Breaking News

ဇော်သစ်ကြည် - ငှက်ကလေးတွေ...

ငှက်ကလေးတွေ
 ဇော်သစ်ကြည်
(မိုးမခ) ဇွန် ၉၊ ၂၀၂၀

ဘဝမှာ ငှက်ကလေးတွေနဲ့ကင်းကွာခဲ့ဖူးလားလို့ ပြန်တွေးနေမိပါတယ်။ နိစ္စဓူဝဆိုသလိုပါပဲ။ ငှက် ကလေးတွေ အမျိုးမျိုးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ တစ်ခါတလေ ကြည့်လို့ မြင်ဖူးတယ်ပဲ ရှိတာ၊ ဘာငှက်လဲလို့ အမည်မခေါ်နိုင်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတချို့ကတော့ခွဲခြားပြနိုင်ပါတယ်။ များသောအားဖြင့်တော့ တောထဲ တောင်ထဲက သူငယ်ချင်းတွေပေါ့။ သူတို့ဘာသာ နာမည်ပေးထားသလား၊ တစ်နိုင်ငံလုံးခေါ်တဲ့ နာ မည်လားတော့မသိပါဘူး။ တစ်ကျောင်းတစ်ဂါထာဆိုတဲ့အတိုင်း တစ်ရွာတစ်ပုဒ် ဆန်းကြတယ်မဟုတ်လား။ ဒီတော့ တစ်ခါတလေတော့ သူတို့ကို မေးမနေတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီး ခေါ်လိုက်တာပါပဲ။ ဘုံတူတဲ့ နာမည်တွေတော့ ရှိကြပါတယ်။ ဒါပေမယ့် တချို့ကတော့ သူလည်း သူ့အထာနဲ့ ကိုယ်လည်း ကိုယ့်အထာနဲ့ပေါ့။
တက္ကသိုလ်တက်တုန်းက ရုက္ခဗေဒဆရာမတစ်ယောက်ကို သစ်ပင်တစ်ပင်ရဲ့အမည်မေးပါတယ်။ စာ အုပ်ထဲကပုံစံ၊ သဏ္ဌာန်နဲ့အပြင်နဲ့ မမှန်းနိုင်ဘူးထင်ပါရဲ့။ ဆရာမက မဖြေနိုင်ရှာဘူး။ ကျွန်တော်ကလည်း မသိလို့ သူ့ကို ဆရာတင်လိုက်တာပါ။ နောက်တော့ မေးပါများတော့ ဆရာမခမျာလည်း မဖြေနိုင်တာများတော့ ‘ခွေးမေးပင်’လို့ပဲဖြေပါတယ်။ ဘာမေးမေး ‘ခွေးမေးပင်’တဲ့။ ကျွန်တော်ကချင့်ချိန်တတ်တော့ ‘ကြောင်ရှာပင်’ တောင် ရှိသေးတာပဲဆိုပြီး အဟုတ်မှတ်နေတာပါ။ မေးတိုင်း ‘ခွေးမေးပင်’ ဆိုတော့ ဆက်မမေးတော့ပါဘူး။
စိုက်ပျိုးရေးအရာရှိတစ်ယောက်က မြက်ပင်နဲ့စပါးပင် မခွဲတတ်ဘူး။ ကူးသန်းရောင်းဝယ်ရေးအရာရှိတစ်ဦးက သင်္ဘောမထွက်နိုင်တဲ့ ‘ဝယ်လ်သာ’ကို ဖြုတ်လဲခိုင်းပါတယ်။ မရင်းနှီးတဲ့ အရာတွေက မရင်းနှီးပါဘူး။ ဒါပေမယ့် တချို့ငှက်ကလေးတွေက ရင်းနှီးတာတောင် မရင်းနှီးပါဘူး။
ဗုဒ္ဓစာပေထဲမှာ ငှက်ကလေးတွေကို တွေ့ခဲ့ရပါတယ်။ နုမှာ ငါးရာမှာလည်း ‘ငုံးမင်း၊ ဥဒေါင်းမင်း၊ ကျီးမင်း’ စသဖြင့် ဖတ်ခဲ့ရပါတယ်။ ဇာတ်လိုက်တွေဆိုတော့ မှတ်မိတာပေါ့။ စေတီတော် တည်တဲ့ နေရာမှာလည်း ‘ငှက်မြတ်နား’ဆိုတာကို သိခဲ့ရပါတယ်။ ဓမ္မစေတီဆရာတော် ညွှန်းဆိုခဲ့ပါတယ်။ ငှက်’ ဆိုတာ ရဟန္တာမှန်း မသိခဲ့ပါဘူး။ သင်္ကန်း(၃)ထည်၊ သပိတ်လွယ်ကာ ကြွချင်တဲ့အရပ်ကို ငှက်တစ်ကောင်လို့ ပေါ့ပေါ့ ပါးပါး ကြွနိုင်ကြသတဲ့။ အနှောင်အဖွဲ့ကင်းတယ်ပေါ့။ လက်ရှိဘဝဟာ ခေတ္တနားခိုရာ၊ နောက်ဘဝဆိုတာ ချုပ်ငြိမ်းသွားပြီ။ ဒီဘဝဇာတ်သိမ်းရင် ကင်းငြိမ်းရာနိဗ္ဗာန်သို့ ကူးမြောက်သွားတာမို့ စိန်ဖူးတော်အောက်မှာ ‘ငှက်မြတ် နား’ကို ထည့်သွင်းထားပါတယ်။
သီချင်းတွေထဲမှာ ငှက်ကလေးတွေကို နှိုးစက်ကလေးတွေ၊ မင်္ဂလာလေးတွေ၊ အာရုဏ်သစ်ဖူးလေး တွေလို့ တင်စားကြပါတယ်။ ကျွန်တော်ထက် အရင် နိုးနေတတ်တာပေါ့။ စာကလေးနှစ်ကောင်က ကျွန်တော့် အိမ်ထဲက ပန်ကာပျက်ထဲမှာ အသိုက်ဆောက်ကြပါတယ်။ ပန်ကာဟာ လည်မှန်း၊ ပျက်မှန်းတော့ သိပုံမရပါ ဘူး။ တစ်ခုမှာ ကြိုးစားဆောက်တုန်းက ကျွန်တော် အကြိမ်ကြိမ်လှည့်ပစ်ခဲ့ပါတယ်။ ပန်ကာခလုတ်ဖွင့်လိုက်ရင် မြက်ခြောက်တွေ၊ ကောက်ရိုးတွေ၊ တမာကိုင်းတံလေးတွေ တဖွားဖွားကျလာပါတယ်။ ဒါပေမယ့် နောက်မနက် ကြည့်လိုက်ရင်၊ အရင်နေ့ကလိုပါပဲ။ သူတို့ အကြိမ်ကြိမ် ဆောက်ကြပါတယ်။
ပျားရည်ပုလင်းလဲ ခြေချော်ကျသလို ပန်ကာပျက်တစ်ခုကို ရှာတွေ့သွားပါတယ်။ ပထမ ကျွန်တော် တုတ်နဲ့ထိုးချပါတယ်။ ပြန်ဆောက်တာပါပဲ။ ထိုးချတဲ့သူအလစ်မှာပေါ့။ အမျိုးသမီးက မကြည့်ရက်ဘူးထင်ပါရဲ့၊ တုတ်ကို သိမ်းသွားတယ်။ ကျွန်တော်လည်း မူ’ကို ပြင်ပစ်လိုက်ရတယ်။
သူတို့ကို ကြည့်ရတာ ဘယ်သူက အမ၊ ဘယ်သူက အထီးမခွဲတတ်ပါဘူး။ မျက်နှာမှာ အမည်းစင်းပါတာ အမ’လို့ ထင်ပါရဲ့။ တိရစ္ဆာန်အမတွေဟာ ကာကွယ်ရေးအနေနဲ့အနံဆိုးတွေထုတ်တာ၊ ရုပ်ဆိုးဆိုးထားတာ၊ ဆူးတောင်တွေရှိတာကို အခြေခံသိခဲ့ပါတယ်။ ခပ်ချောချော အထီးလည်း ပါလာတာပါပဲ။ ခဏနေရင် ဥတွေ ဥခဲ့တော့မယ်။
အသိုက်တစ်ခုမှာ ဘယ်အကောင်က ဝင်ဥ၊ ဘယ်နှယ့်ကောင်ပေါက်၊ ဘယ်နှယ့်ရက်နေလဲမသိပေမယ့်၊ အတော်မြန်ဆန်တဲ့ သဘာဝလို့ထင်ပါရဲ့။ အကောင်ပေါက်လေးတွေ အပျံသင်တယ်။ အပြင်ထွက်သွားတယ်။ နောက်ပြန်ဝင်လာတဲ့ငှက်က အရင်ကမိဘတွေလား၊ သားသမီးတွေလား။ ကျွန်တော်ဖမ်းပြီး ဆေးဆိုးထားရမလား၊ ချည်ကြိုးလေးခြေထောက်စည်းထားရမလား။ ငှက်ပေါက်လေးတွေ ဖမ်းရလွယ်ပါတယ်။ အသည်းတော့ ယားစရာကောင်းတယ်။
အမျိုးသမီးက ထူးထူးခြားခြား ငှက်သိုက်ကလေးတွေကို ချီးကျူးပါတယ်။ အသိုက်ဆောက်တတ်တာကိုပေါ့။ ဇွဲကောင်းတာကိုပေါ့။ ဟုတ်တော့ ဟုတ်တယ်၊ ဘယ်နှစ်ကောင်က ဘယ်လိုဆောက်လိုက်သလဲ မသိပါဘူး။ ကဗျာတစ်ပုဒ်ထဲက ‘မညောင်းမကြောက် သိုက်အုံဆောက်သည်’ ဆိုသလိုပေါ့။ စာဗူးတောင်းသိုက်ကလေးက မိုးလေဝသတဲ့၊ အသိုက်ထဲမှာ ပိုးစုန်းကြူးကလေးကို ဖမ်းထည့်ထားသတဲ့။ ငှက်သိုက်အား ဆေးလည်း ရှိပါသေးတယ်ကွာလို့ ဦးအောင်ပြောခဲ့လိုက်တယ်။
တမာပင်နဲ့ မန်ကျည်းပင်နှစ်ပင်အောက်မှာ ကွပ်ပြစ်ကလေးခင်းပြီး စာရေးလေ့ရှိပါတယ်။ စာရေး တိုင်း ငှက်ကလေးတွေ အမျိုးမျိုးလာလည်ကြပါတယ်။ တချို့ကောင်တွေကို သိတယ်၊ ဆက်ရက်…။ လက် ပံပင်ဆက်ရက်ကျ။ တချို့က နှံပြည်စုပ်…။ နှံပြည်စုပ် တစ်လုပ်စာ၊ ငရဲ တစ်ပိဿာ။ ငရဲကို အလေးချိန်နဲ့ ပြထားတာဟာ မမိုက်ပါဘူး။ နှံပြည်စုပ် တစ်လုပ်စာ၊ ငရဲ နှစ်တစ်ရာတို့… နှစ်ငါးရာတို့ လုပ်ပေါ့။ ဘီလုံးကို မြင်ရင် သိပါ့မလားလို့ တွေးနေမိတယ်။ သူက ကျွန်တော့်ဟီရိုးပဲ။ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆင်မိုက်ကြီးကို လှဲဖြိုခဲ့တယ်လေ။
ကျွန်တော့်လက်ပ်တော့ပေါ်ကို အမှုန်တွေ ကျလာတော့ မော့ကြည့်လိုက်တယ်။ ရှဉ့်ပြေးတယ်ထင်နေတာ၊ ဘုတ်စရွေးငှက်တွေထင်ပါရဲ့။ အမြီးရှည်ရှည်နဲ့လေ။ အကောင်ကလည်း ခပ်ကြီးကြီး၊ အသံကတော့ ဘာတွေအော်နေပါလိမ့်။
ဆရာနေမျိုးရဲ့ တရုတ်ကျီးကန်းက ဘယ်လိုပါလဲ။ ခု၊ အား…အား အော်နေတာ ဗမာကျီးကန်းတွေလား။ လျင်တာတော့ လျင်တယ်။ ရဲလည်း ရဲတယ်။ တောကျီး မြို့ကျီးပုံပြင်ထဲမှာတော့ မြို့ကျီးတွေက ပိုလျင်ရတယ်နော်။ မြို့မှာဆိုတော့ အစစအရာရာ ခပ်သွက်သွက် ထင်ပါရဲ့။
တစ်ခါတလေ ငှက်တွေကို အမည်မခွဲဘဲ ဒီအတိုင်းကြည့်နေလိုက်တယ်။ ခုန်ဆွ ခုန်ဆွသွားတာ၊ အိုက်တင်နဲ့ လမ်းလျှောက်တာ၊ လေးလေးမှန်မှန်ပျံသန်းသွားတာ၊ ထိုးဆင်းလာတာ၊ အဖွဲ့လိုက်ကြီး၊ တစ်ကောင်စ နှစ်ကောင်စ။ နှုတ်သီးချွန်တာ၊ ကောက်တာ၊ ဝါတာ၊ မည်းတာ။ အမျိုးမျိုး အပြားပြားပေါ့လေ။
‘ငှက်ကလေးတွေ မိုးတိမ်ကြား ပျံနိုင်ကြစေသား’။
 ဇော်သစ်ကြည်
၉.၆.၂၀၂၀ မနက် ၈နာရီ ၁၉မိနစ်။