Breaking News

မောင်စွမ်းရည် - ‘လော်’ ယဉ်ကျေးမှုရဲ့ မယဉ်ကျေးပုံများ



မောင်စွမ်းရည် - ‘လော်’ ယဉ်ကျေးမှုရဲ့ မယဉ်ကျေးပုံများ

မေ ၂၇၊ ၂၀၂၀

‘လော်’ ဆိုတာ ဗမာပြည် ကျေးလက်တောရွာတွေမှာ ကြားခဲ့ရဖူးတဲ့ ဝေါဟာရပါ။ အတိုကောက် ခေါ်တာ ဖြစ်ပါတယ်။ အရှည်က ‘လော်စပီကာ’တဲ့။ တချို့က ‘လော်စပီတာ’တဲ့။ တချို့က ‘လောက်စပီကာ’လို့ ခေါ်ကြပါတယ်။ ခုတော့ တော်တော်များများက ‘အသံချဲ့စက်’လို့ပဲ ခေါ်တွင်လာကြပါပြီ။

ဗမာပြည်မှာ လော် မပါရင် အလှူမင်္ဂလာ မမြောက်သလောက်ပါပဲ။ အလှူမင်္ဂလာဆိုရင် လော် ပါကြရပါတယ်။ တချို့ဟာ ‘လော်’ ငှားစားပြီး ချမ်းသာကြွယ်ဝသွားသူတွေ ရှိကြပါတယ်။ လော် ငှားစားသူများဟာ ရှေးသီချင်း၊ ခေတ်သီချင်း၊ တရားခွေ၊ ခေတ်ဇာတ်လမ်း၊ ရှေးဇာတ်လမ်း အစုံအလင် ဝယ်ထားရပါတယ်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ တွံတေးသိန်းတန်၊ မေရှင်၊ မာမာအေး၊ သန်းလှိုင်၊ သိန်းဇော်၊ ဦးဥတ္တမ၊ ဦးဝိစိတ္တ၊ ကြာနီကန်၊ အပျိုခေါင်း၊ လူပျိုခေါင်းတွေကလည်း တောင်းဆိုလေ့ရှိကြပါတယ်။

ကျေးလက်တောရွာ အလှူမင်္ဂလာပွဲတွေမှာ ထမင်း ဟင်း ချက်သူ၊ ရေစည်တိုက်သူ၊ ရေထမ်းသူ စတဲ့ ဝေယျာဝစ္စသမားများကလည်း အရေးပါကြပါတယ်။ သူတို့က “အရေးကြီးလို့ လော်ကြီး ခဏပေးပါဦး” ဆိုရင် လော်သမားကလည်း ပေးလိုက်ရတာပါပဲ။

“ရေတာဝန်ခံ ကိုရင်ထွန်းခင်ဗျာ၊ ကျွန်တော်များ ဆွမ်းဟင်းချက်တဲ့ နေရာမှာ ရေကုန်နေပါပြီ၊ ရေတစည် အမြန်ပို့ပေးပါခင်ဗျာ၊ ခု လော်ကြီးပေါ်က စကားပြောသူ မောင်သာချို ဖြစ်ပါတယ် ခင်ဗျား”

“ဓာတ်စက်တာဝန်ခံသူ ကိုခင်မောင်မြင့်ခင်ဗျာ၊ ကျွန်တော်များ ဆွမ်းဟင်းချက်ပြုတ်ရေး တာဝန်ခံအဖွဲ့ အတွက် တွံတေးသိန်းတန်ရဲ့ ‘ထွေးညို’ သီချင်းလေးဖြင့် အပန်းဖြေ တင်ဆက်ပေးရန် ပန်ကြား မေတ္တာရပ်ခံ ပါတယ် ခင်ဗျား”

“ဖိနပ်တာဝန်ခံ ကိုကျော်ရင်မြင့် ခင်ဗျား၊ ဆရာတော်များ ကြွရောက်လာပြီ ဖြစ်ပါသဖြင့် ဖိနပ်များကို နံပါတ်စဉ်များဖြင့် စနစ်တကျ လက်ခံထားရန် ပန်ကြားပါသည် ခင်ဗျား”

စတဲ့ စတဲ့ အသံတွေဟာ သီချင်းတပုဒ်ပြီးတိုင်း၊ တရားခွေတပုဒ် ပြီးတိုင်း ကြားညှပ်ပြီး အော်နေတတ်ပါတယ်။ အော်သူ၊ ခေါ်သူကလည်း လူနာမည်၊ တာဝန်ခံအမည်တွေကို ထပ်တလဲလဲ ဖော်ထုတ်ကြေညာပြီး ခေါ်ရပါတယ်။ ဒါမှလည်း လုပ်အားပေးကြရကျိုးနပ်တယ်လို့ သဘောရပါတယ်။

ကိုရင်ထွန်းက မဏ္ဍပ်ထဲမှာ လူစုစုကြားထဲကို သွားရောက်ရောနှော လက်ဖက်စား၊ ကွမ်းစား၊ ဆေးသောက် လုပ်နေရာက “ဒီ သာချိုဆိုတဲ့ကောင်ဟာ ကိုရင်ထွန်း၊ ကိုရင်ထွန်းနဲ့ အားတိုင်း ခေါ်နေတာပဲဗျ။ ရေတာဝန်ခံ ကိုရင်ထွန်း ဆိုပြီး ခေါ်ခေါ်နေတာ အားကို မအားရ၊ နားကို မနားရပါဘူး” လို့ ပြောပြီးမှ လူကြားထဲက ထသွားတတ်ပါတယ်။ ဒါက အရသာ။

အလှူမင်္ဂလာတခု လုပ်ရင် ဒီလို လော်သံ၊ အော်သံတွေဟာ ရက်သတ္တတပတ်လောက် ကြာတတ်ပါတယ်။ နေ့ရော ညရောပါ။ ကျေးလက်တောရွာတွေမှာ ဒီလို အသံလေးတွေ မကြားရရင် မနေတတ်ကြတော့ပါဘူး။ ကောက်ပဲသီးနှံ ရိတ်သိမ်းပြီး အလုပ်ပါးချိန်ရောက်ရင်တော့ နေ့ ည မပြတ် ကြားနေရပြီး တရွာလုံးကလည်း လူကြီး၊ လူငယ်မရွေး နားစွင့်ပြီး အရသာခံကြပါတယ်။ သူတို့ အလုပ်ခွင်တွေမှာ ဒါလေးတွေကို စားမြုံ့ပြန်ပြီး အရသာခံကြပါတယ်။ မြို့ ဆိုတာလည်း တောက တက်လာတဲ့လူတွေက များတာ မဟုတ်လား။ မြို့ကြီးပြကြီး တွေရဲ့ ဆင်ခြေဖုံး၊ ကွက်သစ်တွေမှာ အလှူမင်္ဂလာ လုပ်ကြရင် ကျေးလက်တောရွာတွေအတိုင်းပဲ လော် ထည့်ပြီး ဧည့်ခံကြတာဟာ နေ့ရော ညရောပါ။ ညဉ့်နက်သန်းခေါင်လည်း မရှောင်ဘူး။ စာမေးပွဲချိန်လည်း မရှောင်ပါဘူး။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ ဖြစ်နေပြီ မဟုတ်လား။

တကယ်တော့ ဒီယဉ်ကျေးမှု ‘လော်’ဓလေ့ထုံးစံဟာ အတော် မယဉ်ကျေးတဲ့ကိစ္စပါ။ ဒါမျိုး ‘လော်’ ယဉ်ကျေးမှုဆိုတာ ဗမာပြည်မှာပဲ ရှိတယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဓလေ့ကို ထိန်းသိမ်းပြုပြင်သင့်တာ တော့ အမှန်ပဲလို့ ယူဆပါတယ်။ အလှူမဏ္ဍပ်တွင်းမှာ ကိုယ့်ပရိသတ် ကြားရုံလောက်ပဲ ဖွင့်သင့်တယ် ထင်ပါတယ်။ ဒီလို ဖွင့်တာကိုလည်း ညလုံးပေါက်၊ တပတ်လုံး ဖွင့်နေဖို့ မသင့်ပါဘူး။ ခုအခါ လူအိမ်ထောင်စုတိုင်းမှာ ကက်ဆက်တွေ၊ ရေဒီယိုတွေ ရှိနေတာ များပါတယ်။ ကိုယ့်အိမ်မှာပဲ ကိုယ် ကြိုက်ရာ ဖွင့်ပြီး နားသောတဆင်နိုင်ကြပါတယ်။ အိမ်တိုင်းလိုမှာ ရေဒီယို၊ ကက်ဆက်တွေ ရှိနေကြပြီဆိုတော့ တအိမ်နဲ့ တအိမ် ဂုဏ်တု ဂုဏ်ပြိုင် လုပ်စရာလည်း မလိုတော့ဘူးဆိုတော့ ရွာလုံးကြားအောင်၊ ရပ်လုံးကြားအောင် အသံလွှင့်နေစရာ မလိုတော့ဘူးလို့ ယူဆပါတယ်။

သေချာတာကတော့ ဒီဆောင်းပါးကို ရေးလိုက်မိတဲ့အတွက် စာရေးသူကို ဝိုင်းပြီး မေတ္တာပို့ကြမှာပါပဲ။ လမ်းပေါ်မှာတွေ့ရင် ဝိုင်းရိုက်ကြမလား မဆိုနိုင်ပါ။ အမြစ်တွယ်နေပြီဖြစ်တဲ့ ဓလေ့ထုံးစံ ဖြစ်နေပြီဆိုတော့ ပြန်ပြင်ဖို့ တော်တော်ခက်ခဲပါတယ်။

ပထမအဆင့်အနေနဲ့ အသံချဲ့စက်ဥပဒေအဖြစ်နဲ့ ထုတ်ပြန်ကြေညာမှ ဖြစ်မယ် ထင်ပါတယ်။

(၁) ဘုန်းကြီးကျောင်းများ၊ တရားရိပ်သာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ ကျယ်လောင်စွာ မဖွင့်ရ။

(၂) ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း အသံချဲ့စက်များ မဖွင့်ရ။

(၃) ဤသို့သော နေရာများတွင် အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပါက ဒဏ်ငွေနှင့် ထောင်ဒဏ် တခုခုသော် လည်းကောင်း၊ နှစ်ခုလုံးသော် လည်းကောင်း ကျခံစေရမယ်။

ဘယ့်နှယ်လဲ။ ဒီလောက်က စတင်ပြီး ကန့်သတ်ပေးလိုက်ရင် အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်တာဟာ လူတွေကို အနှောင့်အယှက်ဖြစ်တတ်ပါကလား ဆိုတာကို နည်းနည်းတော့ သတိပြုမိလာမှာပါ။

ဒီလို ဥပဒေ စည်းကမ်းတွေ ထုတ်ပြန်တာဆိုရင် အစိုးရကို အတိုက်အခံ နိုင်ငံရေးသမားများကလည်း ဘာသာရေးနဲ့ ရန်တိုက်ပေးတာမျိုး မလုပ်နိုင်တော့ဘူးပေါ့။ ဒီလိုဆိုရင် လေထုညစ်ညမ်းမှု တမျိုးတော့ အများကြီး သက်သာသွားပါလိမ့်မယ်။

လော်မာတဲ့ လော် ယဉ်ကျေးမှု ကျဆုံးပါစေ။

မောင်စွမ်းရည်

၁၄ ဧပြီ ၂၀၂၀