Breaking News

မောင်ရစ် - အမေရိကန်လူ့အဖွဲ့အစည်း လဲပြိုချိန်


မောင်ရစ် - အမေရိကန်လူ့အဖွဲ့အစည်း လဲပြိုချိန်

(မိုးမခ) ဇွန် ၁၊ ၂၀၂၀

အမေရိကန်ပြည်၊ နောက်ခံကားချပ်က ကိုဗစ် ၁၉ ကပ်ဘေး၊ လူ ၁.၇ သန်း ၃ လအတွင်း ကူးစက်၊ ၁ သိန်းကျော်သေဆုံး။ လူ ၃၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်။ လူမည်းတွေ အထိအနာဆုံး၊ ဆင်းရဲလို့၊ ရောဂါထူလို့၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိကြလို့။ ကိုဗစ်အောက်မှာ လူတိုင်း ရုပ်ကော စိတ်ပါ ဖိဆင်းဆင်းရဲနေကြရ။ မိသားစုတွေ သေကွဲ ရှင်ကွဲတွေ ကွဲနေကြရ။ 

အဲသည် ကိုဗစ်ကပ်ဘေးနောက်ခံမှာ လူကိုလူချင်း အနိုင်ကျင့် စော်ကားမှု့တွေက နောက်ထပ် ကားချပ်တခု တိုးလာပြန်။ လွန်ခဲ့တဲ့ တပတ်ကျော်က နယူးယောက်စင်ထရယ်ပတ်ခ် ပန်းခြံမှာ - လူဖြူမိန်းမက ခွေးကျောင်းနေတာ ခွေးကိုလည်ပတ်ကြိုး မတတ်ထားလို့ လူမည်းတဦးက ထောက်ပြ၊ လူဖြူမိန်းမက လက်မခံ။ လူမည်းနဲ့ အငြင်းအခုံဖြစ်။ လူဖြူမိန်းမက လူမည်းကို ပြန်ခြိန်းခြောက်။ 

"ငါ အခု ရဲကို ဖုံးဆက်လိုက်မယ်၊ နင်က ငါ့အသက်ကို ရန်ရှာနေတယ်လို့ သတင်းပို့လိုက်မယ်၊ နင်ဒုက္ခရောက်သွားမယ်" တဲ့။

ဒါက ဘာကို ပြန်နေသလဲ? ။ လူမည်းတွေအပေါ်မှာ လူဖြူတွေရဲ့ အစဉ်အမြဲ အနိုင်ကျင့်စိုးမိုးလိုတဲ့ အမြစ်တွယ်နေတဲ့ အကျင့်ဆိုး။ ဒီလို ပြောပြီး လူမည်းတွေကို ဖိနှိပ်ထားလိုတဲ့ လက္ခဏာ။ ရဲတွေကလည်း သည်လိုမျိုး သတင်းပို့ခံရရင်  လူမည်းတွေကို နှိပ်ကွပ်ပြီးသား။ (သို့သော် လူမည်းက ဖုံးနဲ့ ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုကိလို့ လူထုက အမှန်ကို သိကြ၊ ရဲတွေက အရေးမယူ၊ လူဖြူမိန်းမ၏ အလုပ်ရှင်က ထိုမိန်းမကို မတရားလုပ်ကြံမှုဖြင့် အလုပ်က ထုတ်ပစ်လိုက်)။

အဲသည်မတိုင်ခင်က ဂျော်ဂျီယာပြည်က လူမည်းတဦးကို လမ်းပေါ်မှာ လူဖြူ အရပ်သား ၃ ဦးက ကားနဲ့ လိုက်ပြီး သေနတ်နဲ့ ပစ်သတ်၊ သူခိုးလို့ သံသယရှိလို့တဲ့။ အမှုကို လူထုက သိသွားလို့ အုံကြွမှု စတင်၊ အက်ဖ်ဘီအိုင်က ဝင်အရေးယူတော့မှ လူဖြူသုံးဦး အဖမ်းခံထားရ။ ကိုဗစ်၁၉ အောက်မှာ လူမည်းတွေကို မတရားဆက်ဆံခံနေရတာတွေ ... ... .... ။

သည်လိုနဲ့ နောက်တပတ်အကြာ မီနီယာပုလိစ်မြို့တော်က ဂျော့ဖလွိုက် လူမည်းကတော့ သေချင်းဆိုးနဲု့ သေခဲ့။ ရဲ ၄ယောက်က သူ့ကို ဖမ်းချုပ်၊၊ လူမြင်ကွင်းမှာ ဒူးနဲု့ နင်းပြီး ဖမ်းထားလို့ လူထုရှေ့မှာ အသက်ပျောက်။ လူထုက လူမည်းတွေနဲ့ အတူ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ကုန်ကြပြီ။ 

ရဲတွေက ဆင်ခြေပေးနေကြက ဟိုလူဖြူမိန်းမ ပြောသလိုပဲ သူ့အသက်ဘေးကို ကြောက်လို့ ပစ်သတ်လိုက်ရပါတယ် ဆိုတာမျိူး။ အများက ဆိုရှယ်မီဒီယာမှာ ဖော်ထုတ်လိုက်တဲ့အခါ ကြောက်လို့ သတ်တာ မဟုတ်ပါ။ သတ်ချင်လို့ သတ်ပစ်လိုက်တယ်ဆိုတာ ထင်ရှားလာ။ လူထုပရိသတ်က ဒါကို ကန့်ကွက်ရှုတ်ချပြီ။ အသက်သတ်တယ်ဆိုတာ မှားတယ်။ အမှန်တရားမဟုတ်ဘူး။ 

သည်တော့ အဲသည် ရဲ ၄ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်။ ဖမ်းလိုက်တယ်။ ဒီလိုလုပ်တာနဲ့ ပြီးပြီလား။ တရားစီရင်လိုက်တယ်လို့ ဆိုနိုင်ပြီလား။ လူမည်းတွေကော အမေရိကန်နိုင်ငံသားအများစုမှာ ဒီလိုနဲ့ ပြီးသွားတာနဲ့ တရားမျှတမှုကို ဖော်ဆောင်လိုက်ပြီလို့ ဆိုနိုင်သတဲ့လား။

လူထုက ဒါကို ပြီးပြီလို့ မယုံကြည်တော့ဘူး။ လူမည်းတွေကို မတရားလုပ်နေတာတွေ နိဂုံးချုပ်သွားပြီလို့ မယုံကြည်ကြတာကြောင့် လူတွေဟာ ဆန္ဒတွေ ဆက်ပြနေကြတယ်၊ ဆက်ပြီး ကန့်ကွက်နေကြတယ်။ လမ်းပေါ်မှာ ရဲနဲ့ အဓိကရုဏ်းတွေ ဆက်ဖြစ်နေကြတယ်။ လုယက်မှုတွေ မင်းမဲ့စရိုက်တွေအထိ ဆက်ဖြစ်ပွားနေကြတယ်။ 

လူအဖွဲ့အစည်းဆိုတာ မတူညီတဲ့လူမျိုးတွေ အရောင်ကွဲတဲ့လူအုပ်စုတွေအချင်းချင်းကြား ဘဲုံလူမှုရေးသဘောတူညီချက်တွေနဲ့ တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်။ အများအားကိုးတဲ့ ဥပဒေ အကာအကွယ် ကတိကဝတ်တွေနဲ့ အတူတကွ နေထိုင်ကြတာ ဖြစ်တယ်။ အများလိုက်နာတဲ့ စည်းကမ်းတွေကို ယုံကြည်ကိုးစားပြီး နေကြတယ်။ အဲသည် သဘောတူစာချုပ်တွေကို ရဲတွေက မလိုက်နာတော့ဘူး၊ တရားရုံးတွေက အလေးမထားတော့ဘူး၊ လူဖြူတွေက တဖက်သတ်အလွဲသုံးနေပြီဆိုရင် ကျန်တဲ့ နိုင်ငံသားတွေ လူနည်းစုတွေက ဘာကြောင့် ဆက်ပြီး ခေါင်းငုံ ခံနေကြရမှာလဲ။ သူတို့သတ်မှတ်ထားတဲ့ ဥပဒေသတွေ အောက်မှာ ငြိမ်ဝပ်ပိပြားနေထိုင်နေတဲ့ကြားက လူတွေဟာ အလုပ်တွေ ပြုတ်နေတယ်၊ အငတ်ဘေးကြုံနေတယ်၊ ဆေးကုသခွင့် ငြင်းပယ်ခံနေရတယ်။ ပုလိပ်က မစောင့်ရှောက်ဘဲ လည်ပင်းကို ဒူးနဲ့ နင်းပြီး သတ်နေတယ်။ သည်အချိန်မျိုးမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆိုင်တွေကို ဖောက်ကြတယ်။ ဂိုဒေါင်တွေ ဖောက်ကြတယ်။ မင်းမဲ့စရိုက် ဖြစ်ကုန်ကြတယ်။ သည်လို ဥပဒေတွေ လူမှုစည်းကမ်းတွေ ဖောက်ဖျက် စော်ကားခံနေရချိန်မှာ (လုတယ်) (မလုဘူး) ဆိုတာဟာ ဘယ်အာမခံချက်ပေါ်ကနေ ငြင်းခုံနေကြတာလဲ။

အဓိကကတော့ အစိုးရမင်းတွေကိုယ်တိုင်က  မိမိချမှတ်ထားတဲ့ သည်လူမှုဥပဒေသတွေကို ထိန်းသိမ်းလိုက်နာဖို့ တာဝန်ရှိတယ်။ သူတို့တွေက စံနမူနာနေပြဖို့ တာဝန်ရှိတယ်။ မိဘတွေ ကျောင်းဆရာတွေ ရဲတွေ ကိုယ်တိုင်က သူတို့ပြဌာန်းထားတာတွေကို စံပြအဖြစ် နေထိုင် လုပ်ကိုင်ဖို့ လိုတယ်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတာကို လူထုက ခေါင်းငုံနေကြရမှာလား။  သူတို့က မလိုက်နာပဲ လူသတ်နေမှတော့ အောက်ခြေ လူထုက မျက်စိမှိတ် လိုက်နာနေတာကို တရားတယ် ဆိုမလား၊ မတရားဘူး ပြောမလား။

အုပ်ချုပ်သူတွေ အာဏာပိုင်တွေ ဩဇာရှင်တွေက သည်ဥပဒေသတွေ ပြဌာန်းကြတယ်၊ သဘောတူလက်ခံခိုင်းကြတယ်၊ ဒါကို သက်ဝင်အောင် တည့်မတ်ရမယ်၊ အများအပေါ်မှာ သာတူညီမျှ ဆက်ဆံရမယ်။ အခုအချိန်မှာ ဆင်းရဲတဲ့ လူထု၊ အားနည်းတဲ့လူထု၊ ပစ္စည်းမဲ့ ပညာမဲ့တဲ့ လူထုကို မတရားဆက်ဆံခံနေရတာ ထင်ရှားနေတယ်။ ဂျော့ဖလွိုက်တွေ အများကြီး အသတ်ခံနေရတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ။ (ရှိသူ)တွေ အောက်မှာ (မရှိသူ)တွေဟာ လက်ခုပ်ထဲကရေလို မတရားကျင့်ခံနေတာကို တရားတယ်လို့ ဘယ်သူက ပြောနေတာလဲ။ (ရှိသူ) တွေကပဲ ဖိပြောနေကြတုံးပဲ မဟုတ်လား။ မာတင်လူသာကင်း လမ်းပေါ်ထွက်တုန်းကလည်း ပြောခဲ့ကြတာပဲ။ ဆန္ဒမပြပါနဲ့၊ လမ်းပေါ်မထွက်ပါနဲ့ ... တဲ့။ သည်လို မလုပ်ရဘူး တဲ့။ ဒီလိုလုပ်တာ မမှန်ဘူးတဲ့။ တောင်အာဖရိကားမှာ လူမည်းတွေ အုံကြွတော့လည်း ပြောကြတာပဲ - ဒီလိုလုပ်တာ မမှန်ဘူး ... တဲ့။ လူတွေ လမ်းပေါ်ထွက်လာတာဟာ လူမှုဘ၀ရဲ့ စနစ် မမှန်တော့လို့ ထွက်လာတာ။ စနစ်ကြီး၊လူမှုဘ၀ကြီးက မမှန်ကြတော့လို့ ဒီလိုလုပ်ရတာ။ 

တရားမျှတမှုကိုအာမခံပါတယ်လို့ ဆိုထားတဲ့ လူမှုအဖွဲ့အစည်းပြဌာန်းမှုအောက်မှာ ခေါင်းငုံ့နေထိုင်ရင်းကနေ လူမည်းတွေ အသတ်ခံနေရတာပဲ။ မင်းကို ဖုန်းဆက်လိုက်ရမလားဆိုပြီး အခြိမ်းခြောက်ခံနေရတာပဲ။ လမ်းပေါ်မှာ သူခိုးလို့ အစွပ်စွဲခံရပြီး သေနပ်နဲ့ အပစ်ခံလိုက်ရတာပဲ။ မင်း လူမည်းဖြစ်နေရတာနဲ့တင် မင်း နိုင်ငံသားအခွင့်အရေးတွေဆိုတာ လူဖြူတွေနဲ့ တန်းမတူဘူးလို့ လူမှုအဖွဲ့အစည်းက တဖက်သတ် စီရင်ချက် ချခံထားရပြီးသားပဲ။ သည်လူမှုအဖွဲ့အစည်းက မင်းကို အကာအကွယ်မပေးနိုင်ဘူး။ မင်းအသတ်ခံရတယ်၊ မင်း ဆေးကုစရာမရှိဘူး၊ မင်း အလုပ်မရှိဘူး၊ မင်းနေစရာ အိမ်မရှိဘူး၊ မင်း စာသင်ဖို့ကျောင်းမရှိဘူး၊ မင်းငတ်ပြတ်နေတယ်။ ဒါပေမယ့် မင်း သူတို့ဥပဒေကိုတော့ လိုက်နာရမယ် ... တဲ့ ။ ဒါဟာ တရားတယ်ဆိုရင် - မင်း ထွက်ပေါက်မရှိတော့လို့ ဂိုဒေါင်ဖောက်တာလည်း တရားတယ်လို့ ပြောခွင့်ပေးရမှာပေါ့။ လူဖြူတွေ လုပ်တာကျတော့ တရားပြီး လူမည်းတွေ ၊လူနည်းစုတွေ ၊ အသားအရောင် မတူသူတွေ၊ ပစ္စည်းမဲ့တွေ လုပ်တာကျတော့ မတရားဘူးပြောရင် ဒီ လူမှုအဖွဲ့အစည်းဟာ ဘယ်သူ့ဟာလဲ။ မင်းအတွက်မဟုတ်တဲ့ စနစ်ကြီးကို မင်းက လိုက်နာမှ တရားတယ်ဆိုတာ တဆိတ် မလွန်လွန်းဘူးလား။

တရားမျှတခွင့်က ကျောခိုင်းထားလို့ ကမ္ဘာကြီးသိအောင် လမ်းပေါ်ထွက်လာတဲ့မရှိသူတွေ ၊ အားနည်းသူတွေ ၊တိုက်ပွဲဝင်သူတွေ၊ မျိုးဆက်သစ်တွေထဲက ပေါက်ကွဲနေသူတွေကို သူတို့ကိုကိုယ်စားမပြုတဲ့လူမှုဥပဒေသတွေနဲ့ အကြမ်းဖက်တွေ မင်းမဲ့စရိုက်တွေလို့ ထပ်ပြီး စွပ်စွဲပုတ်ခတ်နေသေးရင် လဲပြိုနေတဲ့ လူ့အဖွဲ့အစည်းက အလိုလိုပြန်ပြီး ထောင်မတ်သွားမယ်လို့ စိတ်ကူးအိပ်မက် ဆက်မက်မနေနဲ့လို့ ပြောစရာပဲ ကျန်တော့တယ်။