Breaking News

ဇော်ဝင်းလွင် ( ၂၁၂) -ကရင်ကား၊ PP21ဆိုင်ကယ်၊ ကိုဝင်းမင်းလက်ပတော့နဲ့.. ကိုဝင်းချိုနာရီ

မနူးမနပ် တော်လှန်ရေးသမားဘ၀ အပိုင်းအစများ ၄
ကရင်ကား၊ PP21ဆိုင်ကယ်၊ ကိုဝင်းမင်းလက်ပတော့နဲ့.. ကိုဝင်းချိုနာရီ
ဇော်ဝင်းလွင်( ၂၁၂)
(မိုးမခ) မေ ၄၊ ၂၀၂၀

၁၉၉၅ ABSDF ပေါင်းစည်းရေးညီလာခံပြီးတဲ့နောက် KNU တပ်မဟာ ၆ ဒေသ ABSDF တပ်ရင်း ၂၀၄/ရင် း၉ မှာ ကျနော်နဲ့ ကိုမင်းမင်း(ထိပ်တင်မင်း) တို့ ဗဟိုကော်မီတီဝင်များအဖြစ် တာဝန်ပေးအပ်ခံရပါတယ်။ တဆက်ထည်း မဲဆောက်မှာ ABSDFအလုပ်အဖွဲ့အမှတ်(၃) အဖြစ်နဲ့ ရုံးဖွင့်ဖို့ပါ ဖြစ်လာပါတယ်။ ဒါကြောင့် မဲဆောက် ဘန်နုယာရပ်ကွက်မှာ ABSDF ရုံးကို ၁၉၉၈ မှာ ကျနော်တောဝန် ယူပြီးစတင်ဖွင့်ခဲ့ပါတယ်။ ဖွင့်ပြီးသိပ်မကြာခင် ကိုမိုးသီးက ကျနော်တို့ကိုလာကူမယ်ပြောပြီး သူနဲ့ကိုဝင်းမင်းရောက်လာပါတယ်။
နောက်ပိုင်း အဲဒီရုံးနေရာကိုသူကြိုက်တယ်ဆိုပြီး တောင်းဆိုလို့ပေးလိုက်ရပြီး PP21( People power21) ရုံးဆိုဖြစ်လာပါတော့တယ်။အဲ့ဒီကာလ အတွေ့အကြုံလေးပါ။

ထိုင်းမှာနေထိုင်လှုပ်ရှားမယ်ဆို ကျနော်တို့လိုလူတွေအတွက် ဆိုင်ကယ်ကသိပ်အရေး ကြီးပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းလူ မျိုးတိုင်းက အနည်းဆုံး ဆိုက်ကယ်တစီးရှိကြပြီး လမ်းတွေပေါ်မှာ လမ်းလျှောက်သွားလာလေ့ မရှိကြပါဘူး။ လမ်းပေါ်မှာ လမ်းလျှောက်သွားလာတာ၊ စက်ဘီးစီးသွားတာမြင်ရရင် ထိုင်းရဲက ဗမာမှန်း သေချာပေါက်သိပြီး တားပြီး ရစ်ပါတော့တယ်။

အဲဒီ့အချိန်က ကျနော်တို့မြို့ပေါ်နေ မောင်ကျောင်းသား(ကျောင်းသားသူပုန်)အများစုက ဘာလက်မှတ်မှ မရှိပါ။ ခေါင်းဆောင်ပိုင်းအချို့တော့ မြန်မာပတ်စ်ပို့အတုတွေနဲ့ပါ။ မိလိုက်ရက် မစားသာပါဘူး။  ဘာမှမရှိရင်တောင် ထိုင်းရဲနဲ့ညှိရတာလွယ်ပြီး ပတ်စ်ပို့ဆို ကြေးကြီးကြီး ပေးရပါတယ်။ ဒါကြောင့် ကျနော်တို့အပြင်ထွက်ရင် (ခရီး သွားရင်) သံဗုဒ္ဓေပတ်စ်(Pass) နဲ့ သွားကြပါတယ်😁။

ဆိုလိုတာ ဘုရားစာရွတ်သွားကြတာပါ။ မဲဆောက်က မြဝတီနဲ့ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတော့ ထိုင်းရဲကဖမ်းပြီး မြဝတီဘက်ပြန်ပို့လိုက်ရင် အဲ့ဒီအချိန်က နစက (ခင်ညွန့်ထလရအဖွဲ့)လက်တန်းရောက် ညှင်းပန်းနှိပ်စက်ခံရပြီး ထောင် ၇ နှစ်က ၂၀ နှစ်အထိဖြစ်သွားနိုင်ပါတယ်။ မဟာမိတ် ကေအန်ယူ နဲ့ထိုင်းမိတ်ဆွေ (ထလရ အချို့)က ကူတယ်ဆိုပေမယ့် ချက်ချင်းလာမထုတ်နိုင်ရင် ဟိုဘက်ကမ်းရောက်သွားဖို့က ၅၀/၅၀ ပါ။ အဲလိုနဲ့တချို့ရောက်သွားပြီး ထောင်ကျသွားတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဆိုင်ကယ်နဲ့ထွက်ရင် ဉီးထုတ်ဆောင်းထားတော့ ထိုင်းရဲကအလွယ် တကူမရိပ်မိသလို တားလေ့မရှိပါ။
ဒါကြောင့် အပြင်ထွက်ဖို့ဆိုင်ကယ်က ဘယ်လောက်အရေးကြီးလဲ သိလောက်ပါပြီ။ အဲဒီ့ကာ လက ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီး ထွက်လာတဲ့ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့တောတွင်းအလုပ်ကိစ္စနဲ့ တက်လာတဲ့ ABSDF ခေါင်းဆောင် ကြီးငယ်တွေက  PP 21 ရုံးမှာ  တထောက်နားလေ့ရှိပါတယ်။
သိတဲ့အတိုင်း မြို့ပေါ်ရောက်တော့ မဲဆောက်မြို့လည်မှာရှိတဲ့လက်ဖက်ရည်ဆိုင်တွေ ဈေးတွေကိုသွားချင်ကြပါတယ်။ အဲဒီတော့  PP 21ဆိုင်ကယ် ၂ စီးကို ဝိုင်းမျက်စောင်းထိုးကြတာပေါ့။
တယောက်ထွက်ပြီးပြန်လာလို့ စက်မသတ်ရသေးခင် နောက်တယောက်က တက်ခွပြီးသားပါပဲ။

ဒီလိုပဲ ကေအန်ယူရုံးကကားဆိုလည်း အထဲမရောက်သေးဘူး အပြင်ထွက်ဖို့စောင့်နေတဲ့သူတွေက တန်းစီနေတယ်လို့သိရပါတယ်။

နောက်တခုကတော့ PP21 ရုံးမှာ ကိုမိုးသီးကိုကူနေတဲ့ ကိုဝင်းမင်းကွန်ပြူတာပါ။ကိုဝင်းမင်းဟာ ၁၉၈၈ မှာ ဆေးကျောင်းသား တောခိုလာပြီးနောက် ABSDF(MTZ) မှာ CEC ကျန်းမာရေး နိုင်ငံခြားရေးတာဝန်ခံ စသဖြင့် တာဝန်အသီးသီးယူခဲ့သူပါ။ PP 21 လုပ်စဉ်မှာ နိုင်ငံတကာဆက်ဆံရေး ဘဏ္ဏငွေရှာဖွေရေး အစီရင်ခံစာကိစ္စတွေကို ဒိုင်ခံလုပ်သူပါ။ သူ့ရဲ့ laptop ကွန်ပြူတာက တနေ့ကို နာရီ ၂၀ လောက်ဖွင့်ပြီးအလုပ်လုပ်ပါတယ်။ အလွန်အလုပ်လုပ်နိုင်သူပါ။ သူနဲ့ဆက်သွယ်တဲ့နိုင်ငံခြားသားတွေက ဝင်းမင်းဘယ်အချိန်အိပ်သလဲလို့ စပ်စုကြတဲ့အထိပါ။ ဒါ့ကြောင့် သူ လက်ပတော့ဟာ နားချိန်မရှိသလောက်ပါပဲ။

နောက်တယောက်ကတော့ PP 21 ရုံးမှာနေတဲ့ ကိုဝင်းချိုပါ။ သူကလည်း ၈၈ မှာ မော်လမြိုင်တက္ကသိုလ်ကကျောင်းသားတဦးအဖြစ်က တောခိုလာပြီး ABSDF(MTZ)မှာ CEC စစ်ဉီးစီးချုပ် တာဝန်အသီးသီးယူလာခဲ့သူပါ။ သူ့ရဲ့ထူးခြားချက်က အချိန်နဲ့အတိအကျ သေသေချာချာအလုပ်လုပ်တတ်တာပါ။ ဥပမာ မနက်အိပ်ရာထချိန် မျက်နှာသစ် လေ့ကျင့်ခန်းလုပ် မနက်စာစား ဘာသာစကားလေ့လာ/ဂစ်တာတီးကျင့် အလုပ်လုပ် ခနနား...စသဖြင့် အချိန်ဇယားဆွဲပြီး အဲ့ဒီအတိုင်းတိတိကျကျလုပ်ပါတယ်။ ဒါကြောင့် သူကသူ့နာရီကို ခဏခဏ ကြည့်လေ့ရှိပါတယ်။

ဒါကြောင့် ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေ/ရဲဘော်တွေက သူတို့နောက်မှာ " ကရင်ကား PP21ဆိုင်ကယ် ကိုဝင်းမင်းလက်ပတော့ ကိုဝင်းချိုနာရီ အရမ်းတန်တယ်"
လို့နောက်ကြပါတယ်😁😁😁။

ဇော်ဝင်းလွင်( ၂၁၂)
https://www.facebook.com/Zgyi.Mig/posts/3038587309540013 ...မှ စာရေးသူ၏ခွင့်ပြုချက်ဖြင့် ယူပါသည်။