Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၉)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၉)

တတိယတော့ မြောက်ခဲ့ပါတယ်

(မိုးမခ) မေ  ၂၇၊ ၂၀၂၀

"မင်းကောင်း မင်းမြတ်တွေ လက်ထက်မှာ သူတော်စင် အဖြစ်နဲ့သာ မွေ့လျော်နေပြီး မင်ဆိုး မင်းညစ်တွေရဲ့ လက်အောက်မှာတော့ သူပုန်အဖြစ်နဲ့ ဂုဏ်ယူလိုက်စမ်းပါ" လို့ ဘီအီးဒီအောင်သိုက်ကြီး ပြောခဲ့သလို ဆရာတော်ကြီးတွေ ဦးဆောင်တဲ့ သံဃာတွေရော၊ ခေတ်အဆက်ဆက် တံတားခင်းပေးခဲ့တဲ့ကျောင်းသားတွေပါ အားလုံး ညီညီညွတ်ညွတ်နဲ့ တော်လှန်ခဲ့ကြတယ်။ သံဃာတွေဘက်က ဗုဒ္ဓဝါဒ၊ ဂန္ဓီဝါဒကို ကိုင်စွဲပြီး တော်လှန်ခဲ့ကြပေမယ့် စစ်အာဏာရှင်တွေဘက်က အကြမ်းနည်းနဲ့ တုန့်ပြန်လိုက်လို့ တချို့လဲ သူပုန်တွေ ဖြစ်ကြ၊ တချို့လဲ ဝရမ်းပြေးတွေ ဖြစ်ကုန်ကြတယ်။


သူတို့ဘက်က ဒီလို အကြမ်းဖက် ဖြိုခွင်းလိုက်လို့ ဦးစောမောင် စိတ်ဖောက်ပြန်ပြီး (ဆေးထိုးပြီး) အာဏာလု ခံလိုက်ရတယ်။ ဦးခင်ညွန့် အကျယ်ချုပ် အချခံရပြီး ဖယ်ရှားခံရတယ်။ အမိန့်ချတဲ့ စစ်ခုံရုံးဥက္ကဋ္ဌ စိတ်ဖောက်ပြန်သွားတယ်စတဲ့ ဆိုးကျိုးဆက်တွေကို မပြောပြလိုတော့ပေမယ့် ..သာသနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်တယ်ဆိုတာကိုတော့......


အဲဒီအချိန်က သာသနာမှာ ပရိယတ္တိ သင်ကြား ပို့ချမှုအပိုင်း အားကောင်းနေတဲ့ အချိန်။ အင်းစိန်ရွာမ ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာတင်မကပဲ တခြားတိုက်တွေ မြို့တွေမှာပါ ကြွပြီး ပရိယတ္တိ ပို့ချမှုတွေ လုပ်ပေးနေသလို၊ သာသနာ့ အာဇာနည်တွေကိုပါ မွေးထုတ်ပေးနေချိန်။ တိပိဋက ဆရာတော်ကလဲ အလင်္ကာရဘွဲ့ရ သာမဏေအညွန့်အဖူးလေးတွေကို နှစ်တိုင်းလိုလို ဖူးပွင့်စေတဲ့အချိန်။ မေဒိနီကျောင်းတိုက်ကလဲ ပီဘိစာသင်တိုက်ကြီး ဖြစ်တာနဲ့အညီ ကိုယ်တိုင်ဦးဆောင်ပြီး သာသနာအတွက် ပရိယတ္တိအပိုင်းကို ဟည်းဟည်းထ ပို့ချပေးနေတဲ့အချိန်။ ဘုန်းကြီးကောကလဲ မိုးနဲ့ ဆောင်းမှာ မန္တလေးမှာ သင်ကြား ပို့ချပေးပြီး၊ နွေရာသီရောက်ရင် ရန်ကုန်က ငွေကြာရံစာသင်တိုက်စတဲ့ ကျောင်းတိုက်ကြီးတွေ ကြွပြီး ဓမ္မာစရိယတန်းတွေကို စာပေပို့ချပေးနေတဲ့အချိန်တွေ ဖြစ်ကြသလို၊ မစိုးရိမ်တိုက်သစ်မှာလဲ သံဃာ(၈၀၀)ကျော် (၉၀၀)နီးပါးကို လက်ခံပို့ချရင်း ကြီးမားတဲ့ စာသင်တိုက်ကြီးတစ်တိုက်ဖြစ်အောင်  အရှိန်ယူနေတဲ့အချိန်။(ယခု..(၃၀၀၀) နီးပါး ရှိနေပြီ ဖြစ်ပါတယ်)


မင်းကွန်းတိပိဋကဆရာတော်ကြီးကိုယ်တိုင် စာတင်ပြီး တစ်မျိုး၊ နှုတ်နဲ့ မိန့်ပြီး တစ်ဖုံ၊ ဖုံးဆက်၍ တစ်နည်း ဒီစာချဆရာတော်တွေကို လွှတ်ပေးဘို့ အလီလီ တောင်းဆိုခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ပြီး အုတ်နံရံနဲ့ သံတိုင်ကြား..တချို့ဆို ရဲဘက်စခန်းတွေထိရောက်အောင် အပို့ခံခဲ့ရတယ်။ ဒီလို ဖမ်းလိုက်ကြချိန်မှာတော့ စာသင်တိုက် တော်တော်များများရဲ့ ဘဝဟာ လှိုင်းထန်နေတုန်း ပဲ့ကိုင်မရှိတဲ့ လှေလို ဘယ်လောက်တောင် တလွန့်လွန့် တလူးလူးဖြစ်နေမယ်ဆိုတာတော့ ပြောပြစရာတောင် လိုတော့မှာ မဟုတ်ပါဘူး။


ဆရာတော့်တို့ကို အမိန့်ချအပြီး ကိုယ်တိုင်လဲ ဝရမ်းကပ်ခံထားရလို့ ပြေးနေရချိန်မှာ မန္တလေးရောက်လို့ သတိတရ ရှိလွန်းလှပြီး သတင်းစကား ကြားချင်မိတာနဲ့ ညဘက်မှာ ကျောင်းသွားခဲ့လိုက်တယ်။ ကျောင်းပေါက်အရောက်မှာ ဘာဏကကျောင်းပေါ်ကလဲ ပဋ္ဌာန်းစာဝါ ချနေသံ ကြားရ၊ ဝေဒဂူကျောင်းဘက်ကလဲ အောက်ယမိုက်စာဝါ ချနေသံ ကြားရတယ်။ ဒါနဲ့..အနားက ဖြတ်လာတဲ့ တစ်ပါးကို မေးလျှောက်ကြည့်တော့ "ဆရာတော်ကတော့..ထောင်ထဲ ရောက်နေပြီ။ ဘုန်းကြီးဦးကေ(ယခုမဟာနာယက ဆရာတော်)နဲ့ ဘုန်းကြီးဦးသုစိတ္တ (ယခု..ရန်ကုန်၊ အလိုတော်ပြည့်၊ ဓမ္မာစရိယ တက္ကသိုလ် ဆရာတော်)တို့ နှစ်ပါးကိုတော့ ဆရာတော် အဖမ်းမခံရခင် ရှောင်ခိုင်းလို့ ရှောင်နေကြတယ်။ အခု..ဒီမှာ ဦးတိက္ခိန္ဒြိယ ( ယခု ပြည်ကြီးတံခွန်မစိုးရိမ်တိုက်သစ် ဆရာတော်)ပဲ အကြီးဆုံး ရှိတယ်။(ထိုအချိန်က နောင်တော်ကြီးဦးတိက္ခိန်ဟာ သကျသီဟ ကျမ်းမပြီးသေး) သူနဲ့အတူ ဘုန်းကြီးဦးတေဇော (ယခု ကံတက်ကုန်းဆရာတော်)နဲ့ ဦးဇဝနဗုဒ္ဓိတို့က အုပ်ချုပ်ရင်း စာကူ ချပေးနေကြတယ်" လို့ ရှင်းပြလို့ ရင်ထဲ အတော် ဆို့သွားပေမယ့် ဆရာတော်နဲ့ နာယကနှစ်ပါး မရှိခိုက် အရှိန်မပျက် စောင့်ရှောက်ပေးတဲ့ အကို..နောင်တော်ကြီးတွေကို အကြိမ်ကြိမ် ဦးတိုက်နေမိတယ်။


အဆိုးထဲက အကောင်းထွက်တယ် ပြောရမလားပဲ။ ဒီနောင်တော်ကြီးတွေ စုပေါင်းအုပ်ချုပ်နေကြတဲ့ အချိန်မှာပဲ အဂ္ဂမဟာအကျော်နှစ်ပါး ဆက်တိုက် ထွက်တယ်။ ဒီနှစ်ပါးကတော့ ဦးနိမ္မလ( ဂဲ့သားမွေး၊ အရာတော်)နဲ့ ဦးဣန္ဒာဝုဓ( သီတဂူကျောင်း၊ ရွှေဘို)တို့ပဲ ဖြစ်ပါတယ်။ တိုက်သစ်ရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် အဂ္ဂမဟာအကျော်တွေပေါ့။ သူတို့နှစ်ပါးလုံးက ဆရာတော်သီတင်းသုံးတဲ့ ဒါယာဒကျောင်းကချည်း။ သူတို့ နှစ်ပါးအရင် တိုက်သစ်ရဲ့ ပထမဆုံး အဂ္ဂမဟာအကျော်ဘွဲ့ပိုင်ရှင်က ဦးနန္ဒိယတဲ့။ သူကတော့ ရမ်းဗြဲ၊ ဂျင်းတောသား။ ဆရာတော်ကြီးဦးသူရိယ လက်ထက်မှာ အောင်ခဲ့တာ။ သူ့တပည့်တွေ ဒီလို နှစ်နှစ်ဆက်တိုက် အထူးအောင်တွေ ရကြတဲ့သတင်းကို ဆရာတော် ကြားတော့ အတော် ဝမ်းသာသွားပြီး အောင်တဲ့ တပည့်တွေကိုရော၊ ထိန်း​ကျောင်းပေးတဲ့ တပည့်ကြီးတွေကိုပါ အတော် ချီးကျူးသတဲ့။


ဒီလိုတွေ အတင်း ဖြိုခွဲလိုက်ကြလို့ တိုက်ထဲ ပြန်မဝင်ရဲတော့ပဲ သကျသီဟဖြေဆိုခွင့် ဆုံးရှုံးသွားတဲ့သူတွေ၊ တချို့ဆို ကိုယ့်ရပ်ရွာကတောင် လက်မခံရဲလို့ လူထွက်ပြီး ဘဝပျက်သွားတဲ့သူတွေ၊ တချို့လဲ သင်္ကန်းဝတ်နဲ့ တွေ့ရင် အဖမ်းခံရမယ်ဆိုတာ သိလို့ အသွင်ပြောင်းကြတဲ့သူတွေနဲ့ စုံစီနဖာပဲ။ အဲဒီကျမှ "ဪ...အာဏာအတွက်နဲ့ဆို သာသနာလဲ မငဲ့ကွက်တတ်ပါလား၊ အာဏာအတွက်ဆို သံဃာကို နင်းကြမ်းပြုပြီး ရာထူးအာဏာ တည်မြဲအောင် လုပ်တတ်ကြပါလား" လို့ သုံးသပ်မိလိုက်တယ်။ 


အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ဖြိုခွဲခံခဲ့ရသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ဘဝတွေ ပျက်ခဲ့ရသည်ဖြစ်စေ၊ ဒါ ဗုဒ္ဓသာသနာတော်နှစ် ၂၅၃၄နှစ်အတွင်းမှာ .....ဝဍ္ဎလိစ္ဆဝီနဲ့ ခုံတော်မောင်ကျဘမ်းတို့ကို ကံဆောင် သပိတ်မှောက်အပြီး မန္တလေးသံဃာတွေ သပိတ်မှောက်ခဲ့ကြတဲ့ တတိယမြောက်ကံဆောင်သပိတ်မှောက်ပွဲကြီးဟာ၂၇၊ ၈၊ ၁၉၉၀ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၂ခုနှစ်၊ တော်သလင်းလဆန်း ၈-ရက်နေ့မှာ ဖြစ်ခဲ့တယ်ဆိုတာ၊ အစိုးရတဖွဲ့လုံးကို သပိတ်မှောက်ခံရတာကတော့ ပထမဆုံးဘဲဆိုတာကတော့.. .


ပတ္တနိက္ကုဇ္ဇန ပဲ့ကိုင်ရှင်ဆရာတော် ဘုန်းကြီးကော(ဦးကောဝိဒါဘိဝံသ၊ ပိဋကကျောင်းဆရာတော်၊ မစိုးရိမ်တိုက်ဟောင်း)ရေးသားသည့် ပတ္တနိက္ကုဇ္ဇန ကမ္မဝါ

* နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ *
သုဏာတု မေ ဘန္တေ သံဃော၊ စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာမရမ္မရ​ေဋ္ဌ မဟာစောရယောဓရာဇာနော ဘိက္ခုသံဃံ ဝိဟေဌေန္တိ အနုဒ္ဓံသေန္တိ။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော စဏ္ဍာနံ ရုဒ္ဓါနံ ရဘသာနံ အဒယာလုကာနံ ဝိဟေသကာနံ မရမ္မရ​ေဋ္ဌ မဟာစောရယောဓရာဇူနံ ပတ္တံ နိက္ကုဇ္ဇေယျ အသမ္ဘောဂံ သံဃေန ကရေယျ၊ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာမရမ္မရ​ေဋ္ဌ မဟာစောရယောဓရာဇာနော ဘိက္ခုသံဃံ ဝိဟေဌေန္တိ အနုဒ္ဓံသေန္တိ။ သံဃော စဏ္ဍာနံ ရုဒ္ဓါနံ ရဘသာနံ အဒယာလုကာနံ ဝိဟေသကာနံ မရမ္မရ​ေဋ္ဌ မဟာစောရယောဓရာဇူနံ ပတ္တံ နိက္ကုဇ္ဇတိ၊ အသမ္ဘောဂံ သံဃေန ကရောတိ၊ ယဿာ ယသ္မတော ခမတိ၊ စဏ္ဍာနံ ရုဒ္ဓါနံ ရဘသာနံ အဒယာလုကာနံ ဝိဟေသကာနံ မရမ္မရ​ေဋ္ဌမဟာစောရယောဓရာဇူနံ ပတ္တဿ နိက္ကုဇ္ဇနာ အသမ္ဘောဂံ သံဃေန ကရဏံ၊ သော တုဏှဿ ယဿ နက္ခမတိ၊ သော ဘာသေယျ။
နိက္ကုဇ္ဇိတော သံဃေန စဏ္ဍာနံ ရုဒ္ဓါနံ ရဘသာနံ အဒယာလုကာနံ ဝိဟေသကာနံမရမ္မရ​ေဋ္ဌ မဟာစောရယောဓရာဇူနံ ပတ္တော အသမ္ဘောဂေါ သံဃေန ခမတိ သံဃဿ၊ တသ္မာ တုဏှီ ဧဝမမေတံ ဓာရယာမိ။

ဥုံဖွခေါ် ဦးလာဘ၏ သပိတ်မှောက်ကမ္မဝါ ဘာသာပြန်
နားထောင်တော်မူကြပါဘုရား။


ဒီမြန်မာနိုင်ငံမှာ ကြမ်းတမ်းတဲ့၊ ပိတ်ဆို့နှိပ်စက်တတ်တဲ့ သဘောရှိတဲ့၊ နိုင်ထက်ကလူ ပြုမူတတ်တဲ့၊ သနားတတ်တဲ့ အလေ့မရှိတဲ့၊ သူတစ်ပါးကို ညှဉ်းပမ်း နှိပ်စက်တတ်တဲ့ လက်နက်ကိုင် သူခိုးစစ်ဘုရင်ကြီးတွေဟာ သံဃာတွေကို ညှဉ်းပမ်း နှိပ်စက် ဖျက်ဆီးကြပါတယ်ဘုရား။
ဒါဟာ သပိတ်မှောက်ဖို့ လုံလောက်တဲ့ အကြောင်းပြည့်စုံခြင်းရယ်ပါဘုရား။
ဒီလို မကောင်းတဲ့ ဂုဏ်ထူးဝိသေသတွေကို ပိုင်စိုးထားတဲ့ လက်နက်ကိုင် သူခိုးစစ်ဘုရင်ကြီးတွေကို သံဃာတော်တွေက အမှန်တကယ်ကို သပိတ်မှောက်သင့်ကြပါတယ်ဘုရား။ သူတို့နဲ့ပတ်သက်တဲ့ သာရေး နာရေးကိစ္စ မှန်သမျှကို လျစ်လျူရှု ဖြတ်တောက်သင့်တယ်လို့ တပည့်တော် သိစေပါတယ်ဘုရား။
ဒါ့ကြောင့် ..ဒီသိမ်ထဲမှာ ကံဆောင်လိုက်တဲ့ အချိန်ကစလို့ လက်နက်ကိုင် သူခိုးစစ်ဘုရင်ကြီးတွေကို သပိတ်မှောက်လိုက်ကြပါပြီဘုရား။ သူတို့နဲ့ပတ်သက်တဲ့ သာမှု နာမှုမှန်သမျှကို ဖြတ်လိုက်ပါပြီဘုရား။
ဥုံဖွ