Breaking News

ကျော်ဇံသာ - ဗြိတိန်နိုင်ငံမှာ ဘယ်သတင်းစာကို ဘယ်လိုလူတွေဖတ်သလဲ


ကျော်ဇံသာ - ဗြိတိန်နိုင်ငံမှာ ဘယ်သတင်းစာကို ဘယ်လိုလူတွေဖတ်သလဲ

(မိုးမခ) မေ ၃၊ ၂၀၂၀

(သူ့ဖေစ်ဘွတ်က ယူပါတယ်)

ဗြိတိန်နိုင်ငံဟာ လူတွေကို အတန်းအစားသတ်မှတ်မှု အများဆုံးနိုင်ငံတခုဖြစ်ပေမဲ့ တခြားနိုင်ငံတွေနဲ့ မတူတာက ကျန်နိုင်ငံတော်တော်များများမှာလို ဝင်ငွေဘယ်လောက်ရတယ် ရာထူးအဆင့်အတန်းဘယ်လိုရှိတယ် ဆိုတာကို အခြေခံပြီးမသတ်မှတ်ဘူး။ ဒါဟာ သူတို့ရဲ့မိဘတွေဆီက ဆက်ခံလာတဲ့ အပေါင်းအသင်းတွေ ဆီကလွှမ်းမိုးလာတဲ့ စိတ်နေသဘောထားပဲ။

လူတယောက်ရဲ့ ဆင်းရဲချမ်းသာမှုထက် အပြုအမူ စရိုက် အိမ်မွေးတိရိစ္တာန် စကားအသုံးအနှုန်း တို့အပေါ်မှာ အခြေခံစဉ်းစားကြတယ်။ သူတို့ဟာ ပိုက်ဆံစကားပြောတာကို မုန်းတယ်၊ လူတွေရဲ့သွင်ပြင် လက္ခဏာ အပြုအမူကိုသာ ကြည့်ပြီး ဘယ်လိုအတန်းအစားဆိုတာ သူတို့မှတ်ယူကြတယ်။
ဆိုတော့ လူတယောက် ဖတ်တဲ့ သတင်းစာအမျိုးအစားကို ကြည့်ပြီး အဆင့်အတန်းသတ်မှတ်တာလဲ အံ့သြစရာမဟုတ်တော့ဘူး။


အတန်းအစားမြင့်တဲ့လူတွေက broadsheet ခေါ် သတင်းစာကြီးတွေဖြစ်တဲ့ The Daily Telegraph, The Financial Time, The Guardian, The Independent, The Times ထဲက တစောင်စောင်ကို ဖတ်ကြတယ်။ ဒီသတင်းစာကြီးတွေဟာ ပိုပြီးပညာသားပါတယ်လို့သတ်မှတ်ပြီး လေးစားခြင်းခံရတဲ့ သတင်းစာတွေဖြစ်တယ်။

အဲဒီနောက်မှာတော့ Mid-market tabloids ခေါ် အလယ်အလတ်တန်း ဆိုက်သေးသတင်းစာတွေ ဖြစ်ကြတဲ့ The Daily Express, The Daily Mail, The Mail on Sunday, The London Evening Standard တို့ရှိနေကြပြီး ဒီသတင်းစာတွေဟာ အရေးကြီးသတင်းတွေနဲ့ အတင်းအဖျင်းသတင်းတွေပါ ရောနှောရေးကြတယ်။

လူမှုအတန်းအစားအရ အောက်ဆုံးက သတင်းစာတွေကတော့ Red-tops tabloids လို့ခေါ်တဲ့ ပေါက်တတ်ကရ တွေ မတော်မတရားရေးတယ်လို့ အပြောခံရတဲ့ The Communist, The Daily Mirror, The Daily Sport, The Daily Star, The Sun, The Sunday People စတဲ့ သတင်းစာတွေ ဖြစ်တယ်။ ဒီသတင်းစာတွေ ရေးသားချက်တွေဟာ တခါခါ ဟားတိုက်ရယ်မော စရာတွေဖြစ်နေတတ်တယ်။

ဒီသတင်းစာတွေဟာ ဖတ်သူရဲ့လူမှုအဆင့်အတန်းနဲ့ပတ်သက်ရုံသာမကဘူး လိုရာဘက်ကို နိုင်ငံရေးအရတိမ်းညွတ်မှုလဲ ရှိတယ်။

ဆိုက်ကြီးသတင်းစာတွေအနက် The Daily Telegraph ဟာဆိုရင် ကွန်ဆာဗေးတစ် ဘက်ကိုသိပ်ယိမ်းတယ်။ The Times ကတော့ အသင့်အတင့် ကွန်ဆာဗေးတစ် ဖြစ်တယ်။

The Independent ဟာ လက်ဝဲယိမ်းတဲ့ အလယ်ဗဟို ဆိုပေမဲ့ နာမည်နဲ့ လိုက်အောင် နိုင်ငံရေးမှာ ဘက်လိုက်မှုကင်းအောင်ကြိုးစားတယ်။

The Guardian ကျပြန်တော့ လစ်ဘရယ် လက်ဝဲယိမ်းအလယ်ဗဟို ဖြစ်ပေမဲ့ အခုအခါ အထက်လွှာအသိုင်းက အများကြီးဖတ်လာကြတယ်။ အစဉ်အလာအားဖြင့် The Guardian ကို ဖတ်သူတွေဟာ လေဘာပါတီကိုထောက်ခံသူတွေ ဖြစ်ပေမဲ့ အခုတော့ လစ််ဘရယ်ဒီမိုကရက်တွေဘက်ကို ပိုဦးတည်လာတယ်။

The Financial Times က လွတ်လပ်သောစျေးကွက် globalization နဲ့ ဥရောပသမဂ္ဂ ကိုလိုလားတယ်၊ ကွန်ဆာဗေးတစ်ကိုရော လစ်ဘရယ်ဒီမိုကရက်ကိုပါ ထောက်ခံတယ်။

အလယ်အလတ်တန်း ဆိုက်သေးသတင်းစာတွေဟာ ယေဘုယျအားဖြင့် ပိုပြီးအစွန်းရောက်တယ်၊ လေသံပြင်းတယ်၊ The Daily Mail ဆိုရင် “လက်ျာစွန်းရောက်တယ်၊ လူများအကြိုက်လိုက်ရေးတယ်၊ နိုင်ငံခြားသားကြောက်ရွံ့ပြီး ကိုအထီးကျန်ရပ်ရးကို ဦးတည်တယ်၊ ပေါက်ကွဲတဲ့ အရေးအသားမျိုး မကြာခဏသုံးတယ်၊ ဒါ့အပြင် လူဝင်မှုကိစ္စတွေ၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေး၊ လိင်တူချင်းလက်ထပ်မှု စတာတွေကို မညှာမတာရေးတယ်။

The Daily Express က ဒေသတွင်းသတင်းတွေကို ဦးစားပေးပြီး သတင်းဖြစ်ရပ်တွေဟာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့သဘော ရေးတတ်ပြီး ပြင်ပ ကလူတွေ ဝင်လာတဲ့ကိစ္စကို ကြောက်စရာကောင်းအောင်ရေးတယ်၊ United Kingdom Independence Part (JKIP) ယူကေလွတ်မြောက်ရေးပါတီ ကို ထေက်ခံတဲ့သတင်းစာဖြစ်တယ်။ The Evening Standard ဟာလဲ လက်ျာစွန်းသတင်းစာဖြစ်ပြီး လန်ဒန်ဒေသတွင်းသတင်းတွေကိုအာရုံစိုက်တယ်။

(ကျွန်တော့်ဆရာ ဦးအောင်ခင် Europedia.com ကထုတ်နှုတ်တင်ထားကို မြန်မာပြန်လိုက်တာပါ။)
ဆရာကတော့ ၁၉၀၈၀ ပြည့်လွန်တုံးက The Time ကို ဖတ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်မှာ The Daily Mail (Mail on Sunday) ကိုဖတ်လာတယ်ဆိုပါတယ်။
ကြေးမုံဦးသောင်းကတော့ သူရဲ့ ကြေးမုံသတင်းစာ ဟာ လန်ဒန်ထုတ် The Daily Mirror ကို အားကျနမူနာယူပြီး The Mirror “ကြေးမုံ” လို့နာမည်ပေးခဲ့ကြောင်း “ဗမာ့ခေတ် မှ ကြေးမုံ သို့” ဆိုတဲ့စာအုပ်မှာ “ကြေးမုံသတင်းစာကို လန်ဒန်ကြေးမုံ၏ အသွင်အပြင်နှင့်တူညီအောင် စီစဉ်ထားရာ ထိူသတင်းစာ၏ အမည်ကို ‘ကြေးမုံ’ ဟူသောအမည်မှတပါး တခြားအမည်ကို ပေးရန်မသင့်ပါပေ။” လို့ရေးထားပါတယ်။
ကျော်ဇံသာ