Breaking News

ဇော်ဝင်းလွင် (၂၁၂) - "ဖိုးသူတော်ပုံပြင် ( အဘက ဗမာစကားသိပ်မတတ်ဘူး)"

မနူးမနပ် တော်လှန်ရေးသမားဘ၀ အပိုင်းအစများ ၃
"ဖိုးသူတော်ပုံပြင် ( အဘက ဗမာစကားသိပ်မတတ်ဘူး)"
ဇော်ဝင်းလွင် (၂၁၂)
(မိုးမခ) မေ၊ ၂၀၂၀

၁၉၈၈ အရေးတော်ပုံကြီးနောက်ပိုင်း စက် တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီး ပါဝင်လှုပ်ရှားသူများကိုလိုက်လံဖမ်းဆီးထောင်ချမှူများကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုလို့ မဖြစ်နိုငတော့တဲ့အတွက် ပြည်တွင်းကကျောင်းသူ/သား ပြည်သူများဟာ မိမိတို့နဲ့ နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အခြေပြု ထိန်းချုပ်ရာဒေသများကိုထွက်ခွာလာခဲ့ကြပါတယ်။

မိမိတို့ရောက်ရှိတဲ့ သက်ဆိုင်ရာတိူင်းရင်းသားနယ်မြေများဖြစ်တဲ့ မွန်၊ ကရင်၊ ကရင်နီ၊ ပအိုဝ့်၊ ကချင် …စတဲ့ဒေသများမှာ စခန်းလေးများတည်ထောင်ပြီး စုစည်းနေကြပါတယ်။ ထို့နောက် စခန်းအသီးသီးမှ လူဦးရေအလိုက် ကိုယ်စားလှယ်များရွေးချယ်ပြီး KNU တပ်မဟာ ၇ မှာရှိတဲ့ ဝ◌မ်ခစခန်းမှာ အစည်းအေဝ◌းပြုလုပ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( All Burma Student Democratic Front –ABSDF) ကို နိုဝ◌င်ဘာလ ၁ ရက်နေ့မှာတည်ထောင်ခဲ့ပါတယ်။

ABSDF ကိုဦးဆောင်မည့် ခေါင်းဆောင်များကိုလည်း ရွေးချယ်တင်မြှောက်ကြပြီး တာဝ◌န်ရှိခေါင်းဆောင်များက မိမိသက်ဆိုင်ရာ စခန်း/ဒေသမျာကိုပြန်ပြီး တာဝ◌န်ယူကြရပါတယ်။ စခန်းတွေမှာလည်း စခန်းကော်မီတီများကို ရွေးကောက်တင်မြှောက်ပြီး သူတို့က စခန်းများစနစ်တကျလည်ပတ်နိုင်အောင် စီမံခန့်ခွဲကြရပါတယ်။ ဗဟိုကော်မီတီများက မိမိတာဝ◌န်ကျရာ သက်ဆိုင်ရာစခန်းမှာ ပြန်နေရပြီး ၃လတကြိမ် ဗဟိုမှာလုပ်တဲ့အစည်းအဝေးများကိုသွားပြီး တက်ရောက်၊ ပြန်လာရင် စခန်းကရဲဘော်များနဲ့ သက်ဆိုင်ရာတိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်များကို တွေ့ဆုံကာ အဖွဲ့အစည်းရဲ့မူဝ◌ါဒနဲ့လုပ်ငန်းစဉ်များကို ရှင်းလင်းချပြဆွေးနွေးရပါတယ်။

အခုပြောပြမဲ့ အတွေ့အကြုံလေးက ကျနော့်မိတ်ဆွေခေါင်းဆောင်တဦးရဲ့အတွေအကြုံ့ လေးပါ။

သူက KNU တပ်မဟာ ၆ မှာ တာဝ◌န်ကျပါတယ်။ KNU တပ်မဟာ ၆ ဒေသဟာ နယ်မြေကြီးမား ကျယ်ပြန့်ပြီး ကရင်၊ မွန်၊ကုလား ၊ မြန်မာလူမျိုးပေါင်စုံနေထိုင်ကြပြီး တိုင်းရင်းသားခေါင်းဆောင်များဟာလဲ ကျနော်တို့ထက် အသက်အရွယ်နဲ့ လက်နက်ကိုင်တော်လှန်ရေးသက်တမ်းနဲ့ အတွေ့အကြုံ အလွန်များကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တောခိုလာတဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း ၁၉၈၈ တနှစ်အတွင်းမှာ မဆလစစ်အစိုးရ ၃ ဆက်ကို ပြုတ်ကျအောင် ငြိမ်းချမ်းစွာတိုက်ပွဲဝ◌င်လာခဲ့တဲ့အတွက် မာန်လေး တွေတက်နေချိန်ပေါ့။ တက်ကြွတဲ့ ကြက်ဖလေး တွေပေါ့။

တခါတော့ ဗဟိုကော်မီတီအစည်းအဝေးအပြီးမှာ ပြန်လာတဲ့ဗဟိုကော်မီတီဝ◌င်နဲ့ စခန်းခေါင်းဆောင်အချို့ကို တပ်မဟာ ၆ တပ်မဟာမှူး ဗိုလ်ချုပ်ရွှေဆိုင်းက တွေ့ဆုံစကားပြောချင်လို့ သူ့ဌာနချုပ်ကို လာရောက်ဖို့ဖိတ်ကြားပါတယ်။ သူ့အတွက်တော့ ဒါဟာ အဆင့်မြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်ဆောင်တဦးနဲ့ တွေ့ဆုံရတဲ့ ပထမဆုံးအတွေ့အကြုံပါ။

သူတို့ အဲဒီကိုရောက်တော့ နေရာထိုင်ခင်းပေး နှုတ်ဆက်စကားပြောပြီး ABSDF ရဲ့မူဝ◌ါဒ၊ လုပ်ငန်းစဉ်တွေ မေးမြန်းဆွေးနွေးပါတယ်။ နောက်ဆုံးမေးခွန်းတခုက “ မင်းတို့ကျောင်းသားတွေ ဘာကြောင့် စစ်အစိုးရကိုတိုက်သလဲနဲ့ ဒီစစ်အစိုးရ ပြုတ်ကျသွားရင် ဘာလုပ်မလဲ” လို့မေးပါတယ်။
အဲဒီတော့ထုံးစံအတိုင်း တပါတီအာဏာရှင်စနစ်ကိုမကြိုက်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုချင်လို့..တိုက်ကြကြောင်း ဒီစစ်အစိုးရပြုတ်ကျသွားရင် လက်နက်တွေချပြီး ကျောင်းပြန်တက်ကြမှာဖြစ်ကြောင်း ပြန်ဖြေလိုက်ပါတယ်တဲ့။

အဲတော့ တပ်မဟာမှူးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ပြုံးတုံ့တုံ့နဲ့ “ သူက ဗမာစကားတော့ သိပ်မတတ်ဘူး၊ ပုံပြင်လေးတပုဒ်ပြောပြချင်တယ်ဆိုပြီး အောက်ဖော်ပြပါပုံပြင်လေး ပြောပြပါတယ်။
တခါက ရွာတရွာမှာ အမူးသမားတယောက်ရှိသတဲ့။ အလုပ်လဲမလုပ်၊ မိဘဆီကပိုက်ဆံတောင်းပြီး တချိန်လုံးအရက်သောက်နေလို့ မိဘလည်း ထိမ်းမနိုင်တော့လို့ ရွာဉီးကျောင်းက ဆရာတော်ဆီ သွားအပ်ပါတယ်။ ကျောင်းရောက် တော့ ဆရာတော်က ငါ့ကျောင်းမှာ နေရင်ငါ့စည်းကမ်းလိုက်နာရမယ်။ ဖိုးသူတော်ဝ◌တ်ပြီး ဆွမ်းခံရင် ထမ်းဆိုင်းနဲ့လိုက်ရမယ်လို့ပြောပါတယ်။ အမူးသမားကလည်း ဆရာတော်ခိုင်းတာအကုန်လုပ်ပါမယ်။ ဖိုးသူတော်တော့ မလုပ်နိုင်ဘူးလို့ ခါးခါးသီးသီးငြင်းသတဲ့။

ဘယ်လိုမှ ပြောမရတဲ့နောက်ဆုံး ဆရာတော်က အေး.. ကောင်းပြီ၊ ဒါဆို ဆွမ်းခံထွက်ရင် ဆိုင်းထမ်းထမ်းပြီး လိုက်ရမယ် ဆိုတော့ ..လိုက်မယ်၊ ဖိုးသူတော်တော့မဝ◌တ်ဘူးလို့ပြန်ပြောတယ်။ ဆရာတော်ကခါ ဆိုင်းထမ်းထမ်းတဲ့ အချိန် ကြေးစည်လေး ထုရမယ်ဆိုတော့ ရတယ်၊ ဖိုးသူတော်တော့မလုပ်ဘူးလို့ပြောပြန်ရော။ ပြီးတော့ ဆရာတော်က ဆွမ်းခံရင် ဒီအတိုင်းတော့မရဘူး ခေါင်းပေါင်းဖြူနဲ့ အပေါ်အောက်ဝ◌တ်စုံဖြူ ဝ◌တ်ရမယ်ဆိုတော့ ...ရတယ် ဝ◌တ်မယ်ဘုရား၊ ဖိုးသူတော်တော့မလုပ်ဘူးလို့ ပြန်ပြောသတဲ့။

 ဒါနဲ့နောက်ဆုံး ဘုန်းကြီးကျောင်းမှာနေပြီး ဝတ် ဖြူစင်ကြယ်ဝတ်၊ ဆိုင်းထိုင်းလေးထမ်း ကြေးစည်တီးပြီး နေ့စဉ်ဆွမ်းခံထွက်နေတဲ့ အမူးသမားကိုမြင်ရသတဲ့။

အဲဒီပုံပြင်လေးပြောပြီးရော သူ့ရဲဘော်တွေကို ထမင်းပြင်ခိုင်း ထမင်းကျွေးပြီး ပြန်လွှတ်လိုက်ပါတယ်။

သူတို့လည်း အူကြောင်ကြောင်နဲ့ပြန်လာပြီး စခန်းရောက်မှ ပညာပေးခံလိုက်ရကြောင်း စဉ်းစားမိပါသတဲ့။

ဇော်ဝင်းလွင် (၂၁၂)
+  https://www.facebook.com/Zgyi.Mig/posts/3032966183435459 စာရေးသူ၏ခွင့်ပြုမှုဖြင့် ဖော်ပြပါသည်။