Breaking News

နေစိမ့် - ကပ်ထား

ကပ်ထား
နေစိမ့်
(မိုးမခ) မေ ၂၊ ၂၀၂၀

ကပ်ကြီးထဲမှာ 
သွားလေရာ မျက်နှာမှာ Mask ကပ်ထား
ခြံတံခါးဝမှာ ညအိပ်ဧည့်သည် လက်မခံပါ
လက်ဆေးရန်စာတန်းကို ကပ်ထား
ကပ်ကြီးထဲမှာ
ရှောင်တခင်ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို
အသည်းထဲစွဲနေအောင် ခေါင်းထဲမှာ ကပ်ထား
အချိန်နဲ့တပြေးညီ
ကောလဟလတွေကို အမှိုက်ပုံးထဲထည့်ဖို့
တီဗွီနဲ့ မျက်စိကို ကပ်ထား
ယောနိသော မနသီကာရကို ရင်ဘတ်မှာ ကပ်ထား
ဝင်လေထွက်လေကို နှာသီးဖျားမှာ ကပ်ထား
ကပ်ကြီးထဲမှာ
အရေပြားပေါ်က ခွာချသင့်တဲ့အရာတွေ ခွာချ
ကပ်သင့်ကပ်ထိုက်တဲ့အရာမှန်သမျှ ကပ်ထား
ကပ်ကြီးထဲမှာ
ကပ်ထား ...။ ။