Breaking News

မောင်လူပေ - ဒေါ်နယ်ထရန့် ငှက်ဖျားဆေးသောက်ရင်း WHO ကိုလည်း တိုက်


မောင်လူပေ - ဒေါ်နယ်ထရန့် ငှက်ဖျားဆေးသောက်ရင်း WHO ကိုလည်း တိုက်

(မိုးမခ) မေ ၂၀၊ ၂၀၂၀


WHO အနေဖြင့် ရက်(၃၀)အတွင်း လက်ရှိတရုတ်ယိမ်းပေါ်လစီမှ အမေရိကန်အပါအဝင် နိုင်ငံအားလုံးအတွက် တာဝန်ခံသော ပေါ်လစီကို မပြောင်းလဲနိုင်ပါက အမေရိကန်အနေဖြင့် ပေးအပ်နေသော ငွေကြေးများကို လုံးဝမပေးနိုင်တော့သည့်အပြင် WHO မှ ထွက်မည်ဟု သမ္မတထရန့်က ခြိမ်းခြောက်ခဲ့သည်။ ရုရှားအပါအဝင် အီးယူအဖွဲ့ကမူ ယခုအချိန်သည် သွေးစည်းညီညွတ်ရမည့်အချိန်အခါဖြစ်၍ နှုတ်ထွက်ရန် ခြိမ်းခြောက်ရမည့်အချိန်မဟုတ်ဟု ပြောဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ဗိုင်းရပ်ရောဂါကိုင်တွယ်မှု မှားယွင်းခဲ့မှုကို တရုတ်ပြည်သို့ အပြစ်ဖို့ခြင်းသာဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် ရောဂါအကြောင်း ဖုံးကွယ်မှုမရှိပဲ ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူက ပြောကြားသည်။ WHO ကလည်း တရုတ်ပြည်၏ ဖုံးကွယ်မှုမရှိကြောင်း တုန့်ပြန်မှုကို မှန်ကန်ကြောင်း ထောက်ခံခဲ့သည်။

အမေရိကားအပါအဝင် ချမ်းသာသော အနောက်တိုင်းနိုင်ငံများအနေဖြင့် အာဖရိကတိုက်ကို ရောဂါတိုက်ဖျက်ရေးအတွက် ကူညီရန် ပျက်ကွက်ခဲ့သည်ဟု အာဖရိကန်နွယ်ဖွား WHO အကြီးအကဲက စွတ်စွဲသည်။

နိုင်ငံအများစု၏ ဆန္ဒအရ WHO ဦးစီးမှုအောက်ရှိ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့က ဗိုင်းရပ်အကြောင်း စစ်ဆေးမှုကို ကပ်ရောဂါကြီးတည်ငြိမ်ချိန်တွင် လက်ခံမည်ဖြစ်သော်လည်း အော်စတြေးလျှ အပါအဝင် အခြားနိုင်ငံများအဆိုပြုသလို ယခုချက်ခြင်း စစ်ဆေးမှုကိုလုံးဝ လက်မခံကြောင်း တရုတ်ပြည်က တုန့်ပြန်သည်။ အော်စတြေးလျှ ကမူ WHO ၏ကြီးကြပ်မှုအောက်မှာ စစ်ဆေးခြင်းပြုမည့်အစီအစဉ်ကို ပျက်လုံးတစ်ခုသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

သမ္မတထရန့်က ဗိုင်းရပ်ကာကွယ်ရေးအတွက် ငှက်ဖျားဆေး ဟိုက်ဒြိုကလိုရိုကွင်းသောက်နေကြောင်း ပြောကြားခဲ့သော်လည်း CDC အပါအဝင် အခြားဆရာဝန်များက ထိုဆေးသည် ရောဂါကာကွယ်ကြောင်း သက်သေ အထောက်အထားမရှိသည့်ပြင် ရောဂါဖြစ်ပွားစဉ်မှာ သောက်မိပါက နှလုံးရပ်ကာ သေသည်အထိ ဒုက္ခရောက်နိုင်ကြောင်း သတိပေးကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်သူ ၁.၅၆သန်းရှိပြီး ကိုးသောင်းနှစ်ထောင်ကျော် သေဆုံးခဲ့ပြီ။

​မြန်မာပြည်တွင် မလေးရှားပြန်(၃)ဦးနှင့် UAE ပြန်(၂)ဦးထံ၌ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်သူ(၁၉၃)ဦးရှိလာသည်။

ကမ္ဘာ့လူဦးရေ ငါးသန်းနီးပါးအထိ ကူးစက်ခံရပြီး သုံးသိန်းနှစ်သောင်းကျော် သေဆုံးခဲ့သည်။