Breaking News

မောင်လူပေ - ကိုရိုနာ ၂၆/၀၆/၂၀



မောင်လူပေ - ကိုရိုနာ ၂၆/၀၆/၂၀

(မိုးမခ) ဇွန် ၂၇၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်(၁၆)ခုတွင် ကူးစက်မှုတိုးနေကြောင်း ဒုသမ္မတက ပြောကြားသည်။ ကူးစက်မှုမြင့်မားနေသော တောင်ပိုင်းပြည်နယ်များကို အစိုးရက အာရုံစိုက်နေကြောင်းနှင့် ခပ်ခွာခွာနေခြင်းဖြင့် ရောဂါကူးစက်မှုအနည်းဆုံးဖြစ်စေရန် ကူညီကြဖို့လည်း ပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်မှုသည် တွေ့ရှိမှုထက် ဆယ်ဆခန့်များမည်ဟု CDCက ခန့်မှန်းသည်။ သန်း နှစ်ဆယ်ခန့်ရှိမည်ဟု ဆိုသည်။ ကာကွယ်ရန်နောက်ကျခဲ့သလို ​ရှေးရိုးဆန်သူများက မျက်နှာဖုံးထားရန် ဆန့်ကျင်နေဆဲဖြစ်သည်။ ကူးစက်မှုလည်း စံချိန်တင်ကာ သုံးသောင်းကိုးထောင်အထိ တစ်ရက်အတွင်း တွေ့ရှိခဲ့သည်။ ထက်ဝက်ခန့်မှာ ဖလော်ရီဒါ၊ တက္ကဆတ်၊ အာရီဇိုးနားနှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့မှဖြစ်သည်။


ယခုတွေ့ရှိသော ကူးစက်မှုအသစ်များမှာ ပြန်လည်ဖွင့်လှစ်မှုကြောင့် အပြင်ထွက်လည်ပတ်ကြသော လူငယ်အများစုဖြစ်သည်။ ခံနိုင်ရည်ပိုရှိကြသလို ကုသမှုတွင်လည်း ထိရောက်သောဆေးများ တွေ့ရှိလာပြီဖြစ်၍ ယခင်ကထက် သေဆုံးမှုနှုန်း များစွားနည်းမည်ဟု ခန့်မှန်းကြသည်။ လူငယ်များမှ ရောဂါသယ်လာပြီး အတူနေလူကြီးများထံ မကူးစက်စေရန် သတိပေးမှုများ လုပ်ဆောင်နေသည်။

အိန္ဒိယနိုင်ငံ၌လည်း ကူးစက်သူ ငါးသိန်းကျော်တွေ့ရှိခဲ့ပြီးဖြစ်ကာ သေဆုံးသူ တစ်သောင်းငါးထောင်ကျော်ခန့်ရှိသည်။ တစ်ရက်အတွင်း ကူးစက်သူအသစ် တစ်သောင်းခုနှစ်ထောင်မျှ တွေ့ခဲ့သည်။

မက္ကဆီကိုပြည်တွင်လည်း သေဆုံးသူ နှစ်သောင်းခွဲကျော်ပြီဖြစ်ကာ ရောဂါပိုးတွေ့ရှိသူ နှစ်သိန်းကျော်သွားပြီဖြစ်၏။

​မြန်မာပြည်တွင် ကူးစက်မှုအသစ် မတွေ့ရှိခဲ့ပါ။