Breaking News

အောင်မော်ဦး - နယူးနော်မယ်နဲ့စားသောက်ဆိုင်လုပ်ငန်းတွေ ..

Photo by Kevin D. Liles for The Washington Post
နယူးနော်မယ်နဲ့စားသောက်ဆိုင်လုပ်ငန်းတွေ ..
(New Normal and Restaurant Businesses)
အောင်မော်ဦး
(မိုးမခ) မေ ၂၀၊ ၂၀၂၀

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ပိတ်ထားတဲ့လုပ်ငန်းတွေ အားလုံးနီးပါးဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပြန်ဖွင့်လာနေကြပါပြီ။ စတေးအက်ဟုမ်းနေကြသူတွေလည်း လုပ်ငန်းခွင်သို့ ကိုယ်စီဝင်နေကြရပါပြီ။ ပညာရှင်အား လုံးနီးပါးလိုလိုကတော့ ခုလိုစောစောစီးစီးပြန်ဖွင့်နေကြတာဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေပါလိမ့်မယ်ဆိုတဲ့ မှတ်ချက်တွေကို သက်ဆိုင်ရာ အစိုးရမင်းတွေသိဖို့ အားမနာတမ်း ပြောကြားနေကြပါတယ်။ ဒါပေမယ့် အစိုးရတွေကတော့ ဖွင့်ရေးမူပါပဲ။


ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ တဦးနဲ့တဦး ၆ ပေခွာနေရင်တောင် မကူးပါဘူးလို့ အာမမခံနိုင်တဲ့လူအုပ်ကြီးဟာ ကူးစက်ခံရပြီး ပြန်လန်ကျလာဖို့များပါတယ်။ အဲဒီအခါမှာ စောစောက ဖွင့်ထားတာတွေကို ပြူးတူးပြဲတဲ ပြန်ပိတ်ကြရနိုင်ပါတယ်။ ကာကွယ်ဆေးမပေါ်မချင်း အဲဒီလိုပဲ အရဲကိုးဖွင့်လိုက်၊ ကြောက်လန့်တကြားပြန်ပိတ်လိုက်နဲ့ သံသရာလည်နေနိုင်ပါတယ်။ လူ့အသက်တွေဟာ ငွေတွေအတွက် ရင်းနှီးပေးလိုက်ရပြီး၊ အဲဒီငွေတွေနဲ့ပဲ လူ့အသက်တွေကို ပြန်ဆက်ကြမယ့် အလျော်အစားကြီးတဲ့ လောင်းကစားပွဲကြီးထဲမှာ ကျနော်တို့အဖို့တော့ အပေါ်ကြေးလည်း မဟန်၊ အောက်ကြေးလည်း ကွဲ၊ မိုးလင်းတော့ လက်ဖက်ရည်ဖိုးတောင်မကျန်အောင် အကောက်ပါရှုံးခဲ့ရတဲ့ လန်ဒန်ဒါဘီ ညပေါ့ဗျာ။

 အဲဒီလို ဖွင့်လိုက်ပိတ်လိုက် (On/Off) အခြေအနေမှာ ကျနော်တို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေကို အန္တရာယ်နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စဉ်းစားဖို့လိုအပ်လာပါတယ်။ ဒါကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့အချက်ကလေးတခုကို တင်ပြလိုပါတယ်။ (ဟိုတနေ့က စားပွဲခုံတွေမှာ လူ ရုပ်ကလေးတွေနဲ့နေရာဦးထားမယ်ဆိုတဲ့ သတင်းလေးကိုဖတ်ပြီး ဒီစိတ်ကူးကိုရပါတယ်)။ ခင်ဗျားတို့ရဲ့ပကတိအခြေအနေနဲ့လုပ်လို့ရနိုင်မရနိုင်ဆိုတာကတော့ တနေရာတမျိုး မတူကွဲပြားမှုရှိနိုင်ပါတယ်။ အခြေခံကတော့ social distancing ညွှန်ကြားချက်ပေါ်မှာပဲ တည်ဆောက်ရမှာပါ။ ချက်ပြုတ်မယ့်သူ၊ စားပွဲထိုးမယ့်သူ၊ ကောင်တာထိုင်မယ့်သူ စသဖြင့် ဆိုင်ရဲ့အခင်းအကျင်းကတော့ social distancing နဲ့ ညီညွတ် နေပါပြီ။ ဒါဆို စားသုံးသူဖောက်သည်တွေကို ဘယ်လိုဧည့်ခံကြိုဆိုကြမလဲပေါ့။

 ဥပမာ - ရုပ်ရှင်ရုံ ၁ ရုံဆိုပါစို့။ ဇာတ်ကားတကားကို ၂-၃ နာရီခြားတခါခြားပြီး တနေ့ကို ၄-၅ ကြိမ်ခွဲပြပါတယ်။ တနေ့တာပြသမယ့်အချိန်ဇယားကိုလည်း အွန်လိုင်း/အက်ပလီကေးရှင်းမှာ ဖော်ပြထားပါတယ်။ ကြည့်မယ့်သူက ဒီရုပ်ရှင်ရုံမှာ၊ ဒီရုပ်ရှင်ကားကို၊ ဒီနေ့၊ ဒီအချိန်၊ ဒီထိုင်ခုံမှာ၊ ဒီဈေးနှုန်းနဲ့၊ ဒီလက်မှတ်ကို အွန်လိုင်း/အက်ပလီကေးရှင်းကနေ ကြိုတင်လက်မှတ်ဝယ်လိုက်ပါပြီ။ ပြီးတော့ ရုပ်ရှင်မစခင် ဆယ့်လေးငါးမိနစ်လောက်စောပြီး ရုပ်ရှင်ရုံကိုသွားပါတယ်။ လက်မှတ်ကောင်တာမှာ တယ်လီဖုန်းက အက်ပလီကေးရှင်း(သို့) အီးမေး ပြလိုက်ပါတယ်။ ရုံစောင့်က စကင်ဖတ်ပြီးရင် သူ့အဖို့ ဝင်ကြည့်လို့ရပါပြီ။

ကောင်းပါပြီ။ ကျနော်တို့ စားသောက်ဆိုင်ကလေးကို အဲဒီရုပ်ရှင်ရုံစနစ်အတိုင်း တီထွင်ပြီးလုပ်ကြည့်ပါမယ်။ ဆိုကြပါစို့။ စားသုံးသူဖောက်သည်က ကျနော်တို့ဆိုင်ရဲ့ဝက်ဆိုဒ်/အက်ပလီကေးရှင်းကိုဝင်ကြည့်မယ်။ ပုံမှန်တွေ့နေကျ မီနူးနဲ့ဈေးနှုန်းကိုတွေ့ပါမယ်။ ပုံမှန်အတိုင်း စားချင်တာတွေမှာပါမယ်။ ပြီးရင် ခရက်ဒစ်ကဒ်နဲ့ငွေကြိုရှင်းပါမယ်။ ဒါက သူ့အတွက်မဆန်းတဲ့ လုပ် နေကျကိစ္စပါ။ ဒါပေမယ့် အဲဒီမှာ သူ့အတွက် နယူးနော်မယ်က ဘာပါလဲ။ ဖောက်သည်တဦး (သို့) စားပွဲဝိုင်းတဝိုင်းအတွက် သီးသန့်စားသုံးချိန် အချိန်ဇယားဆိုတာကို သူစတွေ့ပါလိမ့်မယ်။ ဖောက်သည်တဦး(သို့)တဝိုင်းကို လေးဆယ့်ငါးမိနစ်သတ်မှတ်ထားတယ်ဆိုတာကို သူဆက်တွေ့ပါလိမ့်မယ်။ ပြီးရင် ဘယ်ဆက်ရှင်ကို ယူမလဲဆိုတာရွေးချယ်ဖို့ သူတွေ့ပါလိမ့်မယ်။ ဥပမာ - မနက် ၈ နာရီကနေ ၈ နာရီ ၄၅ မိနစ်ဆက်ရှင်ကို ယူမလား၊ နေ့လည် ၁၁ နာရီကနေ ၁၁ နာရီ ၄၅ မိနစ်ကိုယူမလား၊ ညနေ ၄ နာရီကနေ ၄ နာရီ ၄၅ မိနစ်ကိုယူမလား စသဖြင့် ရွေးရမှာဖြစ်ပါတယ်။

အဲဒီလို အချိန်ရွေးပြီးရင် သူ့အတွက် “လမ်းညွှန်ချက်”တခု ဝက်ဆိုဒ်/အက်ပလီကေးရှင်းမှာ ပေါ်လာပါလိမ့်မယ်။ ဆိုကြပါစို့။ “ကျွန်ုပ်တို့စားသောက်ဆိုင်၏ ကားပါကင်နေရာသို့ရောက်လျှင် လူကြီးမင်းအတွက် reserve လုပ်ထားပေးသော ပါကင်အမှတ် (---)တွင် ကားရပ်ပါ။ ကားထဲမှနေ၍ ဖုန်းနံပတ် ၁၂၃၄၅၆၇၈၉ သို့ text ပို့ပါ။ ဒါမှမဟုတ် အက်ပလီကေးရှင်းမှ check in ကိုနှိပ်ပါ။ ကားထဲမှ ဆင်း၍ ဆိုင်ထဲသို့ တန်းဝင်မလာပါနှင့်။ စားသုံးရန်အစဉ်သင့်ဖြစ်လျှင် လူကြီးမင်းထံသို့ အကြောင်းကြားပါမည်။ ထိုအခါမှ ဆိုင်ထဲသို့ ဝင်လာပါရန်... ကျေးဇူးတင်ပါသည်“ စသဖြင့်။ အဲဒါကို Agree လုပ်ပြီးမှ သူ့ booking process ဟာ ပြီးဆုံးမှာဖြစ်ပါတယ်။

 ဒီလိုနဲ့ အဲဒီဖောက်သည်ဟာ သူယူထားတဲ့ဆက်ရှင်အတွက် အိမ်ကနေထွက်လာပြီး designated ပါကင်မှာ ကားရပ်ပါပြီ။ သူကားရပ်စောင့်နေစဉ်မှာပဲ သူ့ရှေ့ဆက်ရှင်ကလူတွေ စားပြီးထွက်လာကြတာကို တွေ့နေရမှာပါ။ အဲဒီဖောက်သည်ဆိုင်ထဲဝင်ခွင့်ရလို့ ဝင်လာချိန်မှာတော့ သူရောက်တာနဲ့တန်းပြီး စားနိုင်အောင် စားပွဲပေါ်မှာ ရယ်ဒီဖြစ်နေပါပြီ။ သူက ညနေ ၄ နာရီမှာလာစားပြီး ၄ နာရီ ၄၅ မိနစ်မှာ ပြန်သွားပါပြီ။ သူထိုင်ခဲ့တဲ့ဝိုင်းကို cleaning & sanitizing လုပ်ဖို့ ၁၅ မိနစ် အချိန်ရပါတယ်။ ကျနော်တို့ သန့်ရှင်းရေးလုပ်နေတဲ့ ၁၅ မိနစ်မှာ သူ့နောက်မှာလာစားကြမယ့် ဖောက်သည်တွေလည်း သူ့လိုပဲ ကားထဲမှာ ထိုင်စောင့်နေကြတာကို သူလည်းတွေ့မှာပါ။ ဒါပေမယ့် နောက်လူလည်း သူ့လိုပဲ ကားထဲကနေ ထွက်လာခွင့်မရသေးပါဘူး။ ဒါကြောင့်မို့ အဲဒီဖောက်သည်နှစ်ဖွဲ့ဟာ တဖွဲ့နဲ့တဖွဲ့ လူချင်းထိတွေ့မှုမရှိနိုင်တော့ပါဘူး။ ဒီအချက်ကလေးက ဖောက်သည်တွေအဖို့ ဒီဆိုင်ရဲ့ safety procedure က ငါတို့အတွက် လုံခြုံမှုရှိစေပါလားဆိုပြီး စိတ်ကျေနပ်မှုရရှိစေနိုင်မှာပါ။ ဒီနည်းနဲ့ သူတို့ရဲ့ recommendation ကိုတောင် ရနိုင်ပါလိမ့်မယ်။

ကျနော်တို့ဆိုင်မှာ စားပွဲ ၁၀ လုံးရှိပါတယ်။ ဒါပေမယ့် social distancing အရ ၅ လုံးပဲ အသုံးပြုပါမယ်။ (၅၀% လျော့ချ ကာကွယ်ထားပြီးပါပြီ)။ ပြီးတော့ ၄၅ မိနစ်တကြိမ် cleaning & sanitizing လုပ်ပါမယ်။ (FDA ရဲ့ food code က every 3 hours မို့ ၄၅ မိနစ်တကြိမ်လုပ်တဲ့ ကျနော်တို့က ပိုအကာအကွယ်ပေးရာရောက်ပါတယ်)။ ဆိုင်ထဲမှာ စားပွဲတလုံးနဲ့တလုံး ၆ ပေခွာထားပေမယ့် ကားပါကင်မှာတော့ ကားတစီးနဲ့ တစီး ၂ ပေပဲ ကွာပါတယ်။ (ဒါပေမယ့် ပထမ ဖောက်သည်ပြန်တဲ့အချိန်မှာ ဒုတိယဖောက်သည်က ကားထဲမှာပဲ ထိုင်စောင့်နေရမှာဖြစ်လို့ social distancing နဲ့ ညီညွတ်ပါတယ်)။

 ဒါပေမယ့် အရင်လိုမျိုးပဲထင်ပြီး walk in ဝင်လာပြီး ထိုင်စားမယ့်သူတွေ၊ Take out/To Go ဝင်ဝယ်ကြမယ့်သူတွေနဲ့ မိတ်မပျက်အောင်လည်း အလေးထားရဦးမှာပါ။ ဒါကြောင့် ဖောက်သည်တွေသိအောင်နဲ့ သူတို့ လုပ်လို့ကိုင်လို့ အဆင်ပြေအောင် ကြော်ငြာတာ၊ အသိပေးတာ လုံလောက်ကျယ်ပြန့်ဖို့တော့ လိုပါတယ်။ (ဘယ်ရုပ်ရှင်ရုံမှာမှ ပြနေတုန်းဝင် ကြည့်လို့မရနိုင်သလိုမျိုးပေါ့)။ Take out/To Go နဲ့ Cubside pickup တွေကတော့ ဆိုင်ထဲဝင်လာစရာမလိုဘဲ designated ပါကင်မှာပဲ ရောက်တဲ့အချိန်မှာ text or check in လုပ်ပေါ့။ ဆိုင်ဝန်ထမ်းက ကားထဲအထိ သွားပို့ပေးပေါ့။

ဒီအိုင်ဒီယာလေးကို ခင်ဗျားတို့စိတ်ကူးနဲ့ပေါင်းစပ်ပြီး ဖြစ်နိုင်မယ်ထင်ရင် စမ်းကြည့်ပေါ့။ ဒါဆိုရင်တော့ ပထမဆုံးအလုပ်ရကြမယ့်သူတွေကတော့ ဝက်ဆိုဒ်ရေးသူတွေ၊ အက်ပလီကေးရှင်းထွင်သူတွေ၊ ကြော်ငြာဒီဇိုင်းရေးသူတွေပဲ ထင်ပါတယ်။ Job creation လေးလည်း ဖြစ်တာပေါ့။ ပြီးတော့ ခင်ဗျားတို့ဘာသာ ရေးဆွဲထားတဲ့ Food safety & social distance guideline ကို Plan Review လုပ်ပေးဖို့ ခင်ဗျားတို့မြို့က health department ကို ပို့ကြည့်ပေါ့။ သူတို့ခွင့်ပြုရင်တော့ (On/Off) ကာလထဲမှာ သူများတွေလို ဆိုင်ပိတ်စရာမလိုဘဲ အိုကေနိုင်ပြီပေါ့။ အလုပ်လက်မဲ့ဖြစ်ရတဲ့အထိ လုံးလုံးကြီးပိတ်ထားရတာမျိုးထက်စာရင် ခုလိုနည်းလမ်းမျိုးလေးတွေနဲ့ ကိုယ်လည်းအလုပ်ရှိ၊ စားပွဲထိုးတွေလည်း အလုပ်မပြုတ်၊ ဖောက်သည်တွေလည်း အန္တရာယ်မဖြစ်စေဘဲ ကိုယ့်အတွက် ပုံမှန်ဝင်ငွေလေး တော့ ရနေနိုင်တာပေါ့ဗျာ။

အောင်မော်ဦး
မေ၊ ၁၈၊ ၂၀၂၀။