Breaking News

မောင်ရစ် - သမတကြီးအကြောင်း မပြောရဘူး ဆိုသတဲ့လား


မောင်ရစ် - သမတကြီးအကြောင်း မပြောရဘူး ဆိုသတဲ့လား

(မိုးမခ) ဇွန် ၂၇၊ ၂၀၂၀

ကိုဗစ်၁၉ ကာလကြီးမှာ သတင်းတွေ အတင်းတွေမှာ ပဲခူးဆားက သမတကြီးပဲ။ သမတကြီး ပြောလိုက်ဆိုလိုက် လုပ်လိုက်သမျှဟာ ပြဿနာချည်းပဲ။ အကုသိုလ်တွေချည်းပဲ။ ကိုဗစ်ဖျက်လို့ နောက်သက်တမ်းသမတ မလုပ်ရတော့မှာ စိုးရိမ်တဲ့သမတကြီးဟာ လူတွေသေတာ ငါ့လောက် မနစ်နာဘူးလို့ ကြွေးကြော်နေတုန်းပဲ။ အမေရိကန်ကို လာရောက်ခွင့်မိသားစုဗီဇာတွေ ကန့်သတ်ပြီး အခု အလုပ်ဗီဇာတွေကို ကန့်သတ်ကြောင်း သမတကြီးက ကြေညာလိုက်ပြန်ပြီ။ သူများ လက်နဲ့ရေးထားတာတွေ သူ ခြေနဲ့ ဖျက်သမျှ နောက်လူတွေ ဘယ်လောက်တောင် ပြန်အဖတ်ဆယ်ရမယ် မသိဘူး။ မောင်ရစ်ရေးသမျှမှာ ကိုဗစ်ရယ် သမတကြီးရယ် မပါရင် မပြီးမို့ သမတကြီးမပါဘဲ ရေးလို့မရဘူးလားလို့ ဝေဖန်ကန့်ကွက်ခံနေရပါတယ်။ သည်တော့ သမတကြီးမပါဘဲ စာရေးမလား၊ မရေးမလားက စဉ်းစားစရာ ဖြစ်လာတယ်။

တွေးမိတာတခုကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ၈၈အရေးတော်ပုံ။ အရေးတော်ပုံဟာ တနိုင်ငံလုံးအတွက် ဒေါမာန်ဟုန်(outraged) ပဲ။ ဒေါသမီး သောကမီး ကြောက်ရွံခြင်း စိုးရိမ်ခြင်းမီး ဗျာပါဒမီး တဟုန်းဟုန်းတောက်ခဲ့တော့တာ။ သတ်ဖြတ် နှိပ်စက် ထောင်ချ မောင်းထုတ် အလုပ်ထုတ် မိသားစုတွေ ကွဲ၊ တကွဲတပြားဖြစ်၊ အိုးပျက် အိမ်ပျက် ဘ၀တွေ ပျက်၊ ပျောက်ကွယ် ဆုံးရှုံး၊ တိုက်ပွဲတွေ မီးတောက်တွေ - အနှစ် ၃၀ ကျော် ...။

အဲသည် မီးဟုန်းဟုန်းတောက်နေတဲ့ စိတ်တွေ ရုပ်တွေနဲ့ မြန်မာပြည်သူတွေ ဖြတ်သန်းကြီးပြင်းမွေးဖွားကြရတာ။ သည် အရေးတော်ပုံကြီးရဲ့ ဒေါမာန်ဟုန် မီး ရေစီး လှိုင်း မုန်တိုင်းကို မပြောဘဲ မရေးဘဲ မနေလို့မရဘူး။ ရင်ဆိုင် တွန်းလှန်ဖို့ မကြိုးစားဘဲနေလို့ကို မရဘူး။ မပြော မဆို မရေး မသား မလုပ်မကိုင် မေ့ပျောက်ထား မျက်စိပိတ် ကျောခိုင်း ဥပက္ခာပြုထားခဲ့တယ်ဆိုတာ အတော်နေနိုင်တဲ့သူတွေမှ ဖြစ်မှာ။

အရေးတော်ပုံကြီးကနေ မွေးလိုက်တဲ့ စာရေးဆရာတွေ အနုပညာသည်တွေ နိုင်ငံရေးသမား တက်ကြွလှုပ်ရှား ကျောင်းသားလူငယ် ထောင်ထွက် တောပြန် တောခို ပြည်ပြေး မသေလို့ ကျန်ရစ်သူတွေ မနည်းပါဘူး။ သူတို့တွေ ရေးထိုးကြတဲ့ အကျည်းတန် လှိုင်းကြီးလေထန် မိုးကြီးရေဆန် ဖြစ်ရပ်မှန်တွေက သမိုင်းမှာ တင်ကျန်ခဲ့တာ။ သူတို့ ဘာမှမလုပ်ခဲ့ရင် ဘာဖြစ်လိမ့်မလဲ မှန်းဆကြည့်ရင် ခင်ညွန့် သန်းရွှေ မောင်အေး သိန်းစိန် အောင်သောင်း ကျော်ဆန်း တို့ တလှည့်စီ မင်းလုပ်အုပ်ချုပ်နေတဲ့ ပြည်ထောင်စုသမတအာဏာရှင်နိုင်ငံတော်ကြီးပဲ ကျန်ရစ်လိမ့်မယ် ထင်တယ်။

အမေရိကန်မှာလည်း အခုချိန်မှာ outraged ဖြစ်နေတာပဲ။ ဒေါမာန်ဟုန်တွေ ရုန်းကြွနေကြတာ။ မဟုတ်မတရား လုပ်ကြံစော်ကားခံနေရတဲ့ ပြည်သူတွေ တွန်းလှန် တုန့်ပြန်နေကြတာ။ ရောဂါကပ်ဆိုးက မလွတ်တန်း ကိုက်ခဲထားချိန် ပြည်သူတွေက သွေးစက်လက်နဲ့ ရရာလက်နက်စွဲကိုင်ပြီးတော့ အာဏာရှင်အကျင့်စရိုက်ဆိုးနဲ့ သမတကြီးကို သီးခံ ငုံ့ခံ ခေါင်းလျို ကျောခိုင်း မနေကြပဲ ပြန်ပြီး တော်လှန်နေကြတာပဲလို့ တွေးမြင်မိပါတယ်။

သည်တော့ အနှစ် ၃၀လုံးလုံး သုနက္ခအကျင့်ပါနေတော့ သည်တခေါက် သမတကြီးကိုလည်း မရေးဘဲ မနေနိုင်လို့ ပြန်ဟောင်မိတာ ဖြစ်ပါကြောင်း။