Breaking News

နေသွင်ညိဏ်း - တာဝန်သိစိတ်နဲ့ တိုက်တဲ့ စစ် (ဂျပန်ပြည်က သင်ခန်းစာ)

တာဝန်သိစိတ်နဲ့ တိုက်တဲ့ စစ် 
(ဂျပန်ပြည်က သင်ခန်းစာ)
နေသွင်ညိဏ်း
(မိုးမခ) မေ ၂၀၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ် စစ်ဆင်ရေးမှာ ဂျပန်က အယောင်ယောင် အမှားမှားလို့ ထင်စရာ ရှိပါတယ်။ ရောဂါ ရှိမရှိ စစ်ဆေးမှုနှုန်းကလည်း လူဦးရေရဲ့ ၀.၁၈၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒါပေမယ့် ဂျပန်ဟာ ကမ္ဘာမှာ လူသေနှုန်း အနည်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကျန်းမာရေး စနစ်မှာလည်း မနိုင်ဝန်ပိတာမျိုး မဖြစ်ခဲ့ပါဘူး။ ကူးစက်မှု နှုန်းကလည်း ကျဆင်းနေပြန်တော့ ဂျပန်ဟာ ကြက်ကန်း ဆန်အိုးတိုးနေသလား စဉ်းစားစရာ ဖြစ်နေတယ်။
ရောဂါ ရှိမရှိ စမ်းသပ်မှုနဲ့ပတ်သက်လို့ နည်းနည်းနဲ့ ကျဲကျဲပဲ လုပ်မယ်လို့ အာဏာပိုင်တွေက ခပ်စောစောကတည်းက ပြောခဲ့တယ်။ လူသေနှုန်း နည်းနိုင်သမျှ နည်းဖို့ကိုသာ အာရုံစိုက်မယ်လို့ ဆိုတယ်။ အရင်က WHO မှာ တာဝန်ထမ်းခဲ့ပြီး အခုအချိန်မှာ အစိုးရရဲ့ စီမံကိန်း ရေးဆွဲရေးမှာ အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့ ရှိဂါရု အိုမီက ဂျပန်ရဲ့မဟာဗျူဟာက ကူးစက်မှုကို အတတ်နိုင်ဆုံး ထိန်းထားပြီး လူသေနှုန်းကို လျော့နည်းစေဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ဆန်းပိုင်းက ပြောခဲ့ပါတယ်။
ရလဒ်တွေကလည်း အထင်ကြီးစရာကောင်းပါတယ်။
မေလ ၁၄ ရက်နေ့အထိ ဂျပန်မှာ ကိုဗစ် ၁၉ နဲ့ ဆက်စပ်လို့ သေဆုံးသူ ဦးရေ ၆၈၇ ယောက် ရှိပါတယ်။ လူတစ်သန်းမှာ ၅ ယောက် နှုန်း ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အမေရိကန် ပြည်ထောင်စုမှာ သေဆုံးသူ ၈၅၂၆၈ ရှီပါတယ်။ လူတစ်သန်းမှာ ၂၅၈ ယောက် နှုန်းဖြစ်ပါတယ်။ စပိန်မှာ လူတစ်သန်းမှာ ၅၈၄ ယောက်နှုန်း သေဆုံးခဲ့ပါပြီ၊ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ အောင်မြင်မှု ရပါတယ်ဆိုတဲ့ ဂျာမနီမှာတောင် လူတစ်သန်းမှာ ၉၄ ယောက် သေဆုံးခဲ့ပါပြီ။
ဂျပန်ဟာ တရုတ်ပြည်နဲ့လည်း နီးကပ်နေတာကြောင့် ကိန်းဂဏန်းတွေ ဒီလောက်နည်းနေတာကို အကဲခတ်တွေက အံ့သြနေကြတယ်။ လူအိုဦးရေ များတဲ့ နိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှု အခြေအနေ ဆိုးတယ်လို့ ဆိုကြပေမယ့် ကမ္ဘာမှာ လူအို ဦးရေ အင်မတန်များတဲ့ ဂျပန်ဟာ ကျိန်စာကနေ လွတ်မြောက်နေပြန်တယ်။ အပူချိန်နဲ့လည်း မဆိုင်ပြန်ဘူး။ ဂျပန်ရဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက လက်ရှိ ကိန်းဂဏန်းတွေဟာ အမှန်တကယ် ရှိတဲ့ အရေအတွက်အောက် နည်းကောင်း နည်းနိုင်တယ်ဆိုတာကို မငြင်းပါဘူး။ ဒါပေမယ့် နမိုးနီးယားလို တခြား ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးတဲ့ လူတွေကိုပါ ထည့်ပေါင်းရင်လည်း လူသေစာရင်းမှာ အရမ်းကြီး ကွာခြားသွားစရာမရှိဘူးလို့ ဆိုကြပါတယ်။
ဒီလို ဆိုတော့ အစိုးရ ပေါ်လစီကိုပဲ အမှတ်ပေးရမလား။ ကံကောင်းတယ်လို့ပဲ ပြောရမလား ဆိုတာ အကဲခတ်တွေအတွက် ဇဝေဇဝါ ဖြစ်စရာပါပဲ။ အစိုးရ ကိုယ်တိုင်ကလည်း အခုအချိန်ထိ ကျိုးကျိုးနွံနွံနဲ့ ပြည်သူကို သတိပေးနေတုန်းပါပဲ။ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဧပြီလကုန်ပိုင်းက သတိပေးစကား ပြောခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဂျပန်ပြည်မှာ ရောဂါ ကူးစက်မှု ဂရပ်မျဉ်းက အကျဘက်ကို ထိုးဆင်းနေပါပြီ။ ဧပြီ ၁၂ ရက်နေ့က ၇၄၃ အထိ အမြင့်ဆုံး ရောက်ခဲ့ပြီး မေလ ၁၄ ရက်နေ့ရောက်တဲ့အခါ ၅၇ ယောက်ပဲ ရှိတော့တယ်။
စမ်းသပ်မှု အရေအတွက်ကို ကြည့်တဲ့အခါ ဂျပန်ဟာ နိုင်ငံတကာ စံတွေရဲ့ အဝေးကြီးမှာ ကျန်နေတာကြောင့် အခြေအနေ တစုံလုံးကို မခြုံငုံမိတာလည်း ဖြစ်နိုင်ပါတယ်။ မေလ ၁၄ ရက်နေ့အထိ ဂျပန် တနိုင်ငံလုံးမှာ စမ်းသပ်ခဲ့တဲ့ အရေအတွက်ဟာ ၂၃၃၀၀၀ ပဲ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၂ဒသမ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီလို ဖြစ်အောင်လည်း တမင် ဒီဇိုင်းလုပ်ထားတယ်လို့ ပြောနိုင်ပါတယ်။
တောင်ကိုရီးယားလိုမျိုး လူအများကြီးကို စစ်ဆေးနိုင်တဲ့ စနစ်မျိုးကို ဂျပန်အစိုးရက ဖန်တီးမထားပါဘူး။ လူတစ်ယောက်မှာ ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေ ပြလာရင် သတ်မှတ်ထားတဲ့ ဆေးရုံကို ပို့၊ သီးသန့်ထားပြီး ဆေးကုပေးပါတယ်။ လူတွေကို အသက်ရူကြပ်လာတဲ့အခါ၊ အင်အားကုန်သလိုမျိုး ပင်ပန်းတဲ့အခါ၊ လေးရက်ဆက်တိုက် အပူချိန် ၉၉ဒသမ၅ ဖြစ်နေရင် ရောဂါ ပိုး ရှိမရှိ စစ်ဆေးခံဖို့ အကြံပြုထားပါတယ်။ စစ်ဆေးမှုကိုခံယူချင်တိုင်း ခံယူချင်လို့ မရပါဘူး။ ဗျူရိုကရေစီစနစ်အရ တင်းကြပ်ထားပါသေးတယ်။ သက်ကြီး ရွယ်အိုတွေနဲ့ အဖျားပြင်းထန်းနေသူတွေကို ချက်ချင်း စစ်ဆေးပေးဖို့ အစိုးရက စီစဉ်တာကလည်း နောက်ပိုင်းမှ ဖြစ်လာတာပါ။
တခြား နိုင်ငံတွေမှာ မိုဘိုင်ဖုန်းတွေ၊ အပလီကေးရှင်းတွေကို သုံးပြီး ခေတ်မီ နည်းလမ်းတွေကို သုံးပေမယ့် ဂျပန်ပြည်မှာတော့ ဆရာဝန်တွေဟာ လူနာမှတ်တမ်း ပုံစံ စာရွက်တွေမှာ လက်ရေးနဲ့ ဖြည့်နေရတုန်းပါပဲ။ လူနာ အသစ်ကို တွေ့ရင် ဆရာဝန်တွေက ပုံစံ စာရွက်မှာ ဖြည်ပြီး ဒေသဆိုင်ရာ ကျန်းမာရေးဌာနကို ပို့၊ ဒေသဆိုင်ရာ ကျန်းမာရေးဌာနကတဆင့် ဗဟို အစိုးရထံကို ပို့ရပါတယ်။
ဂျပန်ပြည်ရဲ့ lockdown ဆိုတာကလည်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘုရားစူး lockdown အဆင့်ပါပဲ။ အရေးပေါ် အခြေအနေကြေညာထားပေမယ့် အစိုးရဟာ လူတွေကို ကိုယ့်အိမ်မှာ ကိ်ုယ်နေကြဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဖို့အတွက် ဖိအားပေးလို့ မရပါဘူး။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အမေရိကန်က ဦးဆောင်ရေးဆွဲပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဂျပန်အစိုးရမှာ ဒီလို လုပ်နိုင်တဲ့ အာဏာမရှိပါဘူး။
ဒါကြောင့် ခပ်ခွာခွာနေထိုင်social distancing ဆိုတာဟာ ပြည်သူ တစ်ဦးချင်းစီရဲ့ တာဝန်သိစိတ်နဲ့ပဲ ဆိုင်ပါတော့တယ်။ အုပ်ချုပ်ရေး ဝန်ထမ်းတွေဟာ လူတွေကို ကိုယ်အိမ် ကိုယ်နေကြဖို့၊ စားသောက်ဆိုင်တွေကို ည ၈ နာရီ မတိုင်ခင် ပိတ်ဖို့၊ အရက်၊ ဘီယာတွေကို ည ၇ နာရီ နောက်ပိုင်း မရောင်းချဖို့ မေတ္တာရပ်ခံရုံပဲ တတ် နိုင်ကြပါတယ်။
ဂျပန် လူမျိုးတွေဟာ နဂိုကတည်းက တာဝန်သိစိတ်ကို တန်ဖိုးထားတဲ့ လူမျိုးဖြစ်လို့ တော်ပါတော့တယ်။ အစိုးရကလည်း ပုံမှန်သွားလာ နေထိုင်မှု ပုံစံကို ၇၀-၈၀ ရာခိုင်နှုန်းအထိ လျော့ချဖို့ မျှော်မှန်းပါတယ်။ ပြည်သူတစ်ဦးချင်းစီက လိုက်ပါ ဆောင်ရွက်တဲ့အတွက် ရည်မှန်းတဲ့ အတိုင်း နီးပါးလည်း တကယ် ဖြစ်လာပါတယ်။ မိသားစုတွေဟာ မေလဆန်း အားလပ်ရက်ရှည်ကြီးမှာတောင် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြပါတယ်။ အားလပ်ရက်မှာ ရထားစီးတဲ့ လူဦးရေဟာ ပုံမှန်ရှိရမယ့် ခရီးသွားလူဦးရေရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ မီးရထား ဌာနက ဆိုပါတယ်။ တိုကျို မြို့လယ်မှာ အသွားအလာတွေ ၆၀ ရာခိုင်နှုန်းလောက်လျော့သွားပါတယ်။
မျက်နှာဖုံး (mask) ကို ဝတ်ဖို့ကတော့ ဂျပန်မှာ အထူးတလည် တိုက်တွန်းနေစရာ မလိုပါဘူး။ ဂျပန်တွေဟာ ပုံမှန် အခြေအနေမှာလည်း အအေးမိတဲ့အခါ၊ နွေဦးပေါက်မှာ ဝတ်မှုန်တွေ ကာကွယ်ချင်တဲ့အခါမှာ ပုံမှန် မျက်နှာဖုံး ဝတ်လေ့ရှိတဲ့ လူမျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေမှာ ယဉ်ကျေးမှု ဆိုင်ရာ နောက်ထပ် အားသာချက်လည်း ရှိပါသေးတယ်။ တစ်ယောက်နဲ့ တယောက် ခပ်ခွာခွာ နေတတ်တာ၊ လက်ဆွဲနှုတ်ဆက်လေ့ မရှိတာနဲ့ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်တတ်နေတာကြောင့် ရောဂါကူးစက်မှု နှေးနေသလား တွေးစရာ တွေပါ။
လက်ရှိ အခြေအနေကို ဆက်လက် ထိန်းထားနိုင်ဖို့ ဝန်ကြီးချုပ် အာဘေးက အရေးပေါ် ကာလကို မေလကုန်အထိ သက်တမ်း တိုးထားပါတယ်။ ငြီးငွေ့လာတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ ကန့်သတ်ချက် တချို့ကိုတော့ လျော့ချပေးပါတယ်။ ပန်းခြံတွေနဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကိုပြန်ဖွင့်ပေးလိုက်တာမျိုး၊ တိုကျိုနဲ့ မြို့ကြီးတွေလောက် ရောဂါ ကူးစက်မှု အခြေအနေ မဆိုးတဲ့ မြို့တွေ၊ နယ်တွေမှာပြည်သူလူထုရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်တဲ့ စည်းကမ်းတွေကို ဖြေလျော့ပေးလိုက်တာမျိုးတွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း စည်းကမ်းတွေနဲ့ အညီ ပြန်လည်ပတ်ခွင့်ပြုပါတယ်။
ဒါပေမယ့် တခြားနိုင်ငံတွေမှာလိုပဲ ဂျပန်ပြည်အတွက်လည်း မေးခွန််းတစ်ခုကတော့ ကျန်နေပါတယ်။ ခြေနင်းဘရိတ်ကို လွှတ်ချလိုက်တဲ့အခါမှာ ဂျပန်ပြည်ဟာ ဘေးကင်းကင်းနဲ့ ရှေ့ကို ခရီးဆက်နိုင်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ရည်ညွန်း Japan’s Halfhearted Coronavirus Measures Are Working Anyway (FP)