Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၆)




ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၆)

မြင့်မြတ်သူတို့၏ အဓိဋ္ဌာန်လေးချက်

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၀

🔸 “ဗုဒ္ဓေါ ဗောဓေယျံ၊ မု‌တ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ”

“အမှန်တရားကို ငါသိမြင်သလို သတ္တဝါ အများအားလည်း သိမြင်စေပါအံ့၊ ဘဝအနှောင်အဖွဲ့မှ ငါလွတ်မြောက်သလို သတ္တဝါ အများအားလည်း လွတ်မြောက်စေပါအံ့၊ သံသရာဝဲဂယက်မှ ငါကူးထွက်နိုင်သလို သတ္တဝါ အများလည်း ကူးထွက်စေပါအံ့” ဟူသည့် သုမေဓာ ရှင်ရသေ့၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းတာဝန်များ ရှိသည်။ ထိုလုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဖြည့်ဆည်းခြင်းကိုပင် ပါရမီဖြည့်သည်ဟု ဆိုသည်။ ထိုလုပ်ငန်းတာဝန်များ တနည်း ပါရမီဆယ်ပါးသည် ဘုရားဖြစ်အောင် ပြုမည့် တရားများ (ဗုဒ္ဓကာရကဓမ္မာ) ဖြစ်သည်။ သုမေဓာ ရှင်ရသေ့၏ ရည်မှန်းချက်ကို ပြီးမြောက်စေမည့် တာဝန်များ ဖြစ်သည်။

မြင့်မြတ်သည့် အလုပ်တခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရာတွင် ခိုင်မာသည့် ရပ်တည်ချက် လေးခု (အဓိဋ္ဌာန်လေးပါး) လိုအပ်ပါသည်။

“ငါသည် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရန် ကြိုးစား၍ လောကသားတို့ကို ကယ်တင်ပါအံ့” ဟုသည့် စိတ်က ကြံရွယ် ရည်မှန်းသည့် အတိုင်း ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခြင်းကို #သစ္စာဓိဋ္ဌာန် ဟု ခေါ်သည်။ သစ္စာဓိဋ္ဌာန်သည် (၁) မိမိဝန်ခံ ကတိပြုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း (ပဋိညာသစ္စာ) (၂) မှန်သောစကားကိုသာ ဆိုခြင်း (ဝစီသစ္စာ) (၃) အမှန်တရားကို သိမြင်ခြင်း (ဉာဏသစ္စာ) ဟု သုံးပိုင်း ရှိသည်။ ပါရမီတို့ ပြည့်မြောက်စေရန်အတွက် အမှန်တရား အပေါ်တွင် ရပ်တည်ချက်ခိုင်မာရသည်။ သစ္စာ စောင့်စည်းရသည်။

မြင့်မြတ်သည့် အမှုကိစ္စတို့ကို ဆောင်ရွက်ရာတွင် စွန့်လွှတ်မှု ရှိရသည်။ ပို၍ မြင့်မြတ်သည့် ရည်မှန်းချက် အတွက်ဆိုလျှင် ပို၍ တန်ဖိုး ကြီးမားသည့် အရာများကို စွန့်လွှတ်ရသည်။ သုမေဓာ ရှင်ရသေ့သည် ထိုဘဝ၌ပင် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်သည့် အရည်ချင်း ရှိသော်လည်း၊ ထိုအခွင့်အရေးကို စွန့်လွှတ်ခဲ့သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ဘဝပေါင်း များစွာတွင် စည်းစိမ်ဥစ္စာ, ဩဇာအာဏာ, သားမယား, ခြေလက်အင်္ဂါနှင့် အသက်တို့ကို စွန့်လွှတ်ကာ လောကသားတို့ကို ကယ်တင်နိုင်မည့် သမ္မာသမ္ဗောဓိဉာဏ် အတွက် စတေးခဲ့ရသည်။ ဤသို့ မိမိတန်ဖိုးထားသည့် အရာများကို ပို၍ တန်ဖိုးထားအပ်သည့် မြင့်မြတ်မှုအတွက် စွန့်လွှတ် စတေးခြင်းကို #စာဂါဓိဋ္ဌာန် ဟုခေါ်သည်။ ယုတ်နိမ့်သည့် မကောင်းမှုများကို စွန်လွှတ်ရန်မှာ ဆိုဖွယ်ပင် မရှိတော့။ စာဂါဓိဋ္ဌာန်ကို (၁) လောကီ ကာမဂုဏ် စည်းစိမ်ဥစ္စာ, ဩဇာအာဏာ, အခြွေအရံ, ကျော်ဇောမှု စသည်တို့ကို စွန့်လွှတ်ခြင်း (၂) လောဘ, ဒေါသ စသည့် ကိလေသာတို့ကို စွန့်လွှတ်ခြင်း (၃) ဘဝကို ဖြစ်စေတတ်သည့် ကုသိုလ်, အကုသိုလ် အဘိသင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်းဟု အဆင့်ဆင့် ရှိသည်။ ပါရမီဖြည့်ဆည်းရာတွင် စွန့်လွှတ်သင့်သည်တို့ကို စွန့်လွှတ်ရန် ဝန်မလေးသည့် ရပ်တည်ချက် ရှိရသည်။ ပါရမီတို့၏ ဆန်ကျင်ဖက်တရားများကို တစတစ စွန့်လွှတ်သွားသည်နှင့်အမျှ ပါရမီတို့ တိုး၍ တိုး၍ ပြည့်လာသည်။

ရည်မှန်းချက်တစ်ခု အတွက် မိမိတန်ဖိုးထားသည့် အရာတို့ကို စွန့်လွှတ်ရသောအခါတွင် ဖြစ်စေ၊ လောကသဘာဝအရ အခက်အခဲ အကြပ်အတည်းများ ကြုံလာရသောအခါတွင် ဖြစ်စေ မစွန့်ရက်နိုင်မှု, စိုးရိမ်ပူပန်မှု, မခံမရပ်နိုင်ဖြစ်မှုတို့ ဖြစ်ပေါ်တတ်သည်။ ထိုအခါတွင် ရည်မှန်းချက်တို့ အထမြောက်စေရန် စိတ်ကိုတည် ငြိမ်အေးချမ်းစွာထား၍ ကြံကြံ့ခိုင် ရင်ဆိုင်ရသည်။ စိတ်တည် ငြိမ်အေးချမ်းစွာ ရပ်တည်နိုင်မှုကို #ဥပသမာဓိဋ္ဌာန် ဟု ခေါ်သည်။ ဥပသမာဓိဋ္ဌာန်သည်လည်း (၁) သီလဖြင့် ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးသည့် ဝီတက္ကမကိလေသာတို့ကို ပယ်စွန့်ကာ ငြိမ်သက် အေးချမ်းစေခြင်း၊ (၂) သမာဓိဖြင့် မိမိစိတ်တွင် ထကြွသောင်းကြမ်းသည့် ပရိယုဋ္ဌာနကိလေသာနှင့် ကုသိုလ်တရားတို့ကို အဟန့်အတား ပြုတတ်သည့် နီဝရဏတရားတို့ကို ဝေးစွာ ပယ်စွန့်ကာ ငြိမ်သက် အေးချမ်းစေခြင်း၊ (၃) သမထဝိပဿနာပညာ, မဂ်ပညာတို့ဖြင့် အတွင်းစိတ်အစဉ်တွင် ကိန်း ၍နေသည့် အနုသယ ကိလေသာတို့ကို ပယ်သတ်ကာ ငြိမ်သက် အေးချမ်းစေခြင်း ဟု အဆင့်ဆင့် ရှိသည်။ ပါရမီမြောက်သော အမှုဖြစ်ရန် အတွက် ဥပသမာဓိဋ္ဌာန် ခေါ် စိတ်တည်ငြိမ် အေးချမ်းစွာ ရပ်တည်နိုင်ရန် လိုအပ်ပါသည်။

အများအကျိုးအတွက် ဆောင်ရွက်ရာတွင် မတွေဝေဘဲ နည်းမှန်လမ်းမှန်ကို သိရန်လိုအပ်သည်။ အသိပညာကို အခြေခံ၍ ရပ်တည်ခြင်းကို #ပညာဓိဋ္ဌာန် ဟုခေါ်သည်။ ပညာဓိဋ္ဌာန်သည် (၁) အမှန်ကို လျှော်စွာသိခြင်း (အနုဗောဓ) နှင့် (၃) အမှန်ကို ထိုးထွင်း၍ သိခြင်း (ပဋိဝေဓ) ဟု အကြမ်းအားဖြင့် နှစ်မျိုးရှိသည်။ သုတမယပညာ, စိန္တာမယပညာ, ဘာဝနာမယပညာ ဟုလည်း သုံးမျိုးခွဲနိုင်ပါသည်။ မြင့်မြတ်သည့် အလုပ်တို့ကို ဆောင်ရွက်ရာတွင် မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ်ပညာတို့ အပေါ်တွင် ခိုင်မာစွာ ရပ်တည်၍ လုပ်ဆောင်မှသာ ပါရမီမြောက်သည်။

ကတိသစ္စာ တည်ကြည်ခြင်းက မြင့်မြတ်သော အလုပ်တို့ကို လုပ်ဖြစ်စေသည်။ စွန့်လွှတ်ခြင်းဖြင့် မြင့်မြတ်မှုကို ရယူရသည်။ မြင့်မြတ်မှု၏ ဂုဏ်ဖြင့် တည်ငြိမ်အေးချမ်းမှုကို ပွားများ လေ့ကျင့်ယူရသည်။ ပညာဖြင့် မြင့်မြတ်မှုကို စင်ကြယ်စေရသည်။

အမှန်တရားပေါ် ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #ကိုယ်ကျင့်သီလကို ပေါ်လွင်စေသည်။ စွန့်လွှတ်မှုဖြင့် ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #ရိုးသားဖြူစင်မှုကို ပေါ်လွင်စေသည်။ တည်ငြိမ်အေးချမ်းစွာ ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #စိတ်ဓာတ်ကြံ့ခိုင်မှုကို ပေါ်လွင်စေသည်။ ပညာအပေါ် ခိုင်မာစွာတည်ခြင်းက မြင့်မြတ်သူ၏ #ပညာကို ပေါ်လွင်စေသည်။

ဘုရားအဖြစ် ဆုထူးပန် ပါရမီဖြည့်နေသူများ မဟုတ်ကြဘဲ၊ လောကီ သဘောအရ မြင့်မြတ်သည့် ရည်မှန်းချက်များ ဖြစ်မြောက်အောင် ကြိုးပမ်းနေကြသူများပင် “ဖြောင့်မတ် မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ်ပညာ” ဟူသည့် ဤအဓိဋ္ဌာန်လေးချက်ပေါ်တွင် ခိုင်မာစွာ ရပ်တည် ဆောင်ရွက်ရန် လိုအပ်ပါသည်။