Breaking News

ဇင်လင်း - ရွေးကောက်ပွဲမတိုင်မီ အွန်လိုင်းပေါ်က သတင်းတု သတင်းမှား အမုန်းစကားများ ဖယ်ရှားရေး


ဇင်လင်း - ရွေးကောက်ပွဲမတိုင်မီ အွန်လိုင်းပေါ်က သတင်းတု သတင်းမှား အမုန်းစကားများ ဖယ်ရှားရေး

(မိုးမခ) ဇူလိုင် ၁၆၊၂၀၂၀

လာမည့် နိုဝင်ဘာလ(၈) ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် ၄ လမျှသာ လိုတော့ သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလယှဉ်ပြိုင်မည့်သူများ၏ ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် တင်သွင်းရန်နှင့် ၂၀၂၀ သြဂုတ်လ ရ ရက်နေ့ နောက်ဆုံး ထားပေးပို့ရန်လည်း ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး နိုင်ငံရေးအားစမ်းပွဲကြီးတစ်ရပ်ကို စတင်ဖွင့်လှစ်လိုက်ပေပြီ။ ရွေးကောက်ပွဲဆို သည်မှာ တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာရရှိရေးအတွက် သည်းကြီးမည်းကြီး ပြိုင်ဆိုင်လေ့ရှိသော နိုင်ငံရေးစစ်ပွဲဖြစ်၍ လူထု၏ တခဲနက် ထောက်ခံမှုရရှိရေးသည် အခရာကျပေသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းကြရာ တွင် လူထု၏ နားမျက်စေ့ဖြစ်သော သတင်း မီဒီယာ၏ အခန်းကဏ္ဍသည် သော့ချက်နေရာသို့ ရောက်ရှိလာခဲ့သည်။

ရွေးကောက်ပွဲတွင် လူထုအကျိုးကို အမှန်တကယ် ဆောင်ရွက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လူထုက ရွေးချယ်နိုင်ရန်“သတင်းကျင့်ဝတ်ကို လေးစားလိုက်နာသော သတင်းမီဒီယာ” (Professional Journalism) များ၏ အကူ အညီလိုအပ်သည်။ တိကျမှန်ကန်၍ မှီခိုအားထားလောက်သော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျင့်ဝတ် လိုက်နာသော သတင်းထောက်များ (Professional Journalists) ကသာ ရှာဖွေဆန်းစစ် တင်ပြပေးနိုင်သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲသည် အထက်၌ ဆိုခဲ့သလို နိုင်ငံရေးအာဏာ ရရှိရေးအတွက် ပြိုင်ဆိုင်သည့် သေနတ်မကိုင် သော စစ်ပွဲဖြစ်သည်။ ထို့ကြောင့် လူထုမျက်စေ့လည်လမ်း မမှားစေရန်၊ ဒီမိုကရေစီကို ဆန့်ကျင်မဲ မပေးမိစေရန် သတင်း အမှန်ရရှိဖို့လိုသည်။ ဒီမိုကရေစီဆန့်ကျင်ရေး မီဒီယာများက သတင်းအမှားများ၊ သတင်းအတုအယောင်များ ဖြန့်ဝေနေ သည်ကို သတိ ပြုကြရမည်။ ဒီမိုကရေစီဆန့်ကျင်ရေးအုပ်စုများက ငွေကြေးထုထည်ကြီးမားစွာ အကုန်ခံ ထူထောင်ထား သော သတင်းစာများ၊ အွန်လိုင်း မီဒီယာများလည်း ရာနှင့်ချီ ပေါ်လာနေသည်။ သတင်းမီဒီယာကို လူထုအကျိုးစီးပွား အတွက် မဟုတ်ဘဲ မိမိတို့ ကိုယ်ကျိုးအတွက် တွင်တွင်ကျယ်ကျယ် သုံးစွဲလာနေသည်ကို တွေ့နေရသည်။

သို့ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွင် သတင်းမီဒီယာ၏ အရေးပါမှုကို သိရှိနားလည်ပြီးဖြစ်သော နိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးခေါင်းဆောင်များသည် သတင်းမီဒီယာဆိုင်ရာ မူဝါဒများချမှတ်ကြသည်။ မိမိတို့ပါတီနှင့် မိမိတို့ ကိုယ်စား လှယ်များ ရွေးချယ်ခံရရေးအတွက် လူထုထံသို့ မိမိတို့ပါတီ၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် စသည်တို့ကို သတင်း မီဒီယာမှတဆင့် ဖြန့်ဝေနေကြသည်။ ယနေ့ခေတ်တွင် နိုင်ငံရေးအာဏာ ရရှိရေးအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ သည့်အလျောက် မိမိတို့ပါတီနှင့် ကိုယ်စားလှယ်များအကြောင်း ပြည်သူလူထုအား အသိပေးလိုခြင်းထက်၊ ပြိုင်ဘက်ပါတီ ၏ အားနည်းချက် ချွတ်ယွင်းချက်များကို ထိုးနှက်သည့် သတင်းအချက်အလက်အမှားများ ဖြန့်ဝေသည့် အလုပ်ကို ပိုလုပ် လာကြသည်။ သတင်းစာကျင့်ဝတ်နှင့် မညီညွတ်သည့် သတင်းအတုနှင့် သတင်းအမှားများ(Fake and False News) ဖြန့်ဝေကာ ရွေးကောက်ပွဲတွင် ဒီမိုကရေစီရေး ဆောင်ရွက်မည့် ပါတီများအား အပုတ်ချတိုက်ခိုက်သည့် သတင်းအတုများ ပိုမို ပေါ်ထွက်လာနေသည်။ ရိုးသားစွာ ယှဉ်ပြိုင်ကြရမည့်အစား ကောက်ကျစ်စဉ်းလဲသည့် နည်းနာများကို ပို၍ အသုံးချ လာကြသည်။ အထူးသဖြင့် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများ ခေတ်စားလာသဖြင့် ဆိုရှယ်မီဒီယာ အကောင့် အတု အများအပြားဖွင့်ကာ ပြိုင်ဘက်တို့ကို ပြင်းထန်စွာ ထိုးနှက်နေကြသည်။

အင်တာနက်ခေတ် သို့မဟုတ် သတင်းနည်းပညာခေတ်တွင် ‘လူမှုမီဒီယာလွှမ်းမိုးမှု’ (The Impact of Social Media) ပြဿနာကို လေးနက်စွာ စဉ်းစားရတော့မည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Social Media Impact ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရန် ဖြစ်လာသည်။ နိုင်ငံတကာ အတွေ့အကြုံများအရ Facebook နှင့် Twitter တို့သည် ရွေးကောက်ပွဲများ အပေါ်အလွန်လွှမ်းမိုးမှုရှိသည်ဟု ဆိုကြသည်။ ဥပမာအဖြစ် စံထားရမည့် ဖြစ်ရပ်မှာ ဟီလာရီ ကလင်တန် (Hillary Clinton)နှင့် ဒေါ်နယ် ထရမ့် (Donald Trump) တို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဖြစ်သည်။

အများ၏ ယေဘုယျကောက်ချက်တွင် ဟီလာရီ အနိုင်ရမည်ဟု ယူဆခဲ့ကြသော်လည်း မဲရလဒ်ထွက်ပေါ်လာ သောအခါ ဒေါ်နယ် ထရမ့် က အနိုင်ရသွားသည်။ နောက်ပိုင်းထွက်ပေါ်လာသော သတင်းများအရ ထရမ့် က အသက် ၄၀ အရွယ် သတင်းနည်းပညာကျွမ်းကျင်သူ Daniel Scavino Jr. ကို သူ၏ ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုအဖွဲ့၏ ဆိုရှယ် မီဒီယာ ညွှန်ကြားရေးမှူး (Campaign’s Director of Social-media) အဖြစ်ခန့်အပ်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် ထရမ့်၏ Twitter ကို အသုံးပြု၍ Scavino က ဟီလာရီကို ဂျူးဆန့်ကျင်ရေးအယူဝါဒ(Antisemitism) လက်ခံသူ အဖြစ် ရေးသားထိုးနှက်ခဲ့သည်။ ဟီလာရီသည် မဲဆန္ဒရှင်များ၏ တိုက်ရိုက်မဲအရ (၆၅,၈၅၃,၅၁၄) မဲရရှိပြီး၊ ထရမ့် က (၆၂,၉၈၄,၈၂၈) သာရသဖြင့် လူထုဆန္ဒမဲအရ ဟီလာရီနိုင်သည်။ သို့သော်လည်း Electoral College အဖွဲ့ကပေးသော မဲတွင် ဟီလာရီက ၄၂.၂% သာရပြီး ထရမ့် က ၄၆.၁% ရသဖြင့် အပြီးသတ်တွင် ဟီလာရီ အရေးနိမ့်ခဲ့သည်။ Electoral College အဖွဲ့ကပေးသော မဲရလဒ်အရ ဟီလာရီ ရှုံးရခြင်းသည် ဆိုရှယ်မီဒီယာ သြဇာသက်ရောက်မှုကို အသုံးချခဲ့၍ဟု ဆိုကာ မဲရလဒ်အပေါ် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည်။ Electoral College ခေါ် အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက် တင်မြှောက်ရေးအဖွဲ့၌ မြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၅၃၈ ဦးပါ၀င်၍ မဲအရေအတွက် ၂၇၀ ရသူက အနိုင်ရကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

အဆိုပါ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲအပေါ် ဆိုရှယ်မီဒီယာသြဇာလွှမ်းမိုးခဲ့မှုကြောင့် ရလဒ်အပြောင်းအလဲဖြစ်ခဲ့ရ သည်ကို သင်္ခန်းစာယူ၍ နောက်ပိုင်း နိုင်ငံတကာ ရွေးကောက်ပွဲများတွင်း ယင်းကိစ္စကို အလေးအနက်ထား စောင့်ကြည့် ခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက်လည်း ထည့်သွင်းစဉ်စားရမည့် ကိစ္စဖြစ်လာသည်။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတိုင်းတွင် Facebook အကောင့်များရှိကြကြောင်း နိုင်ငံတကာ အတွေ့အကြုံ များက သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင် ပြည်သူများပြီးလျှင် အရေးအပါဆုံးသူများမှာ သတင်းထောက်များနှင့် သတင်းစာ၊ သတင်းမီဒီယာများ ဖြစ်သည်။ ယခုခေတ်တွင် သာမန်ပုံနှိပ်မီဒီယာနှင့် ရုပ်မြင်သံကြားသတင်းများထက် အွန်လိုင်းမီဒီယာက ပိုမို လျှင်မြန်စွာ ပြည်သူလူထုထံ သတင်းရောက်နိုင်သည်။ ထို့ပြင် သတင်းသြဇာ ဖြန့်ကျက်ရာတွင်မူ Facebook နှင့် Twitter တို့သည် အထူးထိရောက်သည်ဟု လေ့လာသူတို့က ဆိုနေကြသည်။

ထို့ကြောင့် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သတင်းဖြန့်ဝေမှု မြန်ဆန်သော ဆိုရှယ်မီဒီယာကို အသုံချ၍ သတင်းအတု၊ သတင်းအမှားဖြန့်ဝေမှုကလည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အလွန်ခေတ်စားလာသည်။ ထို့ကြောင့် ငွေကြေးအင်အား တတ်နိုင်သော အဖွဲ့အစည်းများထံမှ သတင်းတု သတင်းမှားများသာမက အမုန်းစကားဖြန့်ဝေမှုများလည်း လုပ်လာနိုင် သည်ကို သတိပြုကြရမည်။ ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးရှုပ်ထွေးမှုများပေါ်ပေါက်စေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေသည့် အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများနှင့် အွန်လိုင်းစာမျက်နှာများ ရှိနေပြီး သတင်းအတု အယောင်များ၊ သတင်းအမှား ဖြန့်ဝေနေခြင်းကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဇွန် ၂၇ သတင်းစာရှင်းလင်းပွဲ၌ သတိပေးပြောကြားခဲ့သည်ကို ကြားရသည်။

“ရွေးကောက်ပွဲနီးလာပြီ။ ကမ်ပိန်းတွေစရင် ဒီထက်ပိုဆိုးလာမယ်။ ကျနော်တို့က သတိပေးချင်တယ်။ ဒီ Page တွေ ကျနော်တို့ ဖော်ထုတ်နေတယ်။ ပါဝင်ပတ်သက်တဲ့ လူတွေပေါ့နော် ကျနော်တို့ စိစစ်ဖော်ထုတ် ရရှိတာဆို အရေးယူပါ မယ်။ ထိထိရောက်ရောက်အရေးယူမယ်။ ဘယ်သူတွေလဲဆို တာကျနော်တို့ ရိပ်ဖမ်း သံဖမ်း သိပါတယ်။ ပြောရရင်တော့ သက်ဆိုင်ရာအုပ်စု တစုကနေ ငွေပုံပေးပြီးတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Group တွေဖွဲ့တယ်၊ Page ထောင်တယ် ၊ မီဒီယာတွေ ထောင်တယ်။ အဲလူတွေပါဝင်ပတ်သတ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့ သတိပေးပါတယ်။ နိုင်ငံရေးအရ မျှမျှတတ ယှဉ်ပြိုင်စေချင်တယ်။” ဟု ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေး၏ ပြောဆိုချက်အရ နေပြည်တော်အသိုင်းအဝိုင်းနှင့် ဆက်နွယ်၍ မီဒီယာအမည်ခံ ငွေကုန်ခံ လုပ်ဆောင်မှုများ ရှိသည်ဆိုသော်လည်း မီဒီယာအမည် တိတိကျကျ မဖေါ်ပြပေ။ အမြန်ဆုံး ဖော်ထုတ်မည်ဟုသာ ဆိုသည်။ ကောလာ ဟလ သတင်းမှားများ ဖော်ပြသည့် ဝက်ဘ်ဆိုက်နှင့် ဆိုရှယ် မီဒီယာများကို စာရင်းလုပ်ကာ ပိတ်သိမ်းသွားရန် အစိုးရက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအား မတ်လအတွင်က ညွှန်ကြားထားခဲ့သည်ဟု သိရသည်။

သို့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနတွင် မီဒီယာအမည်ခံယူကာ မှတ်ပုံတင်လျှောက်ထားမှုများ ရွေးကောက်ပွဲ နီးလာချိန် တွင် ပို၍ များလာသည်။ မကြာသေးမီက ကျင့်ဝတ်ပျက်သည့် အွန်လိုင်းမီဒီယာအချို့ကို သတင်းမီဒီယာကောင်စီက အမည်ပျက်စာရင်း သွင်းခဲ့ရခြင်းများ ရှိသည်။ အွန်လိုင်းမီဒီယာထူထောင်ရသည်မှာ လွယ်ကူသဖြင့် အွန်လိုင်း မီဒီယာ အရေအတွက် တိုးများလာသော်လည်း များသောအားဖြင့် တာဝန်ခံဆောင်ရွက်နေသူများမှာ သတင်းမီဒီယာ အခြေခံ ကျင့်ဝတ်ကို သိရှိသူနည်းပါးသည့်အပြင် မီဒီယာအတွေ့အကြုံလည်း မရှိကြောင်း လေ့လာတွေ့ ရှိရသည်။ ထို့ပြင် အွန်လိုင်း မီဒီယာပိုင်ရှင်များထဲတွင် မြန်မာနိုင်ငံသားမဟုတ်သူများလည်း ပါသည်ဟု သိရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် United States Institute of Peace (USIP)တို့ပူးပေါင်းပြုလုပ်သည့် အမုန်း စကား နှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ၊ ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မျက်မှောက်ခေတ် လူမှုဆက်ဆံရေးနယ်ပယ်၌ ဆိုရှယ်မီဒီယာသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်သည်ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာအသုံးပြုမှု ၂၀၁၅ ခုနှစ် က ခုနစ်သန်းမျှ သာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင်၂၁ သန်း အထိ ရှိလာပြီဖြစ်သည်ဟု ဆိုသည်။

အမုန်းစကားနှင့်သတင်းအတု၊ သတင်းအမှားများ ကာကွယ်တားဆီးရန် နည်းလမ်းများ အစီအမံများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီဟု ဆိုသည်။ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံအနေဖြင့် အဆိုပါပြဿနာများကို အထူးသတိထား ရမည်ဟု ဦးလှသိန်းက ဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုရှယ်မီဒီယာ အသုံးပြုခြင်းသည် အကျိုးကျေးဇူးများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိသည်ဟုဆိုသည်။ စိန်ခေါ်မှုများတွင် အမုန်းစကား များ၊ သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့မှုမှတစ်ဆင့် ရွေးကောက်ပွဲနှင့် ဆက်စပ်သော အထင်အမြင်လွဲမှားမှုများ ဖြစ်လာနိုင်သည်။ ထိုသို့မဖြစ်စေရန်ု မည်သို့ကာကွယ်တားဆီးမည်နည်းဆိုသည့် စိန်ခေါ်မှုမျိုးလည်း ပါဝင်ကြောင်း၊ မျက်မှောက်ခေတ်တွင် သတင်းအမှန်နှင့် သတင်းအမှားများကို ပြည်သူများ ခွဲခြားနိုင်ရန် ခက်ခဲလာခြင်းသည် အန္တရာယ်ကို တိုးများလာစေသည်ဟု ဦးလှသိန်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများနှင့် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်း အချက်အလက်များ အမြန်ဆုံးရောက်ရှိနိုင်မည့် UEC Facebook Page ကိုလည်း အသုံးပြုသွားမည်ဟု ဆိုသည်။ ထို့ပြင် အမုန်းစကားများ၊ သတင်းအတု၊ သတင်းအမှားများ တားဆီးကာကွယ်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“သတင်းတု၊ သတင်းမှားတွေမပေါ်ဖို့ရာ အတွက်လည်းပဲ Blue Mark ကို နိုင်ငံရေးပါတီတွေအတွက်လည်း လုပ်ပေးဖို့ ထောက်ခံပေးသွားပါမယ်။ ကျွန်တော်တို့က သတင်းတု၊ သတင်းမှားတွေ မထွက်နိုင်အောင် ဒီလို Blue Mark လုပ်လိုက် ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတိုင်းရဲ့ Page တွေကိုလုပ်ပေးမှာပါ။ နိုင်ငံရေးပါတီ ဌာနချုပ်တွေကို လုပ်ပေးမှာပါ။ ကျွန်တော်တို့ ကော်မရှင်လည်း Blue Mark နဲ့သွားမှာပါ။” ဟု ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ဆိုသည်။

ယင်းသို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် စာမျက်နှာအား Blue Mark လုပ်ဆောင်ပေးရန် Facebook Team နှင့် ညှိနှိုင်းထားပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ယင်းကိစ္စကို အသိပေးသွားမည်ဟု ဦးသန်းဌေးက ဆို သည်။ သတင်းတု၊ သတင်းအမှား ပျံ့နှံ့မှုလျော့ချရေး၊ အများပြည်သူ ဖတ်ရှုမည့် သတင်းများ၏ အရည်အသွေး ပိုမို တိုးတက် ကောင်းမွန်ရေးတို့အတွက် Facebook က မြန်မာနိုင်ငံတွင် လုပ်ငန်းစဉ်တစ်ခု စတင်နေပြီ ဖြစ်ကြောင်း ၂၀၂၀ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု မဇ္ဈိမသတင်းအရ သိရသည်။ ယင်းလုပ်ငန်းစဉ်မှာ ပြင်ပ အဖွဲ့အစည်း များမှ တဆင့် အချက်အလက် စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်ကာ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (The International Fact-Checking Network - IFCN) ၏ ထောက်ခံချက် ရရှိထားသည့် BOOM အဖွဲ့နှင့် လက်တွဲ လုပ်ကိုင် သွားမည်ဟု ဆိုသည်။ BOOM သည် မြန်မာနိုင်ငံအတွက် Facebook ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားထားသော အကြောင်းအရာများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများအား ဆန်းစစ်လေ့လာကာ မည်မျှတိကျ မှန်ကန် ကြောင်းကို အဆင့် သတ်မှတ်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

လက်တွေ့မြေပြင်အခြေအနေကို လေ့လာကြည့်ရာ၌ ရွေးကောက်ပွဲအကြိုကာလတွင် သတင်းအတု သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည့် အုပ်စုများ အင်တာနက်ထဲ၌ ရှိနေသည်။ ယင်းကိစ္စ၏ ဇစ်မြစ်ကို ဖေါ်ထုတ်အရေးယူရန် အစိုးရ၏ ကက်ဘိနက်အဖွဲ့ ၌ တာဝန်ရှိသည်။ နည်းပညာအင်အားအခြေခံဖြင့် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ကြမှ သာ အဆိုပါ အွန်လိုင်းပေါ်မှ ကျင့်ဝတ်ဖေါက်ဖျက်သူများကို ဖေါ်ထုတ်နိုင်မည်ဟု ယူဆသည်။ ဆိုရှယ်မီဒီယာသမားများ ကျက်စားရာ အွန်လိုင်းပလက်ဖေါင်းကို စောင့်ကြည့်ခြင်းဖြင့် သတင်းတု သတင်းမှားများဖြင့် ရွေးကောက် ပွဲ အခြေအနေ ယိမ်းယိုင်အောင်လုပ်သူများကို ရွေးကောက်ပွဲနေ့ မတိုင်မီ ဖေါ်ထုတ်ရှင်းလင်းနိုင်ရန် လိုသည်။ ရွေးကောက်ပွဲ နီးလာလေ ရွေးကောက်ပွဲဝင်မည့် ပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သည့် သတင်းတု သတင်းမှာများ ပိုမိုထွက်ပေါ် လာလေ ဖြစ်မည်။ လာမည့် နိုဝင်ဘာ (၈)တွင် အမှန်တကယ် လွတ်လပ်၍ တရားမျှတမှုရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ပေါ်စေလိုပါက သတင်းတု၊ သတင်းမှား၊ ရန်တိုက်ပေးသည့် သတင်းများ၊ ကျင့်ဝတ်ဖေါက်ဖျက်သော သတင်းများ ထွက်ပေါ် မလာစေရန် အစိုးရနှင့်တကွ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များ၊ မီဒီယာ အင်အားစုများ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု သုံးသပ်မိပေသည်။။။

ဒီလှိုင်းစာစောင် အတွဲ ၉၊ အမှတ် ၂၁၊ ၁၆ ဇူလိုင် ၂၀၂၀ ၌ ဖေါ်ပြသည့် ဆောင်းပါး။