Breaking News

နိုင် ဝင်း သီ - ပင်လယ်ဖြတ်၍

ပင်လယ်ဖြတ်၍
နိုင် ဝင်း သီ
(မိုးမခ) မေ ၂၄၊ ၂၀၂၀

မောင့်စိတ်ကူးလေ..ဂုဏ်ပကာသနတွေနဲ့ အပြောကျယ်တဲ့ သမုဒ်ပြင်မှာ ဟောဒီပိတောက်ပွင့်ဝါဝါလေးတွေကို ဆင့်ကာဆင့်ကာ မျှောမယ်။ ကြာတော့ ရေအပြင်ကို သူတို့ ပိတ်ဖုံးသွားကြမယ်ပေါ့။

သည်အခါကျမှ ပိတောက်ဝါဝါလေးတွေကိုရွရွနင်းလို့ မောင့်ဆီကို   မမနိုင် လျှောက်လှဲ့ကွယ်....နော် မမနိုင်ရယ် ......

ကျွန်တော်တို့ရဲ့ သိပ်ကိုငယ်ရွယ်လွန်းတဲ့လူငယ်ဘဝကို ကြွေထွက်သွားစေသော စကားလုံးများ။
စံရွှေမြင့်ရဲ့"ပင်လယ်ဖြတ်၍ " ထဲမှ အရေးအသားများ။

အဲဒီအချိန်တုန်းက သုခမိန်လှိုင်ရဲ့ဂျွန်လ၏ မိုးရေစက်များဟာ ကျွန်တော်တို့ဆီကို ရောက်ရှိမလာသေး။ အောင်ချိမ့်ရဲ့ ဂန္ထဝင်မမရောက်မလာသေး။ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ၊ ရေဆန်လမ်း၊ နွေတစ်ည၊ ချစ်အမိရဲ့လိပ်ပြာ၊ မေခလာရဲ့ရေပြာ။ ဘာဆို ဘာတစ်ခုမှ ကျွန်တော်တို့ရဲ့ဘဝထဲကို ဆိုက်ကပ်မလာ‌သေး။

Ventures ရဲ့  pipeline နှင့် Shadows ရဲ့  Apache ကို  လမ်းဘေးဂစ်တာဝိုင်းလေးတွေမှာ ကြားလိုက်ရတယ်ဆိုရင်ပဲ ရင်တွေခုန်ပြီး ကျွန်တော်တို့တစ်ကိုယ်လုံး ပူနွေးသွားခဲ့ပြီ။ အဲဒီကမှ ကျွန်တော်တို့ဟာ အချစ်ညရင်ခုန်သံ၊ဆူးခင်းလမ်း၊ ဧဒင်ဥယျာဉ်ထဲကအနမ်းနှင့် မငြိမ်းချမ်းသော မောင်ငြိမ်းချမ်းဆီ တဖြည်းဖြည်းချင်း ရွေ့ လျားလာခဲ့ကြ။ ဆက်လက်၍ ငြိမ်းကျော်ရဲ့ ပဉ္စမမြောက် သမ္မာကျမ်းစာသစ်၏အမိန့်တော်ပြန်တမ်း၊ နှလုံး သားမြို့‌ဟောင်းတူး‌‌ဖော်ချက်နောက်ဆုံးအစီရင်ခံစာ၊ မောင်သိန်းဆိုင်ရဲ့  ဤမဟာဘဒ္ဒကမ္ဘာ၌ အချစ်မရှိသောကိုယ် ငါဖြစ်လိုသည်နှင့် အောင်နေဦးရဲ့ခုနှစ်ထွေမင်းသမီးဆီ ရေခဲမြစ်တစ်စင်းလို စီးဆင်းလာခဲ့ကြ။ အဲဒီကမှ မဉ္ဇူလမ်းလေးထဲက ဂစ်တာဝိုင်းလေး နှင့် ဒေါနလမ်းထိပ်က ညချမ်းချိန်ခါမှာ စုဖွဲ့တတ်တဲ့ စီနီယာအစ်ကိုကြီးတွေရဲ့ အရိပ်အောက်မှာ ခိုလှုံ။ ခေတ်ကြီးကိုသွေးတိုးစမ်းပြီး စစ်လက်ကျန်ရထားလမ်းဟောင်းလေးဘေးမှာ ညတိုင်းလိုလို လွင့်ခဲ့ကြ။

ပွင့်တူရွက်တူ သူငယ်ချင်းတွေဆိုတာကလည်း တစ်နေကုန်တစ်နေခန်း လေဟာပြင်ဈေးထဲမှာ၊ ရန်ကုန်မြို့ရဲ့ ပလက်ဖေါင်းတွေပေါ်မှာ၊မြို့ပတ်ရထားတွေပေါ်မှာ၊ မုန့်ဖုတ်တဲ့မုန့်ဖိုထဲမှာ၊ ရေနံချက်စက်ရုံထဲမှာ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပြေးလွှားအော်ဟစ်‌နေရသောလူများ။ ဘဝများစွာဟာ ခက်ခဲကြမ်းရှနေလို့လားတော့ မသိ။ ရထားလမ်း‌လေးဘေးကို သူတို့ရောက်လာခဲ့ရင် တိမ်လွှာမို့မိုလွင်ကို ဝင်းဦးအသံနဲ့ဆိုတဲ့လူနဲ့၊ ကမ္ဘာမကြေသီချင်းဆိုပြီး အလံတော်ကို အလေးပြုတဲ့လူနဲ့ ကြာနီကန်တရား ဟောတဲ့လူနဲ့၊ သဘာပတိကြီးကြွချီလာပါပြီခင်ဗျာ ပြောတဲ့လူနဲ့၊ ခက်ခက်ခင်ရယ်...မရက်စက်ချင်ပါနဲ့ကွယ်၊ တိုးအက်တုန်ရီတဲ့အသံလေးနဲ့ ရင်ဖွင့်ကြေ ကွဲတဲ့လူနဲ့၊ အဲဒီတုန်းက အရှိန်မြင့်လာတဲ့ ဗီယက်နမ်စစ်ပွဲကို ချက်ချင်းရပ်ဆိုင်း‌ပေးရမယ် ရာဇသံပေးတဲ့လူနဲ့၊ အမေရိကန်သမ္မတ နစ်ဆင်ကို ရစရာမရှိအောင် ဆဲ‌ရေးတိုင်းထွာတဲ့လူနဲ့။
     
ယိမ်းထိုး‌‌နေတဲ့ အရိပ်တွေကြားထဲမှာ အသံတွေဟာ တိုးလာလိုက် ကျယ်‌လောင်သွားလိုက်နဲ့။ တစ်ခါတစ်ခါ‌မှာတော့ ဘယ်သူဘယ်ဝါ ရယ်လိုက်မှန်းမသိတဲ့ ရယ်‌မောသံကြီးဟာ ညထဲကို တွန့်လိမ်ကောက်ကွေးပြီး တိုးဝင်သွားတတ်တာ။
အရောင်‌လွင့်နေတဲ့ ဂျင်းဘောင်းဘီနဲ့၊ စစ်အကျႌစိမ်းနဲ့၊ အရိုင်းဆန်ဆန်ဖြန့်ချထားတဲ့ ဆံပင် ရှည်တဖွားဖွားနဲ့၊ လက်ဝဲစာပေလေး အနည်းအကျဉ်းဖတ်ပြီး လောကသုံးပါးထဲမှာ မီးကုန်ယမ်းကုန်ပျံသန်းဖို့ အားယူလွန့်လူးနေတဲ့ လူငယ်လေးတစ်ယောက်အတွက် ဒီလိုမြင်ကွင်းမျိုးဟာ အစကနဦးပိုင်းမှာ အဆန်းတကြယ်။

နောက်ပိုင်းတော့လည်း ဒီနေရာလေးဟာ ကျွန်တော့်ဘဝထဲမှာ လွယ်လင့်တကူ ပျော်ဝင်သွားခဲ့တာ။
အရိုင်းဘုံလေး တစ်ခုလို ဖြစ်နေတဲ့ ဒီနေရာ လေးကိုပဲ မင်းတို့‌‌နေရာလေးက ရှိတ်စပီးယားရဲ့ ပြဇာတ်ထက်တောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ လုပ်သားကောလိပ်တက်နေတဲ့ အစ်ကိုတစ်ယောက်ဟာ ညဘက်တွေဆို ကျောင်းပြေးပြီး ကျွန်တော်တို့ရဲ့ ရထားလမ်းဟောင်းလေးဆီရောက်ရောက်လာတတ်တာ။

သူ့ဆီက(သူ ခေါင်းအုံးအိပ်တဲ့ ထင်းရှူးပင် ရိပ်ထဲက) ဘိုင်ရွန်၊ ရှယ်လီ၊ ဝဒ်စဝသ်၊ ဝီလျံဘလိတ်တို့ရဲ့ကဗျာတွေကို တစ်ကြောင်းချင်း တစ်ပါဒချင်းဖတ်ပြီး ကျွန်တော်တို့ဟာ ရက်ရက်စက်စက် ကြွေခဲ့ကြတာ။ နောက်ဆုံးတော့ သူလည်းပဲ ခေတ်ကြီးကို တော်လှန်ဖို့ဆိုပြီး တောခိုသွားခဲ့တာ။

အဲဒီလို အရေးအသားတွေထဲမှာ တိမ်းမူးဖို့ အတွက် ကျွန်တော်တို့ရဲ့အာရုံခံစားမှုစတင်ရာ အရပ်ဟာ စံရွှေမြင့်ရဲ့ကာတွန်းရုပ်ပြဇာတ်လမ်းများ...။‌ နော်ကူးမ၊ ကားလမ်းလှေလှော်၊ ပင်လယ်ရေဘယ်မခမ်းသော်လဲကွယ်၊ ဝလုံးရယ်ဖြင့် မမည်လေပြီ၊ ရွှေပင်မှာ နားမိသော်လည်း...၊ အတောင်ရှိလျက် အပျံခက်။

အဲဒီစာအုပ်တွေထဲမှာမှ ပင်လယ်ဖြတ်၍ကိုဖတ် ပြီး ချစ်ခြင်းတရားနဲ့ပတ်သက်လို့ ဘာတစ်ခုမှနားမလည်သေးတဲ့ကျွန်တော်ဟာ မမနိုင်ကို ကြွေထွက်သွားခဲ့။ ပြောမယ်ဆိုရင် အဲဒီအချိန်ကစပြီး မမဟာ ကျွန်တော်တို့ရဲ့ညတွေထဲကို ကိုက်ခဲပျော်ဝင်သွားခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုး။ အဲဒီအချိန်တုန်းကပါပဲ။ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လာလျှင် မမသည်သာ အချစ်နတ်ဘုရား။သစ္စာတရားအကြောင်းဖွဲ့ဆိုလာလျှင် မမမှတစ်ပါး အခြားမရှိပြီ။ အဲဒီလို အစွဲအလမ်းကြီးမားခဲ့လို့များလားမသိ။ ဘဝမှာ နှင်းဆီပန်းလေးတစ်ပွင့်လို နူးညံ့လှပတဲ့ မမတစ်ယောက်ဆီကနေ ချစ်ခြင်း မေတ္တာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ပြီး မအံ့ဩတော့ပါဘူး။

အံ့ဩစရာကောင်းတာတစ်ခုက အဲဒီအချိန်လောက်မှာပဲ ကျွန်တော်တို့ရဲ့အာရုံခံစားမှုများ စတင်ခဲ့ရာ လစဉ်ထုတ်ဝေလာခဲ့တဲ့ စံရွှေမြင့်ရုပ်ပြကာတွန်းဟာ အပိတ်ခံလိုက်ရခြင်းပါပဲ။

ပြောမယ်ဆိုရင် စံရွှေမြင့်ဟာ ကျွန်တော်တို့‌ လူငယ်ဘဝရဲ့ သွေးကြောမျှင်တွေကို လှုပ်နှိုးတီးခတ်လိုက်တဲ့ဘလူးစ်ဂီတ...။ ဘယ်လိုအချိန်မျိုးမှာ နားထောင်နားထောင်  နှစ်ချို့ ဝိုင်တစ်ခွက်ကို သောက်လိုက်ရသလို....။

အရသာဟာ ကျွန်တော်တို့ရဲ့ကိုယ်ထဲမှာ တစိမ့်စိမ့်နဲ့ စီးဝင်သွားတတ်တာ။ စံရွှေမြင့်ကိုဖတ်ပြီး ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ရယ်မော ပျော်ရွှင်ခဲ့ရ။ တစ်ခါတစ်ခါမှာ ဝမ်းနည်းကြေကွဲခဲ့ရ။ တစ်ခါတစ်ခါကျ‌တော့လည်း စံရွှေမြင့်ရဲ့ လွဲချော်မှုတွေထဲမှာ ကိုယ်တိုင်ရောထွေးစိမ့်ဝင်ပြီး ကျွန်တော်တို့ပါ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရ။

"နိုင်ငံရေးနဲ့ဆက်နွယ်ပတ်သက်လို့ဆိုပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းပစ်လိုက်တဲ့ စာအုပ်ငါးဆယ်ကျော်ထဲမှာ စံရွှေမြင့်ပါ အဖျားခတ်ပါသွားတာနဲ့ပတ်သက်ပြီး ဘာ့ကြောင့်ပိတ်လိုက်ရတယ်ဆိုတာ အခုအချိန်အထိလည်း ဘယ်သူမှမသိကြဘူး"

ဆရာ့စကားသံက တိုးညင်းလွန်းတော့ ကျွန်တော်တို့ဟာ မနည်းအာရုံစိုက်ပြီး နားထောင်နေရ။

လေတိုးလို့ တဖျပ်ဖျပ်လှုပ်ခတ်သွားတဲ့ကံ့ကော်ရွက်ချွန်လေးတွေကို ငေးငေးရီရီကြည့်နေတဲ့  ဆရာကာတွန်းမြင့်သိန်းရဲ့မျက်လုံးတွေဟာ ငေးလွင့်မှုန်‌ဝေသွားသလိုပါပဲ။
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ။

ဆရာ့ကိုတွေ့ချင် နှုတ်ဆက်ချင် ဂါရဝပြုချင်ခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ ဆရာ့ဆီမရောက်ခဲ့ရ။ ဖြတ်သန်းမှု ရှည်လျားခဲ့သည့် ဆရာ့မှာတော့ ပြောစရာစကားတွေ အများကြီးရှိနေမှာ အသေအချာ။

အဲဒီ‌နေ့က ဆရာ့ အိမ်ကို ရောက်သွားတော့ နှစ်ပေါင်းများစွာ ကျွမ်းဝင်ရင်းနှီးလာခဲ့တဲ့ ဆရာ့မျက်နှာလေးဟာ အရွယ်ကြောင့် ရင့်ကျက်လာခဲ့ပေမယ့် ခါတိုင်းလို ကြည်လင်သန့်စင်‌နေဆဲ။ဆရာ့ရဲ့မျက်ဝန်းတွေဟာလည်း အရင်ကလို နူးညံ့ပျော့ပျောင်းနေဆဲ။

သူဟာ ကာတွန်းမြင့်သိန်းပေါ့။ တစ်ကျပ်တန် ရုပ်ပြကာတွန်းတစ်ခေတ်မှာ စံရွှေမြင့်နဲ့ သစ်ခက်သရဖူဆောင်းခဲ့တဲ့ သန်လျင်သားကာတွန်းဆရာပေါ့။ သူရေးဆွဲခဲ့တဲ့ စံရွှေမြင့်ရုပ်ပြကာတွန်းအုပ်ရေ ၃၀၀ လောက်မှာ အုပ်ရေ ၅၀ လောက်ဟာ ရုပ်ရှင်ကားကြီးနှင့် ဗီဒီယိုတွေ ရိုက်ခဲ့ရ။ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်၊ စံရွှေမြင့်ရဲ့ မာမာ၊ နွေဦးပေါက်ရင်၊ နော်ကူးမ၊ စံရွှေမြင့် လေးခင်ခင်။

ကျွန်တော်တို့ လူငယ်ဘဝတုန်းက ငြိခဲ့ဖူးသော စံရွှေမြင့်ရုပ်ရှင်ကားများ။ လစဉ်ထွက်နေသော စံရွှေမြင့်ကို အုပ်ရေသောင်းချီ ရိုက်ရပြီဆိုကတည်းက အဲဒီအချိန်ကစံရွှေမြင့်ရဲ့တည်နေရာကို ကျွန်တော်တို့ ခန့်မှန်းလို့ ရသွားခဲ့ပြီ။

အဲသလို ကြီးမြတ်သောအောင်မြင်မှုဆီ ရောက်ရှိနေတဲ့ ရွှေ‌ရောင်ရက်စွဲတွေထဲမှာပဲ နိုင်ငံရေးနှင့်ပတ်သက်လို့ဆိုပြီး ရပ်ဆိုင်းပိတ်သိမ်းလိုက်တဲ့ စာအုပ်ငါးဆယ်ကျော်ထဲမှာ ဘာမှမဆိုင်တဲ့စံရွှေမြင့်ပါ ပါသွားခဲ့လေတယ်။

ကျွန်တော်တို့ သိမှီသလောက်ဆိုရင် စံရွှေမြင့်ဟာ ဘယ်လို အဖွဲ့အစည်းမျိုးတွေနဲ့မှ မပတ်သက်။ ဘယ်လိုပုဂ္ဂိုလ် တစ်စုံတစ်ဦးဦးရဲ့ အရိပ်အာဝါသအောက်မှာလည်း တည်ရှိမနေ။
လွတ်လပ်သောကာတွန်းဆရာတယောက်ရဲ့  လွတ်လပ်သော စိတ်ကူးစိတ်သန်းထဲက ပေါက်ကွဲပွင့်ကျလာခဲ့တဲ့ ဇာတ်ရုပ်တစ်ရုပ်ဟု ဆို သော်ငြားလည်း..... 

ဒါပါပဲ။ အရူးအနှမ်းတွေ ကြီးစိုးနေတဲ့ တိုင်းပြည်တစ်ပြည်မှာ အနုပညာဆိုတာ အချိန်အခါမရွေး ပြတ်တောက်သွားနိုင်တဲ့ ကြိုး‌လေးတစ်ကြိုးပဲဆိုတာ ဘယ်သောအခါမှ ကျွန်တော် သံ သယ မဖြစ်ပါဘူး။

ဆရာ့အိမ်က ပြန်ထွက်လာတော့ ညနေဟာ ကျွန်တော်တို့ဆီကို ရောက်ရှိလာခဲ့ပြီ။ ကျွန်တော်နဲ့ပါလာခဲ့တဲ့ သူငယ်ချင်းကလည်း ကျွန်တော့်လိုပဲ စံရွှေမြင့်ကို ငြိခဲ့ဖူးတဲ့လူ။ပင်လယ်ဖြတ်၍ကို အခေါက်ခေါက် အခါခါဖတ်ပြီး မမနိုင်ကို ကြွေထားတဲ့လူ။

ဆိုတော့ ကျွန်တော်တို့ဟာ ကားဂိတ်အနီးက ကျားတံဆိပ်ဘီယာဆိုင်လေးထဲမှာ ဝင်ထိုင်ကြ။ ပျော်ရွှင်စရာကောင်းတဲ့ နှစ်ကာလတွေကို ပြန်ပြောင်းသတိရကြ။ မရှိတော့တဲ့ သူငယ်ချင်း တွေကို လွမ်းဆွတ်တသကြနှင့် အလွမ်းရေချိန် တွေ တရိပ်ရိပ်နှင့် မြင့်တက်လာခဲ့ကြတာ။
ကျား‌တွေကလည်း တစ်ကောင်ပြီးတစ်ကောင် ကျွန်တော်တို့ရဲ့ စားပွဲဝိုင်းလေးပေါ်  ခုန်တက်လာခဲ့ကြတာ။

သို့သော်လည်း အလွမ်းရေဆူမှတ်ကို ရောက်မလာခင်မှာ ဝိုင်းဖြတ်ပြီး ဗိုလ်ဇင်ယော်လမ်း‌ထဲက ဝပ်ကျင်းလေးရှိရာကို အမြန်ပြန်လာခဲ့ရတာ။ အဲသည်လို ထပြန်လာခဲ့တာတောင်  ဝန်းကျင်မှာ  အမှောင်ရိပ်တွေ ပြိုအိကျလာပြီး အလင်းတိုင်က မီးပွင့်လေးတွေ ဖြူလင်းလာခဲ့ပြီ။

အဲသည်လို မိုးကြီးစုံးစုံးချုပ်သွားပြီဆိုရင် မမနီဟာ ကျွန်တော့်အရိပ်စိမ်းလေး ထိုးကျလာမဲ့ လမ်းထိပ်လေးကို မျက်တောင်လေး တဖျပ်ဖျပ်ခတ်ပြီး ငေးရီလှမ်းမျှော်ကြည့်နေ‌တတ်တာ မဟုတ်လား။  ။ 
 
နိုင် ဝင်း သီ
၂၂ ၊ ၅ ၊ ၂၀၂၀