည်အောင် ဝှေ့ယမ်းပြသလိုက်ရင်း ထိုစကားကို ပြောခဲ့ခြင်းဖြစ်သည်။
          သူ၏ လက်ဆနှင့် ကျွမ်းကျင်သပ်ရပ်မှုကြောင့် ဖြစ်လိမ့်မည်။ သူ့လက်ထဲမှ ကျာပွတ်ကလေးသည် ကျွန်တော်တို့၏မျက်စိရှေ့မှာတင် ဝိုင်းစက်သွားလိုက်၊ လှိုင်းထသွားလိုက်၊ ရုန်းထလာလိုက်နှင့် ပုံသဏ္ဌာန်တွေတစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေလေသည်။
         ကျွန်တော်သတိပြုမိသလောက်တော့ သူသည် ကျာပွတ်နက်ကလေးတစ်ချောင်းကို အမြဲဆောင်ထားတတ်သူဖြစ်သည်။မည်သည့်အချိန်ကြည့်လိုက် ကြည့်လိုက် သူ၏ခန္ဓာကိုယ်တစ်နေရာရာမှာ ကျာပွတ်နက်ကလေးတစ်ချောင်းကို အမြဲလိုလို မြင်တွေ့ခဲ့ရသည်။
          နှစ်ပေါင်းများစွာ ထိုကျာပွတ်ကလေးနှင့် အတူနေခဲ့လို့ဖြစ်လိမ့်မည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုဖြစ်နေသော ထိုကျာပွတ်ကလေးသည် သူ၏လက်ထဲသို့ရောက်သွားလျှင် အလွန်လိမ္မာသောမြွေဟောက်တစ်ကောင်လို နူးညံ့ပျော့ပျောင်းနေတတ်ပါသည်။
       ထိုကျာပွတ်ကလေးနှင့် လူတစ်ယောက်၏ ခေါင်းပေါ်မှာတင်ထားသော ပန်းသီးကို ရွှပ်ခနဲနေအောင် သူရိုက်ချနိုင်သလို မီးထွန်းပြီးစိုက်ထူထားသောဖယောင်းတိုင်မီးညွန့်များကိုလည်း ဟုပ်ခနဲဟုပ်ခနဲနှင့် အမှားအယွင်းမရှိအောင် ငြှိမ်းသတ်နိုင်သူ ဖြစ်လေသည်။
      သူ ကျာပွတ်နှင့် ဆော့ကစားလေတိုင်း သူ့ကျာပွတ်၏ အရုန်းအဆန့်နှင့် အရွေ့အလျားကို အဆောင်က လူတွေအကုန်လုံးမျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်ငေးနေရတတ်သည်။
          တခါတစ်ရံ ကွေးလိမ်လှိုင်းထသွားသောသူ့ကျာပွတ်ကလေးကိုကြည့်ပြီး အသက်ရှူဖို့ပင် ကျွန်တော်တို့ မေ့‌လျော့နေလေသည်။
     ကျာပွတ်ဆရာနှင့် အခန်းချင်းကပ်လျက်ဖြစ်သော ဇာတ်ညွှန်းရေးဆရာကတော့ သူ့ကို ပြောခဲ့ဖူးသည်။
       "ဒီလူက ကျာပွတ်မှော် အောင်ထားတဲ့လူဗျ။ ဒီလောက်ဆန်းကြယ်လှပတဲ့ ကျာပွတ်မှော်ကို ပေါက်မြောက်အောင်မြင်ထားရက်နဲ့ ဘာဖြစ်လို့များ ဒီလိုအဆောင်လေးမှာ ဇာတ်လာမြုပ်နေရလဲ မသိဘူး "
        ကျာပွတ်ဆရာဆိုက်ကပ်ခဲ့သော ပထမဆိပ်ကမ်းများကို ဇာတ်ညွှန်းရေးဆရာမသိသေးသောကြောင့်သာ ထိုကောက်ချက်မျိုးကို လွယ်လွယ်နှင့် ပေးခဲ့ခြင်းဖြစ်သည်။
          ကနဦးတုန်းက ကျာပွတ်ဆရာသည် နာမည်အသင့်အတင့်ရှိသော ဆပ်ကပ်တစ်ခုတွင် ကျားထိန်းဝင်လုပ်ခဲ့ဖူးပါသည်။
          ထိုဆပ်ကပ်အဖွဲ့မှာ ကျားထိန်းဝင်လုပ်ရင်းနှင့်  တစ်ကိုယ်တော်ကျာပွတ်စွမ်းရည်ပြသနိုင်မည့် ညသစ်များကို မျှော်လင့်ချက်ကြီးမားစွာဖြင့် သူ မျှော်စောင့်ခဲ့ဖူးသည်။
          သို့သော်လည်း တစ်ညပြီးတစ်ည၊ တစ်ရာသီပြီးတစ်ရာသီသာ လွန်မြောက်လာခဲ့သည်။ သူ မွတ်သိပ်တပ်မက်နေသော ညသစ်များအစား အပြောင်းအလဲမရှိဘဲ တစ်သမတ်တည်း ရွေ့လျားနေသော ညခင်းများကိုသာ ဖြတ်သန်းနေရသောအခါ သူ့ကိုယ်သူ စိတ်ပျက်လာလေသည်။
          စိတ်လှုပ်ရှားစရာကောင်းသော ဆမ်ဘာဗုံသံများနှင့် ရောင်စုံမီးပွင့်တွေ တဖျပ်ဖျပ် ပြေးလွှားနေသောညခင်းများမှာ သူများတွေအတွက်တော့ မပြောတတ်။ သူ့အတွက်တော့အတော့်ကို ပျင်းရိငြီးငွေ့စရာကောင်းသော ညခင်းများဖြစ်လာခဲ့သည်။
      နွေရာသီ၏ နေ့လယ်ခင်းတစ်ခုမှာတော့ သူ၏ ကျာပွတ်စွမ်းရည်ကို ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုကို မမျှော်လင့်ဘဲနှင့် သူ ရရှိခဲ့ပါသည်။
          လူသူအလစ်မှာ ကျွမ်းဘားမယ်လေးတစ်ဦးအား ဗလက္ကာရလုပ်ရန် ကြိုးစားနေသော ဆပ်ကပ်သူဌေးနှင့် ထိပ်တိုက်ရင်ဆိုင်တိုးခဲ့ရသော ဖြစ်စဉ်ပင်ဖြစ်သည်။
          ထိုနေ့က သပ်ရပ်လှပသော သူ၏ရိုက်ချက်များကြောင့် ဆပ်ကပ်ပိုင်ရှင်သူဌေး၏ ကျောပြင်တစ်ခုလုံး ပေါက်ပြဲစုတ်ပြတ်သွားသလို အပြောင်းအလဲမရှိဘဲ ရွေ့လျားနေသော သူ၏ ညခင်းများသည်လည်း နောက်တနေ့ပင်မကူးဘဲ ရွဲ့စောင်းစုတ်ပြတ်သွားခဲ့သည်။
          သည်လို နောက်ခံအခင်းအကျင်းမျိုးနှင့် ကျာပွတ်ဆရာသည် ဆပ်ကပ်အဖွဲ့ထဲမှ လွင့်ထွက်လာခဲ့ပြီး နောက်ဆုံး ကျွန်တော်တို့နေသောအဆောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

                        ( နှစ် )

          အဆောင်သို့ သူရောက်လာခဲ့စဉ်က သူ့ဝိညာဉ်ပူးဝင်စီးကပ်နေသော ကျာပွတ်နက်ကလေးတစ်ချောင်းနှင့် သူမွတ်သိပ်တပ်မက်ခဲ့သော ညခင်းတချို့သာ သူ့မှာပါလာခဲ့ကြောင်း ကျွန်တော်တို့ သတိပြုမိကြသည်။
          "ဘဝထဲက ဘာကိုမှ မလိုချင်ပါဘူးကွာ။ ဘာကိုမှလည်း မျှော်လင့်မထားပါဘူး။ ငါဖြစ်ချင်တဲ့ တစ်ခုတည်းသောဆန္ဒက စင်မြင့်ပေါ်မှာ ကျာပွတ်အစွမ်းပြဖို့ပါပဲ။ ကျာပွတ်နဲ့ နှစ်ပေါင်းသုံးဆယ်ကျော် နေလာခဲ့တဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ကျာပွတ်တစ်ချောင်းရောက်လာခဲ့ရင် အဲဒီကျာပွတ်လေးကို လိုအပ်သလို ခိုင်းစေလို့ရတဲ့အကြောင်းလူတွေ သိစေချင်တာပါပဲ "

        ဆောင်းရာသီ၏ နံနက်ခင်းတစ်ခုမှာ ဇာတ်ညွှန်းရေးဆရာ၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် နားနေသော ယင်ထီးတစ်ကောင်ကို ခပ်လှမ်းလှမ်းမှနေ၍ ကျာပွတ်ဖြင့်လှမ်းရိုက်ချလိုက်ရင်း တည်ငြိမ်စွာဖြင့် သူပြောလိုက်ခြင်းဖြစ်သည်။
          ထိုနေ့က သူ၏ရိုက်ချက်မှာ လုံးဝအမှားအယွင်းမခံသော ရိုက်ချက်မျိုးဖြစ်ပါသည်။ လက်အချိန်အဆသာ အနည်းငယ်တိမ်းစောင်းသွားပါကဇာတ်ညွှန်းရေးဆရာ၏ မျက်စိတစ်ဖက် ကျွတ်ထွက်သွားနိုင်သော အနေအထားမျိုးဖြစ်သည်။
     ဇာတ်ညွှန်းရေးဆရာသည် အသက်ဓာတ်ကင်းမဲ့နေသော ယင်ကောင်အား အထိတ်တလန့် လှမ်းကြည့်လိုက်ပြီး မျက်စိပျက်မျက်နှာပျက်ဖြင့်
      "ဟေ့လူ.....နောက်နောင် ကျုပ်မျက်နှာပေါ်မှာ ယင်ထီးပဲနားနား...ယင်မပဲ တက်အု...တက်အု  ခင်ဗျားအလုပ်ဘာမှမရှိဘူး။ ပြောထားတဲ့ကြားက ဒီလိုမျိုးလုပ်လာခဲ့လို့ကတော့ ခင်ဗျားခေါင်းကို တံခါးထောက်တဲ့ သစ်သားတုတ်နဲ့ ရိုက်အခွဲပဲ " ဟု ဒေါသတကြီးအော်ပြောတော့ ကျွန်တော်တို့မှာ ပြုံးရသေးသည်။

   ကျွန်တော်တို့ကတော့ သူ့ကျာပွတ်ကလေး၏ အမြှူအညို့  အတို့အဖွများနှင့် ထိတွေ့ယဉ်ပါးနေသူတွေဆိုတော့ သူ၏ရိုက်ချက်များနှင့်ပတ်သက်ပြီး နည်းနည်းလေးမှ သံသယမဖြစ်မိပါ။ တည်ငြိမ်ရိုက်ချက်များအတွက်ရော၊ ရွေ့လျားနေသောရိုက်ချက်များအတွက်ပါ သူ၏လက်ချောင်းတွေထဲက တိကျသေသပ်သော အဆုံးသတ်တွေကို မကြာခဏ မြင်တွေ့ခဲ့ရပြီးပြီမဟုတ်ပါလား။
        ခက်နေသည်က အုန်းသီးခြောက်တစ်လုံးလို ခေါင်းမာနေသော ကျာပွတ်ဆရာပင်ဖြစ်သည်။
       သူသည် ကျာပွတ်တရွှမ်းရွှမ်းရိုက်သည့် အလုပ်ကလွဲ၍ ကမ္ဘာပေါ်တွင် မည်သည့်အလုပ်မျိုးကိုမျှ စိတ် ဝင်စားသူမဟုတ်ပေ။
       သူ၏စိတ်ထဲမှာ နယ်သစ်ပယ်သစ်ကိုရွက်လွှင့်လာခြင်းအားဖြင့် စိတ်ကူးသစ်များဖြင့်အထိုင်ချထားသော ဘဝသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ထားခဲ့ပုံရသည်။
         သို့သော်လည်း မတ်တတ်တစ်နေရာအတွက်ပင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရသော မြို့ပြတွင် သူ၏ အနုပညာအတွက် တံခါးတစ်ချပ်တလေမှ ပွင့်ဟမလာသောအခါ.....

                         ( သုံး )

      အဆောင်မှာ လူစုံလေ့ရှိသော တနင်္ဂနွေ နေ့ နံနက်ပိုင်းတစ်ခုဖြစ်သည်။
      ဒဿနဆရာသည် ကျာပွတ်ဆရာ၏ အခန်းကို မေးငေါ့ပြလိုက်ပြီး ...
         "လူဆိုတာ မိမိရဲ့ဘဝရပ်တည်ရှင်သန်ရေးအတွက် တစ်ဖက်က ကုန်ထုတ်လုပ်နေရတာဗျ။ အဲဒီ သီဝရီအတိုင်းသာဆိုရင် သူဟာ သူ့ရဲ့ကျာပွတ်ကလေးကို တရွှမ်းရွှမ်းနဲ့ စဉ်ဆက်မပြတ်ရိုက်နေဖို့ လိုအပ်တာပေါ့ဗျာ။ ကျာပွတ်ကလေးကိုတရွှမ်းရွှမ်းနဲ့ ရိုက်နေတာဟာသူ့အတွက်တော့ ကုန်ထုတ်လုပ်နေတာပဲမဟုတ်လား"

          ဒဿနဆရာသည် သူ၏စကားဆုံးသည်နှင့် သူ့ကိုယ်ပေါ်မှာ အမြဲတမ်းဝတ်ဆင်ထားသော  အနက်ရောင်ကုတ်အင်္ကျီကို ချပ်ချပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်သည်။ ပြီးတော့ သူဦးခေါင်းသေးသေးလှီလှီလေးကိုတဆတ်ဆတ်နှင့် ညိတ်လိုက်လေသည်။
          မည်ကဲ့သို့သော အမူအကျင့်မျိုးလည်းတော့မသိ။ ဒဿနဆရာသည် စကားတစ်ခွန်းပြောပြီး‌လေ တိုင်း သူ၏ဦးခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ ညိတ်တတ်သူ တစ်ဦး ဖြစ်သည်။
        ဒဿနဆရာကိုကြည့်ပြီး ဇာတ်ညွှန်းရေးဆရာကတော့ ပြောခဲ့ဖူးပါသည်။

        "ဒီလူက စာအုပ်ထူထူကြီးတွေဖတ်ပြီးသူ့ကိုယ်သူ ပလေတိုလို့များ ထင်နေသလားမသိပါဘူးဗျာ။ စကားကြီး စကားကျယ်တွေကို အင်မတန်ပြောတတ်တဲ့လူ။ ခင်ဗျားတို့ နားထဲမှာတော့ ဘယ်လိုနေတယ်မသိဘူး။ ကျုပ်ရဲ့နားထဲမှာတော့ သူပြောလိုက်တဲ့ စကားလုံးတွေဟာ တစ်လုံးမှ လျှောခနဲ  လျှောခနဲ ဝင်မလာပါဘူးဗျာ "
       သည်တုန်းက ဇာတ်ညွှန်းရေးဆရာနှင့် တစ်ခန်းတည်းနေသော ရှေ့နေကလေးကလည်း "ကျွန်တော်က တော့ ပလေတိုဂိုက်ဖမ်းနေတယ်လို့ မထင်ဘူး။ ကြက်ငှက်တုပ်ကွေးမိနေတာပဲလို့ ထင်တယ်။ ခင်ဗျားတို့စဉ်းစားကြည့်လေ။ ကြက်ငှက်တုပ်ကွေးမိနေလို့သာ သူ့ရဲ့ခေါင်းကို ကြက်ဖတစ်ကောင်လို တဆတ်ဆတ်နဲ့ လှုပ်နေတာမဟုတ်လား "
        စာအုပ်ထူထူတွေကြားမှာ နှစ်ပေါင်း သုံးဆယ်ကျော် အကျဉ်းကျသလိုနေထိုင်ခဲ့သော ဒဿနဆရာကိုကြည့်ပြီး အကဲဖြတ်ဝေဖန်နေသော စကားများပင်ဖြစ်သည်။
        သူတို့တွေ ဘယ်လိုပြောပြော ဒဿနဆရာ စိတ်ဆိုးပုံမရပါ။ ဒဿနဆရာ၏ မီးခိုးရောင် မျက်လုံးတွေထဲမှာ ဒေါသများဖြင့် သက်ဝင်တောက်ပလာသည်ကို ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဘူးပါ။
    ထိုနေ့နံနက်ခင်းကတော့ ဒဿနဆရာ၏စကားကို ကျွန်တော်တို့အားလုံး အလေးအနက်ထား၍ ဝိုင်းပြီးစဉ်းစားခဲ့ကြသည်။
       ပထမဦးဆုံး  သုံးရက်လျှင် ဇာတ်ညွှန်းတစ်ပုဒ်ပြီးအောင်ရေးလေ့ရှိသည့် ဇာတ်ညွှန်းရေးဆရာက " ဒီလူကလည်း ကျာပွတ်ရိုက်တဲ့ အလုပ်ကလွဲလို့  တခြားဘာကိုမှစိတ်ဝင်စားပုံမရဘူးဗျ။ ရေရှည်မှာ ဒီပုံစံအတိုင်းဆက်ပြီးစခန်းသွားလို့ကတော့ ဒုက္ခရောက်မှာသေချာတယ်။ ဒီတော့ဒီလိုလုပ်ချင်တယ်ဗျာ။ ကျွန်တော်နဲ့သိတဲ့ ကုမ္ပဏီတစ်ခုမှာ သူအလုပ်ရဖို့ ကျွန်တော်ပြောပေးမယ်ဗျာ။ သူ အလုပ်ဝင်လုပ်ဖို့ ခင်ဗျားတို့ကလည်း သူ့ကို ဝိုင်းပြီးပြောပေး။ ဟုတ်ပြီလား။ ကျာပွတ်နဲ့ ပတ်သက်တဲ့ အခြားအလုပ်ပေါ်လာခဲ့ရင်တော့ အဲဒီကိုပြောင်းပေါ့ဗျာ။ အဲဒီလိုလေး သူ့အတွက်လုပ်ပေးလိုက်ရင် မကောင်းဘူးလား"
        ဇာတ်ညွှန်းရေးဆရာ၏ အဆိုပြုချက်ကို ရှေ့နေကလေးကလည်း အားကြိုးမာန်တက် ထောက်ခံရှာပါ သည်။
         "ခင်ဗျားအကြံ မဆိုးဘူးဗျ။ ဒါမှ ဒီလူဟာ ပုံမှန်ဝင်ငွေလေးရပြီး သူ့ဘဝကို သူ့ဟာ သူ ထိန်းကျောင်းနိုင်မှာ။ ဘယ့်နှယ့်ဗျာ။ ရှေ့နေရှေ့ရပ်တွေတောင် အလုပ်အကိုင်အဆင်မပြေလို့ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ မြို့ပြမှာ ဘာအလုပ်မှမလုပ်ဘဲနဲ့ ငုတ်တုတ်ထိုင်နေလို့ ဖြစ်မလားဗျ "
      ထိုကဲ့သို့သော ဝန်းရံသိုင်းဝိုင်းပုံမျိုးဖြင့် ကျာပွတ်ဆရာသည် လူသုံးကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ဖြစ်သွားပါသည်။
        အလုပ်ဝင်ပြီး လေးငါးခြောက်ရက်အတွင်း သူတာဝန်ကျရာ လုပ်ငန်းခွင်သို့ ပုံမှန်သွားနေခဲ့သော်လည်း သိပ်မကြာခင်မှာ ပြဿနာ တက်ပါလေတော့သည်။
         သူနှင့် စကားများခဲ့သူမှာ ကုမ္ပဏီပိုင်ရှင်နှင့် ယောက္ဖနှစ်ဝမ်းကွဲတော်စပ်သူဟု ဆိုပါသည်။
       ထိုနေ့က တိရစ္ဆာန်တစ်ကောင်လို ရိုင်းစိုင်းကြမ်းတမ်းသော ထိုလူကြောင့် ဒေါ‌တွေပွပြီး အလုပ်ထဲမှ တစ်ခါတည်း သူ ထွက်လာခဲ့သည်။ထွက်လာတာတောင် ရိုးရိုးထွက်လာခဲ့ခြင်းမဟုတ်ဘဲ ထိုလူ၏ကျောပြင်ကို လက်စွဲတော်ကျာပွတ်ကလေးဖြင့် လေးငါးချက်ရိုက်ပြီး ထွက်လာခဲ့ခြင်းဖြစ်လေသည်။
         ထိုစဉ်တုန်းက အဆောင်မှာ "ခင်ဗျားကြာပွတ်ကလေးက မဆိုးပါလားဗျ "ဟု ကျာပွတ်ဆရာကို ကောင်းချီးပေးခဲ့သူများပင် ရှိခဲ့သေးသည်။
        တချို့ကတော့ "မကောင်းသူကိုတွယ်ပြီး ကောင်းသူကို ကယ်တင်မယ့် ရွှေကျာပွတ်ဆိုတာ ဒါမျိုးပေါ့ကွ" ဟုကြံဖန် ချီးကျူးကြလေသည်။
          ကျွန်တော်တို့အုပ်စုကတော့ အခန်းတံခါးပိတ်၍ ဗိုက်မှောက်အိပ်နေသော အငြိမ်းစားကြာပွတ်ဆရာကိုကြည့်ပြီး "ခင်ဗျားကျာပွတ်ကလေးက မဆိုးပါလားဗျ" ဟု မည်သူကမှ ပြောမထွက်ကြပါ။
          ရှေ့နေကလေးကတော့ အိပ်ရာထက်မှာ မြွေတစ်ကောင်လို ခွေအိပ်နေသော ကျာပွတ်ဆရာကိုကြည့်ပြီး  " မဖြစ်သေးပါဘူးဗျာ...ဒီလူကြီးကို ဒီအတိုင်းထားလို့ မဖြစ်သေးပါဘူး " ဟု ခေါင်းတယမ်းယမ်းနှင့် ညည်းညူပြီး သူ့မိတ်ဆွေ ဗီဒီယိုဒါရိုက်တာတစ်ဦးထံသို့ ခေါ်ဆောင်သွားခဲ့သည်။
        အဆောင်က အထွက်မှာ.....
       "ကျွန်တော်ကျင်လည်လှုပ်ရှားနေရတဲ့နယ်ပယ်ကိုတော့ ခေါ်သွားလို့ မဖြစ်ဘူးဗျ။ ကျွန်တော်က တရာရုံးတို့ ၊ ရဲစခန်းတို့နဲ့ ဝင်ထွက်ပြီး အလုပ်လုပ်နေရတဲ့လူဆိုတော့ ခင်ဗျားတို့လူက မြင်မြင်ကရာ လျှောက်ရိုက်နေရင် ကျွန်တော်ပါ ပြဿနာတက်သွားလိမ့်မယ်"  ဟု ပြောသွားခဲ့သေးသည်။
       သည်တစ်ကြိမ်မှာတော့ ရှေ့နေကလေး၏ ဆုံးဖြတ်ချက် မှန်ကန်သွားခဲ့ပါသည်။
ရှေ့ကျွမ်း နောက်ကျွမ်းပစ်တတ်ရုံမက အထိုးအကြိတ်နှင့် အသတ်အပုတ်ကလေးပါ အတော်အသင့်ကျွမ်း ကျင်သော ကျွန်ုပ်တို့၏ကျာပွတ်ဆရာမှာ တော်ရိလျော်ရိကားများနှင့် ကပေါက်တိကပေါက်ချာဇာတ်ထုတ်များကို သုံးရက်တစ်ကားနှုန်းနှင့် ထုတ်လုပ်နေကြသောဗီဒီယိုသမားများအတွက် အလွန်အသုံးတည့်သွားသောကြောင့်ပင်။
      ထိုဆိပ်ကမ်းသို့ ရောက်ရှိနေစဉ်အတွင်း အမြဲတမ်းလိုလို မှိုင်းရီအုံ့ဆိုင်းနေသော သူ၏ရာသီဥတုမှာ နှင်းမြူတွေကင်းစင်သွားရုံမက လှိုင်းလေလည်း အတော်အသင့် ငြိမ်သက်သွားခဲ့သည်။
          ပြောမည်ဆိုလျှင် ထိုဆိပ်ကမ်း၌ ပါးနပ်စွာ နေထိုင်သွားခဲ့လျှင် ကြယ်စုံညတွေကိုအိပ်မက်မက်ဖို့ အခွင့်အလမ်းသစ်တွေ အများကြီးပေါ်လာနိုင်ပါသည်။
          သို့ငြား ကျာပွတ်ဆရာသည် ထိုဆိပ်ကမ်းတွင်လည်း တစ်လခန့်သာ ဆိုက်ကပ်ခိုနားပြီး တိကျသေချာမှု ဘာတစ်ခုမှ ရေရေရာရာမရှိသော ပင်လယ်ပြင်ကြီးထဲသို့  ရွက်လွှင့်ခဲ့ပြန်လေသည်။

          အလွန်စိတ်ညစ်စရာကောင်းသောဗီဒီယိုကားတစ်ကားကို ရိုက်ကူးနေစဉ်အတွင်း ဇာတ်ဝင်ခန်းထဲတွင် ပါဝင်သောလူများကိုရော မပါသောလူများကိုပါ သူ့ကျာပွတ်ကလေးဖြင့် တရွှမ်းရွှမ်းရိုက်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။
        ထိုနေ့က ရိုက်ကူးနေသော ဇာတ်ညွှန်းအရဆိုလျှင် သူအပါအဝင် လူကြမ်းသရုပ်ဆောင် ဆယ်ယောက်သည် မင်းသားဖြစ်သူထိုးကြိတ်သမျှကို အလူးလူးအလဲလဲနှင့် ငုတ်တုတ် အထိုးခံနေရသော ဇာတ်ဝင်ခန်းဖြစ်သည်။
        "တော်တော်အဓိပ္ပာယ်မရှိတဲ့ ကားပါပဲကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ချာတူးလန်တဲ့ ကားမျိုးကို မတွေ့ဖူးပါဘူးကွာ။ ငါလည်း စိတ်ပေါက်ပေါက်နဲ့ မြင်မြင်ကရာလျှောက်ရိုက်ပြီး ထွက်လာခဲ့တယ် "
          သည်တုန်းက တိုက်လိုခိုက်လိုစိတ်များဖြင့် ထက်သန်ပြင်းပြနေသော သူ၏မျက်လုံးတွေကိုကြည့်ပြီး တစ်နေရာရာမှာ တစ်စုံတစ်ခုခုများ လွဲမှားနေသလားဟူသော အတွေးမျိုး ကျွန်တော့်မှာ ဝင်ခဲ့သေးသည်။
         သည့်နောက်ပိုင်းမှာတော့ ထစ်ခနဲရှိ မြင်မြင်ကရာလျှောက်ရိုက်နေသော ကျာပွတ်ဆရာကို မည်သူကမှ အလုပ်ရှာပေးဖို့စိတ်မကူးရဲတော့ပါ။ မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူ့ကို အလုပ်စကားမျိုးမပြောရဲတော့ပါ။

        သည်လိုပုံစံမျိုးဖြင့် ကျာပွတ်ဆရာ၏သွေ့ခြောက်နေသော ညတာများသည်  ပြန်လည်ရှည်လျားလာခဲ့ပြီး သူတည်ဆောက်ထားခဲ့သော ယုံကြည်မှုများသည် ယိုယွင်းပြိုလဲစပြုလာပါသည်။
       သည်လိုဖိစီးမှုများနှင့် လေးလံပိကျနေသောအချိန်မှာပင်  စိတ်တွေကစဉ့်ကလျားဖြစ်နေသော ကျာပွတ်ဆရာသည် ကျန်းမာရေးချို့ယွင်းလာပါတော့သည်။

                        (လေး )

      " ကြာပွတ်ဆရာ သေသွားပြီဟေ့"

     နံနက်ခင်းတစ်ခုမှာ ဇာတ်ညွှန်းရေးဆရာ အလန့်တကြားအော်ဟစ်ခဲ့စဉ်က သူ၏စကားကို အဆောင်တစ်ဆောင်လုံး ဘယ်သူကမှ မယုံကြည်ကြပါ။
       မာကျောကြံ့ခိုင်သော ကိုယ်ခန္ဓာဖွဲ့စည်းပုံမျိုးရှိသည့် ကျာပွတ်ဆရာသည် အဆုတ်အအေးမိတာကြာမြင့်နေသော်လည်း ယခုလိုမျိုး လွယ်လွယ်ကူကူနှင့် သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ မထင်ခဲ့ကြပါ။
        ကျာပွတ်ဆရာသေဆုံးသွားခဲ့ပါပြီ။
သူ၏ ကိုယ်ခန္ဓာထဲမှာ လိမ့်စီးနေသော နှလုံးသွေးတွေ ရပ်ဆိုင်းပြီး သံသယရှိစရာမလိုသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးသွားခဲ့ပါပြီ။
      ထိုနေ့နံနက်ခင်းက အဆောင်ထဲမှကြေကွဲငေးရီနေသော မျက်လုံးတွေကိုကြည့်ပြီး ကျွန်တော့်မှာလွမ်းလွမ်းရီရီ ဖြစ်လာလေသည်။
         ဖြူဆွတ်သော မျက်နှာကျက်ကို ငေးမောစိုက်ကြည့်နေဆဲဖြစ်သော မှိန်မှိန်ဖျော့ဖျော့ မျက်ဝန်းတစ်စုံ။
          သူ့ရဲ့ကိုယ်ခန္ဓာဘေးမှာတော့ သူ့လိုပဲ အေးစက်ငြိမ်သက်နေသော ကျာပွတ်နက်ကလေး။
          အခုတော့ အားလုံးဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
          သူ့ရဲ့အမည်နာမကို အမြင့်ပိုင်းတစ်နေရာသို့ လွှင့်တင်နိုင်ရေးအတွက် သူ့ရဲ့ကျာပွတ်ကလေးကို ဘယ် နှစ်ချက်လောက် သူရိုက်နိုင်ခဲ့ပါသလဲ။
        ပိတ်နေသောတံခါးရွက်များအတွက် ဘယ်နှစ်ချက် ရိုက်ခဲ့ပါသလဲ။
          သူ့ရဲ့ နွဲ့ပျောင်းလှပတဲ့ အနုပညာအတွက် ဘယ်နှစ်ချက် ရိုက်ခဲ့ပါသလဲ။
          ပြီးတော့  သူ့ရဲ့ ဂုဏ်သိက္ခာ.......
          သူ့ရဲ့ ယုံကြည်မှု....................
          သူ့ရဲ့ချစ်ခြင်းတရားတွေအတွက်ရော ဘယ်နှစ်ချက်လောက် ပိပြားသပ်ရပ်စွာ ရိုက်နိုင်ခဲ့ပါသလဲ။

                         ( ငါး )

        "သူဟာ လူသားဆန်တဲ့ လူသားတစ်ယောက်ပါဗျာ။သူ့ရဲ့ဘဝမှာ သူဟာ နည်းနည်းလေမှ မအောင်မြင်ခဲ့ရှာဘူး။ ဆန်းကြယ်လှပတဲ့ သူ့ရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့လည်း သူ့ကို ကျွန်တော်နည်းနည်းလေးမှ သံသယမရှိပါဘူး။ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးခရီးမှာတော့ သူအရမ်းမြတ်နိုးတဲ့ သူ့ရဲ့ ကျာပွတ်ကလေးကို သူနဲ့အတူတူထည့်ပေးလိုက်ပါရစေ။  ဒီပစ္စည်းလေးပါသွားမှ သူ့ရဲ့နောက်ဆုံးခရီးဟာ ပြည့်စုံသွားမှာမို့လို့ပါဗျာ"
      ကျာပွတ်ဆရာ၏ နောက်ဆုံးခရီးမှာ ဒဿနဆရာ ရှိုက်သံသဲ့သဲ့နှင့် တိုးဖွစွာ ပြောလိုက်သော စကားဖြစ်သည်။
      လိမ္မော်ရောင်မီးတောက်ထဲသို့ ပစ်ထည့်လိုက်သော ကျာပွတ်ကလေးကိုကြည့်ပြီး ကျွန်တော်တို့ ဘာစကားတစ်ခွန်းမှ ပြန်မပြောခဲ့ကြ။
       တအောင့်ပဲကြာသည်။
       သူ့ဝိညာဉ်ပူးဝင်စီးကပ်နေသော ကျာပွတ်ကလေးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ မြွေဟောက်တစ်ကောင်လို တွား၍တက်လာ သော မီးတောက်များမှတဆင့် ကူးစက်ကျွမ်းလောင်ပြီး ကျွန်တော်တို့ရှေ့မှာတင် ကမ္ဘာလောကကြီးထဲက ပျောက်ကွယ်သွားလေသည်။    ။
                                     နိုင်   ဝင်း   သီ