Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) ရာပြည့်အမှတ်တရ

မျိုးသန့်ထွန်း(စစ်ကိုင်း) - သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) ရာပြည့်အမှတ်တရ

(မိုးမခ) ဧပြီ ၅၊ ၂၀၂၃


၆ ဧပြီလ ၂၀၂၃ ခုနှစ်ဆိုရင် ဆရာဒေါက်တာသန်းထွန်း နှစ်တစ်ရာ ပြည့်ခဲ့ပါတယ်။ မြန်မာ့စကားမှာ "အနှစ်တစ်ရာ ရှည်စေသော်ဝ်"လို့ ဆုတောင်းစကားရှိပါတယ်။ ဆရာသန်းထွန်းဟာ နှစ်ပေါင်းတစ်ရာအထိ မနေရသော်လည်း နှစ်‌ပေါင်းရှစ်ဆယ်ကျော် နေထိုင်ကာ အလုပ်တွေ အများကြီးလုပ်သွားတာကို လေးစားမိ၊ ဂုဏ်ယူမိရပါတယ်။

ဆရာသန်းထွန်းဟာ  လူသက်တမ်း ၈၂ နှစ်အထိ နေသွားပေမယ့် ဆရာ နေထိုင်သွားစဉ်တလျှောက်မှာ အဖိုးတန်ဆုံးအလုပ်တွေနဲ့ လုပ်ဆောင်သွားခဲ့ပါတယ်။ သုတေသနအလုပ် ဆိုတာ ဆရာသန်းထွန်းအတွက် မရှိမဖြစ်ဆုံး အရာပါ။ သမိုင်းသုတေသနနဲ့ ‌‌ဒေါက်တာသန်းထွန်းတို့ဟာ ‌သီးခြားခွဲထားလို့မရပါ။

ဒေါက်တာသန်းထွန်း ဆိုလိုက်တာနဲ့ သမိုင်းပညာရှာတဲ့သူလို့ သိနိုင်တယ်။ ဆရာက သမိုင်းပညာကို သုတေသနနဲ့ ရှာပါတယ်။သုတေသနမရှိဘဲ သမိုင်း ရေးလို့ကို မရဘူးလို့ ပြောတယ်။ ဆရာသန်းထွန်းက ငါ ပြောချင်သမျှ ငါ့အကြောင်းမှာ စာရေးသားပုံ ပြောဖူးပါတယ်။ ဆရာက စာရေးရာမှာ  "သုတေသနအဆင့်မီဖို့တော့ အရေးကြီးတယ်။ စာရေးတဲ့အခါ ဘယ်သူ့အတွက် ရေးတာလဲဆိုတာကိုငါ သတိထားတယ်။ သူငယ်တန်း ကျောင်းသားလား၊ ဆယ်တန်းကျောင်းသားလား၊ ဘီအေကျောင်းသားလား၊ အမ်အေကျောင်းသားလား၊ လမ်းပေါ်က လူလား၊ အသင့်အတင့်စာဖတ်ပြီးဗဟုသုတ အတော်သင့်သင့်ရှိပြီးသူလား၊ ပညာရှင်အချင်းချင်းအတွက်လား။ အဲဒီစံတွေနဲ့ကြည့်ပြီး ရေးတယ်"လို့ ဆိုပါတယ်။ စိတ်ကူးတွေများရင်းလည်း သမိုင်းမဖြစ်ဘူးလို့ ဆရာသန်းထွန်းက ခံယူထားပါတယ်။

 ဆရာသန်းထွန်းဟာ ကျောင်းဆရာဖြစ်တယ်။ အမှန်တော့ စာသင်ရတာ ဝါသနာမပါလှဘူး။သုတေသနပဲ ဝါသနာပါတယ်။ ဒါပေမဲ့ ကျွဲကူးရေပါသလို ကျောင်းဆရာဘဝနဲ့ သုတေသနတွေအများကြီး လုပ်ခွင့်ရတယ်။ ဆရာက ရှေးဟောင်းသုတေသနနဲ့ သမိုင်း ဆိုတာ လူတိုင်း တတ်ရမယ်လို့ ဆိုတယ်။ဆရာသန်းထွန်းရဲ့ ထင်ရှားတဲ့ စာရေးဆရာတဦးကို ပြောတဲ့စကားတခွန်း ရှိပါတယ်။

 စာရေးဆရာတဦးက "သမိုင်းကို ဘာကြောင့် သင်ရသလဲ"မေးတယ်။

ဆရာသန်းထွန်းက "မအ အောင်လို့" ဖြေတယ်။ မြန်မာလူထုအတွက် ဆရာက လိမ်ညာမခံရအောင်  သမိုင်း လေ့လာကြဖို့ တိုက်တွန်းလိုက်သလိုပါပဲ။

ဒီစကားကို ဘယ်နေရာ ၊ ဘယ်အချိန်က ပြောတယ်ဆိုတာတော့ တိတိကျကျ စစ်ဆေး လေ့လာရမယ်လို့ သမိုင်းပညာရှင်တဦးက ပြောဖူးတယ်။

 ဆရာဟာ မြန်မာနိုင်ငံသုတေသနသင်းမှာ အယ်ဒီတာ (၁၉၅၈-၆၁)ထိ သုံးနှစ်လုပ်ဖူးပါတယ်။ အဲဒါဟာ သိပ်ကိုအရေးကြီးပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ အဲဒီသုံးနှစ်ကာလကို ဆရာသန်းထွန်း အလုပ်တွေ တွန်းလုပ်တာကို မကြိုက်တဲ့သူရှိတာ အံ့ဩမိရပါတယ်။  အဲဒီသုတေသနအသင်းမှာ သုတေသနနဲ့ပတ်သက်တဲ့ အရာတွေ ဆရာက အများကြီး လုပ်ပေးသွားတယ်။ဆရာ့လက်ထက်မှာ မြန်မာနိုင်ငံ သုတေသနဂျာနယ်တွေ အထဲမှာ ဆရာက သု‌တေသနပုံစံနဲ့ သမိုင်းဆောင်းပါးကောင်းတွေ ပုံနှိပ်ထုတ်ဝေဖြစ်သွားပါတယ်။ အဲဒီသမိုင်းစာတမ်းကောင်းတွေကိုလည်း "ဗမာသမိုင်းဟင်းလေး" ဆရာကြီးဒေါက်တာသန်းထွန်းဂုဏ်ပြုစာတမ်းများ- (၁) (၂) (၃) ဆိုပြီး ယစာအုပ်အဖြစ်ထုတ်ဖူးတယ်လို့ထင်တယ်။ဲအဲ့ဒါမှားရင်းထောက်ပါ။ ထိုအသင်းထဲက သု‌ေတသနစာတမ်းအမျိုးမျိုး(ဘာသာရပ်ပေါင်းစုံ)စာတမ်းတွေက ဆရာသန်းထွန်း အကြိုက်ဆုံး စာတမ်းတွေ ဖြစ်ပါတယ်။ ထိုအသင်းမှာ ဆရာက သုံးနှစ်ကာလမှာ အလုပ် သိပ်လုပ်တယ်။ အဲဒီအသင်းကို မြန်မာနိုင်ငံသုတေသနအသင်းလို့ ခေါ်တယ်။ အင်္ဂလိပ်လို  JBRS(Journal of the Burma Research Society) ခေါ်တယ်။ ကြေးတိုင်းမင်းကြီး ဂျွန်စိ ဒေန်ဟမ် ဖာနီဗယ်(၁၈၇၈-၁၉၆၀) က ထိုအသင်းကို ၁၉၁၀ က စတင်တည်ထောင်ပေးခဲ့တယ်။ ထိုသုတေသနအသင်းကြီးကနေ သုတေသနသန စာတမ်းကောင်းတွေ အမြောက်အမြား မွေးထုတ်ပေးခဲ့ပါတယ်။ 

သို့သော် သုတေသနအကြောင်း မသိ နားမလည်တဲ့ ပုဂ္ဂိုလ်ကြီးတဦးကြောင့် ၁၉၈၀ မှာ မြန်မာနိုင်ငံ သုတေသနအသင်းကြီး ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဆရာကြီးဒေါက်တာသန်းထွန်းဟာ  သုတေသန စာတမ်း‌၊ ဆောင်းပါးတွေကို အသက်ဆုံးခန်းတိုင် လုပ်ဆောင်သွားခဲ့ပါတယ်။

တစ်ခါက စစ်ကိုင်းဘက်ကို ဆရာဒေါက်တာသန်းထွန်း သုတေသနခရီးသွားဖူးပါတယ်။ ထိုခရီးမှာ တက္ကသိုလ်ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းလည်း လိုက်ပါလာပါတယ်။ စစ်ကိုင်းက သမိုင်းကထိက ဒေါ်သွဲ့သွဲ့စစ် အိမ်မှာ တည်းခိုပါတယ်။ ဆရာဒေါက်တာသန်းထွန်းက တနေ့ကို ကြက်ဥ ငါးလုံးလား စားပါတယ်။ ဆရာဦးသော်ကောင်းက အဲ့သလောက်စားတာ ဆရာ မများဘူးလားလို့ ပြောပါတယ်။ အေး စားနေကျတော့ မများဘူးလို့ ပြောပါတယ်။ 

ဆရာသန်းထွန်းနဲ့ ဆရာသော် တို့ဟာ စစ်ကိုင်းတောင်၊ မင်းဝံတောင်၊ မင်းကွန်းဘက်ဆီကို သုတေသနခရီးနှင်ပါတယ်။ လမ်းမှာ ဆရာသန်းထွန်း မောတယ်ပန်းတယ် မရှိ။ သွားတဲ့အခါက နွေလအလယ်လောက်ပါ။ ဆရာသန်းထွန်းက ရေသောက်လိုက်၊ တွေ့တဲ့ ဘုရားတွေ၊ ဆင်းတုတော်တွေကို လက်ထဲက စာအုပ်နဲ့ မှတ်လိုက်လုပ်နေတာဟာ လူငယ်တယောက်လိုပါပဲ။ ဆရာသန်းထွန်းက ပြောပါတယ်။ 

စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ရပ်တော်မူဘုရားတွေက ပုဂံခေတ်လက်ရာတွေလို့ ပြောပါတယ်။ ဆရာသော်ကို သွားကြည့်ခိုင်းပါတယ်။ ဆရာသော်မှာ နေကပူပူ ဖိနပ်မပါ ကြည့်ရှုလေ့လာရပါတယ်။ 

ဆရာသန်းထွန်းကတော့ ဖိနပ်မချွတ်ပါဘူး။ လွယ်အိတ်ကြီးလွယ်ကာ မမောနိုင်မပန်းနိုင် မှတ်သားလေ့လာနေတာ တွေ့ပါတယ်။ ဆရာသန်းထွန်းက လူငယ်တဦးလိုပါပဲ။ သုတေသန ဆိုရင် စိတ်ရွှင်းလန်းနေတာ တွေ့ရပါတယ်။ 

စစ်ကိုင်းတောင်က ဘုရားအချို့က ပုဂံခေတ်လက်ရာလို့ ဆရာသန်းထွန်းက ပြောပြပါတယ်။ ဆရာသန်းထွန်းက စစ်ကိုင်းတောင်ရိုးက အချို့ဘုရားတွေကို အင်းဝ၊ ပင်းယ လက်ရာလို့ ထင်ထားတာ မဟုတ်ပါဘူး။ သွား‌ရောက်လက်တွေ့ကြည့်မှ သိရတာလို့ ပြောပါတယ်။ ထိုအကြောင်းအရာတွေကို ဆရာဦးသော်ကောင်းက စာရေးသူကို ပြောပြလို့ပါ။ 

ဆရာသန်းထွန်းက ဂျစ်ကားပေါ် ထိုင်နေရင်း ဆရာဦးသော်ကောင်းအား စစ်ကိုင်းတောင်ပေါ်က ပုဂံခေတ်လက်ရာဘုရားတွေ ဖြစ်ကြောင်း ပြောပြပါတယ်။ ဆရာသန်းထွန်းဟာ စစ်ကိုင်းတောင်က ရပ်တော်မူဘုရားတွေအကြောင်းကို စာတမ်းနေနဲ့ ယနေ့ထိ မတွေ့ရသေးပါ။ ဆရာသန်းထွန်းဟာ သုတေသနအတွက် မွေးဖွားလာတယ်လို့ ဆိုနိုင်ပါတယ်။ အထောက်အထား ခိုင်ရင် သုံးတယ်။ မခိုင်ရင် မသုံးဘူးလို့ သူ့လက်ကိုင်ဝါဒတခုလို့ မှတ်သားမိပါတယ်။ စိတ်ကူးရင်း ရေးတဲ့ စာ၊ စာတမ်း၊ သမိုင်းစာတမ်းလို့ မသတ်မှတ်ဘူးလို့ ကြားဖူးပါတယ်။ ဆရာဟာ သူသိပ်ချစ်တဲ့ မန္တလေးတက္ကသိုလ်နဲ့ သူ မြတ်နိုးတဲ့ သမိုင်းဌာနမှာ သုတေသနပြုနေရင်း ၃၀ နိုဝင်ဘာ၂၀၀၅ မှာ စွန့်ခွာသွားခဲ့ပါတယ်။

ဆရာသန်းထွန်း နောင်ဘဝမှာလည်း သုတေသနတွေ အများကြီး လုပ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

ဆရာသန်းထွန်း  နောက်ဘဝမှာ သုတေသနစာတမ်းတွေ ဆက်လက်ပြုစုနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar