Breaking News

မောင်သော်တာ - ဖတ်လို့မရတဲ့မျက်နှာ


ဖတ်လို့မရတဲ့မျက်နှာ
မောင်သော်တာ
(မိုးမခ) ဇွန် ၁၊ ၂၀၂၀

ရယ်စရာမောစရာရှာတွေ့မလားလို့
မောတာပဲ
ရုတ်တရက်ဖုန်းခေါ်ကြည့်တာ ရယ်စရာ
ဇာတ်သိမ်းခန်းမဟုတ်သေးဘဲရဲတွေခပ်မြန်မြန်ရောက်လာတယ်
ဒေါသထွက်နေတဲ့လူအုပ်ကြီးကတစ်ယောက်နဲ့တစ်ယောက်ရယ်လို့မောလို့
ကင်းပုန်းစောင့်နေတဲ့အရာရှိကြီးဆီဆေးလိပ်မီးသွားညှိကြည့်တယ်
ပွဲကြည့်သူတစ်ယောက်မှမရှိတဲ့လား
မင်းသမီးကတစ်လက်တည်းပဲ
ပွဲကြည့်ရင်းပွဲသိမ်းကိုဆက်စောင့်မယ်
တစ်ယောက်ဆို တအားပဲ ပွဲသိမ်း
အမှောင်ထဲကင်းပုန်းဝပ်နေပါတယ်ဆိုမှမီးကခဏခဏလာတယ်
ဇာတ်သိမ်းခန်းကို ကားလိပ်စောင့်သလို
စခန်းကုန်းလေးတစ်ခုကဖုန်းခေါ်ဆိုမှုတစ်ခုကိုစောင့်နေတယ်
ရယ်ရာမောစရာဆိုတာရှာကြည့်ရတာလားစောင့်ကြည့်ရတာလား
အခံဓာတ်လိုသလား အကြည်ဓာတ်လိုသလား
ရန်သူကတော့အတိုက်ဓာတ်အစစ်အမှန်ပဲရဲဘော်
နည်းပညာသစ်တွေနဲ့ကမ္ဘာကြီးကိုဆက်စောင့်ကြည့်ရမယ်
ရွေးကောက်ပွဲရဲ့မဲဆွယ်စကားလုံးအသစ်ကိုစောင့်ကြည့်မယ်ဆိုမှ
ဇာတ်ရှိန်မြင့်လာမလားပဲ
တကယ့်အတိုက်အခံအစစ်တွေကကျနော်တို့ပါတဲ့
ကြေမွပြီးစတောင်ကုန်းငယ်လေးကပြောတယ်
အချိန်မီဖုန်းမခေါ်ဆိုဖြစ်ခဲ့လို့ထင်တယ်
အခုမှ ဇာတ်လမ်းစပြီထင်တယ်
ကျည်ခွံပူပူတွေကိုလိုက်ကောက်ရင်
၁ ပိဿာကိုအသက်ဘယ်နှချောင်း ဆန္ဒမဲ ဘယ်နှပြား
ကမ္ဘာတဝှမ်းလုံးလုံခြုံရေးစီမံချက်ကတချိုးတည်းပဲ
ခြောက်လုံးပြူးခါးမှာချိတ်ထားပေမယ့်လူကြီးလူကောင်းဂိုက်ဆိုဒ်အပြည့်နဲ့
ဘယ်ဇာတ်လမ်းမဆိုဗီလိန်တွေမြန်မြန်သေလို့မှမရပဲ
ဗီလိန်လားရဲလား လက်ထဲကသေနတ်ကမဆုံးဖြတ်ပါဘူး
သေနတ်ပြောင်းဘယ်ဘက်ကိုထိုးချိန်ထါးသလဲစောင့်ကြည့်ပါ
ဒူးနဲ့ဖိထားတဲ့အရာရှိရော
လမ်းပေါ်လဲကျနေတဲ့ပြည်သူတစ်ယောက်ရော
မျက်နှာမှာ maskနဲ့
အားလုံး mask နဲ့ငိုမဲ့မဲ့လား
မဲ့ရွဲ့ရွဲ့လား
ဘယ်သူသိမလဲ

မောင်သော်တာ
  ၂ ၀ ၂ ၀