Breaking News

မောင်စွမ်းရည် - ကိုဗစ်အကျဉ်းသား


မောင်စွမ်းရည် - ကိုဗစ်အကျဉ်းသား

(မိုးမခ) ဇွန် ၁၀၊  ၂၀၂၀


ငါတို့များ...
အရင်ဘဝက
သူတပါးကို အကျဉ်းချထားတတ်တဲ့
စစ်ဗိုလ် စစ်သား
လူဝင်စား...ဖြစ်ခဲ့လေသလား။
ခုဘဝမှာ
ကိုယ့်ဖာသာ အကျဉ်းထား
ကိုဗစ်အကျဉ်းသားတဲ့။

 မမြင်ရတဲ့ ပိုးမွှား
ကိုဗစ်ဆိုတာ လာမှာလားလို့
တံခါးပိတ် အခန်းတွင်း
အကျဉ်းချ ခံနေကြရတယ်။

 သူလဲ မလာရသလို၊ ကိုယ်လဲ မသွားရဘူးပေါ့။
ကိုယ့်ဖာသာ တံခါးပိတ် တိတ်တိတ်နေရတယ်။
တံခါးခေါက်သံကြားရင်
ကြောက်ကြောက်နဲ့ အသာသွား၊ တံခါးဖွင့်ရတယ်။
ကိုဗစ်လား၊ ကိုညစ်လား
စာပို့သမားပါ တဲ့။

အထုပ်တထုပ်၊ ဘာထုပ်ဖြစ်ဖြစ်
ပစ်သာထားခဲ့ပါ။
နောက်နေ့များမှ ကြည့်တော့မယ်။
ခုတော့ဖြင့် ပိုးသတ်ဆေးဖြန်း
ခန်းဝမှ ခဏတအောင့်၊ စောင့်လိုက်လေ ဉီး။
ခုတော့ ခဏ၊ ကြည့်လက်စရုပ်သံ
ပြန်ကြည့်လိုက်ပါဉီးမယ်။

ရုပ်မြင်သံကြားမှ
အရုပ်တွေလဲ မြင်ရ၊ အသံတွေလဲ ကြားရတယ်
လူမဲရဲ့ လည်ပင်းကို လူဖြူက နင်းထားတယ်။
“အသက်ရှူလို့ မရတော့ဘူး”
“အသက်ရှူလို့ မရတော့ဘူး” တဲ့။

လူဖြူရဲရဲ့ ခြေနင်းအောက်၊ လူမဲအသက်ပျောက်ခဲ့ပြီး
မသတ်ဘဲ သေပေမဲ့၊ သေတာဟာ သေတာပါပဲ
ရဲကို ရဲက အရေးယူပါတယ်။
လူမဲတွေက ဆူပူထကြွ၊ လုယက်ကြတယ်။

 မှားတာကို မှားကြောင်း၊ ရဲတွေက ဒူးထောက် တောင်းပန်ကြတယ်။
ဒါက အမေရိကန်ရဲပါ။
ပုလိပ်ဘဝကလာတဲ့ ဗမာရဲလိုမဟုတ်ပါ။
သေတဲ့လူက သေသွားပြီး။
လုတဲ့လူတွေက လုပြီးသွားပြီ။
တော်သေးတယ်။
'ဒေါ်နွယ်ထွန်း' နေရာမယွန်းလိုက်ဘူး၊
သူ့ခမျာ ပျာယာခတ်သွားရှာတယ်။

ကျန်းမာကြပါစေ-ချမ်းသာကြပါစေ။
ကိုဗစ်ကိုပြောတာမဟုတ်ပါ။
သဗ္ဗေ သတ္ထာ ဝေနေယျာ၊ ကျန်းမာကြပါစေ၊
ဘယ်သောခါများမှ အပြင်ထွက်ပြီး
နေပူပူ လင်းလင်းလက်
လမ်းလျှောက်ထွက်ရပါမလဲ ဟရို့။

မောင်စွမ်းရည်
၂၀၂၀၊ ဇွန် ၈။