Breaking News

အစိုးရအရာရှိ ၂ ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေသည့်ကိစ္စ သမ္မတရုံးစိစစ်မည်

အစိုးရအရာရှိ ၂ ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေသည့်ကိစ္စ သမ္မတရုံးစိစစ်မည်

အကောက်ခွန်ညွှန်ချုပ်နှင့် ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲတို့မှာ ဦးပိုင်လီမိတက်၏ ဒါရိုက်တာများ ဖြစ်နေကြောင်းကို ယခုမှသိသည်ဟု သမ္မတရုံးကပြောပြီး အကျိုးစီးပွားပဋိပက္ခရှိမရှိ ဥပဒေကြောင်းအရ ဆန်းစစ်မည်ဟုဆိုသည်

ဉာဏ်လှိုင်လင်း Myanmar NOW

(မိုးမခ) မေ ၃၁၊ ၂၀၂၀



အကောက်ခွန်ဦးစီးဌာန ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင် နိုင်ငံတကာစည်းပွားရေးအဖွဲ့များနှင့် ၂၀၁၈ ခုနှစ်ကတွေ့ဆုံနေစဉ် (ဓာတ်ပုံ - Eurocharm)

တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်သူနှစ်ဦး အစိုးရဌာနအကြီးအကဲများဖြစ်နေခြင်းအပေါ် အကျိုးစီးပွားပဋိပက္ခရှိမရှိ သမ္မတရုံးက စိစစ်မည်ဖြစ်သည်။

ဦးပိုင်လီမိတက်၏ ဒါရိုက်တာများအနက် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ဗိုလ်မှူးဟောင်း ဦးနီအောင်သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီး ဖြစ်သည်။

နိုင်ငံတော်ပြန်တမ်းများအရ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကျော်ထင်ကို သမ္မတဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာမလွှဲပြောင်းမီ ၂၀၁၆ မတ်လတွင် အစိုးရအရာရှိအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ မရရှိသေးပေ။

ထိုကဲ့သို့ စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းများတွင် အချက်အချာကျသည့် ဌာနဆိုင်ရာ ရာထူးများတွင် ထိပ်တန်းနေရာရယူထားသူများက ဦးပိုင်အကြီးအကဲများဖြစ်နေခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခရှိနေနိုင်ကြောင်း Myanmar Now ၏သတင်းနှင့်ဆက်စပ်ပြီး မေးခွန်းမေးသည့်အခါ ထိုကိစ္စအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ အကြံပြုချက်တောင်းခံသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။


“ပြန်စိစစ်ခိုင်းမယ်၊ သက်ဆိုင်တဲ့ရှေ့နေချုပ်ရုံးကိုလည်း အကြံပြုချက်တောင်းမယ်။ တောင်းပြီးရင် ညွှန်ချုပ်နှစ်ယောက် ဒီမှာ (ဦးပိုင် ဒါရိုက်တာဘုတ်အဖွဲ့မှာ) ပါနေခြင်းက အကျိုးစီးပွားပဋိပက္ခမြောက်မမြောက်ပေါ့။ ဒီပေါ်မှာ မူတည်ပြီး ဥပဒေကြောင်းအရ လေ့လာဆန်းစစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု အွန်လိုင်းမှတစ်ဆင့် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားသည်။

အကောက်ခွန်ဦးစီးဌာန၏ မိခင်ဝန်ကြီးဌာနဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်ကလည်း ဦးကျော်ထင်မှာ ဦးပိုင်လိမိတက်၌ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်နေသည်ကို မသိရှိကြောင်း Myanmar Now ကို ပြောထားသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုဝန်ကြီးများထံ တင်ပြပြီး ဦးကျော်ထင်အနေဖြင့် ထိုကဲ့သို့ လုပ်ခွင့်ရှိမရှိကို ဆွေးနွေးမည်ဟု ဦးထွန်းထွန်းနိုင်က ပြောထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့်ပတ်သက်၍မူ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံ မေးမြန်း၍မရသေးပေ။

အဆိုပါအရာရှိကြီးနှစ်ဦးမှာ ဦးပိုင်စဖွဲ့ကတည်းက ဒါရိုက်တာအဖြစ်ပါဝင်နေသူများဖြစ်ကြောင်း၊ ဦးပိုင်၏ ဒါရိုက်တာအစည်းအဝေးများသို့ တက်ရောက်ဖူးခြင်းမရှိကြောင်း၊ ထို့ပြင် ၎င်းတို့ ထိုသို့ ဦးပိုင်တွင်ရာထူးများရှိထားသည့် အခြေအနေကိုလည်း “သက်ဆိုင်ရာဌာနဆိုင်ရာများက ယခုမှပင်သိရှိရခြင်း” ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

သို့သော်လည်း ၂၀၁၇ တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အခန်း (၁၈) အရ ကုမ္ပဏီ၏ဒါရိုက်တာများသည် မိမိတာဝန်ထမ်းဆောင်နေသော ကုမ္ပဏီ၏အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်



Screen_shot_2020-05-30_at_7.34.07_pm.Png



တရား၀င်ထုတ်ပြန်ထားသော ဦးပိုင်ကုမ္ပဏီမှတ်တမ်းတွင် အကောက်ခွန်ညွန်ချုပ် ဦးကျော်ထင်အား အငြိမ်းစားဗိုလ်မှုးချုပ်ဟောင်းဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၀င်ဟု ဖော်ပြထားသည်။ (ကိုးကား-ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)

လက်ရှိတွင် ဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်တစ်ခုဖြစ်သည့် ထာဝရနဒီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစု (Ever Flow River Group) မှာ ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ရှယ်ယာ အရောင်းအဝယ်ပြုခွင့်ရ ကုမ္ပဏီအဖြစ် မေ ၂၈ရက်က သတ်မှတ်ခံလိုက်ရပြီးဖြစ်သည်။

ယင်းကြောင့် ကြီးမားသော အဂတိမှုများ ပေါ်လာနိုင်ကြောင်း၊ အထက်ဖော်ပြပါ ဦးပိုင်လီမိတက်ဒါရိုက်တာနှစ်ဦး အစိုးရအရာရှိများအဖြစ်ရှိနေခြင်းမှာ အကျိုးစီးပွားပဋိပက္ခရှိနိုင်ကြောင်း မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့ (Justice for Myanmar) က ဝေဖန်ထားသည်။

ဦးပိုင်မိတ်ဖက်ကုမ္ပဏီ စတော့အိတ်ချိန်းဝင်သည့်အပေါ် အဂတိမကင်းမှုများ ဖြစ်လာနိုင်ဟု ဝေဖန်ခံရ

ထာဝရနဒီလုပ်ငန်းစု၏ နောက်ဆုံးရလုပ်ပိုင်ခွင့်များထဲတွင် ဦးပိုင်လီမိတက်၏ လက်ခွဲတစ်ခုဖြစ်သည့် လန်းပြီ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့်အတူ အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတစ်ခု ပါဝင်နေသည်။

ရန်ကုန်စတော့အိတ်ချိန်းထံသို့ တင်ပြထားသည့် EFR ၏ ဖွင့်ဟကြေညာစာတမ်း (Disclosure Documents) ပါ မှတ်တမ်းများအရ အဆိုပါ HITLC ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို EFR က ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို လန်းပြီရေကြောင်းက ပိုင်ဆိုင်ထားကြောင်းတွေ့ရသည်။

HITLC သည် ထောက်ပံ့ပို့ဆောင်ရေး၊ ပစ္စည်းသိုလှောင်ရုံဝန်ဆောင်မှုများအပြင် ဆိပ်ကမ်းနှင့် အကောက်ခွန်လုပ်ငန်းများကိုပါ ဝန်ဆောင်မှု ပေးမည်ဟုလည်း သိရသည်။

တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအများအပြားတွင် လုပ်ကိုင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာ လွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် "ပြည်ထောင်စု" စာသားကိုဖြုတ်ကာ 'မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ' ဟု ပြောင်းလဲခဲ့သည်။

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။

ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက် ဝင်ရန်တာဝန်မရှိတော့ပေ။

လက်ရှိတွင် ဦးပိုင်၏ရှယ်ယာများအား အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

သတင်းတွင်ဖော်ပြထားသလို အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်မည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာလည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဦးပိုင်ကုမ္ပဏီတွင် ၎င်း၏ရှယ်ယာရှိမရှိကို မသိရပေ။