Breaking News

ကေသွယ် - မြင်းကြီးလေးကောင် နဲ့ ၇၅ နှစ်သမီး

Re: Economist 



ကေသွယ် - မြင်းကြီးလေးကောင် နဲ့ ၇၅ နှစ်သမီး

(မိုးမခ) ဇွန် ၂၇၊ ၂၀၂၀

ခေါင်းစဉ်မြင်ပြီး မျက်မှောင်ကျုံ့ သွားကြပြီလားမသိ။

ပြီးတဲ့ အပတ်ထုတ် the Economist ထဲက The new world disorder ဆိုတဲ့ အထူးဆောင်းပါး တွေ ထဲက ၇၅ နှစ် စိန်ရတု တိုင်တော့မယ့် ကုလသမဂ္ဂ ရဲ့ လာရာ လားရာ တွေကို ဖတ်မိ လိုက်လို့ ဘာလေး ညာလေး နည်းနည်းပါးပါး ချရေးကြည့် တာပါ။

ခုတလော ကုလ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂုထရက်စ် ရဲ့ ပုံ နဲ့ ဒီလကုန်မှာ ပိုက်ဆံ ပြတ်သွား နိုင်တယ် ဆိုတဲ့ ဘီဘီစီ သတင်းတပုဒ်ကို ဟာသ လုပ်ပြီး ရှယ် နေကြ တော့ တချို့က UN ကြီးဟာ အပိုပဲ ဖြစ်နေ တဲ့ ကမ္ဘာ့အကြီးဆုံး ဗျူရိုကရက် အဆောက်အဉီကြီး လို့ ပြောကြ ဆိုကြတာ တွေ လည်း တွေ့ မိတယ် ။ ကိုယ်တိုင်လည်း အဲဒီလို ဆန်ဆန် တွေးထင် မိဘူးသူပါ ။ အဲ့ဒါကြောင့် လည်း ဒီဆောင်းပါး တွေကို စိတ်ဝင်တစား ဖတ်ကြည့်မိတယ် ။

ကုလ သမဂ္ဂ ကြီးဟာ လူတွေ ကို နတ်ပြည်ရောက်အောင် ပို့ဆောင် ဖို့ တည်ထောင်ထားတာ မဟုတ်ဘူး - လူသားမျိုးနွယ် တွေ ကို ငရဲက နေ ကယ်တင်ဖို့ သာ ဖြစ်တယ် ဆိုတဲ့ စကားလေး ကိုတော့ သဘောကျ မိတယ် ။ အမှားတွေ မအောင်မြင်မူတွေ အများအပြား ရှိခဲ့ပေမယ့်လည်း စစ်တမ်းတွေ အရ တော့ နိုင်ငံအစိုးရ တခုချင်းစီ ထက်တော့ ယုံကြည်ကိုးစားမူ ရှိနေသေး တယ် ဆိုတာတော့ အထင်အရှားပါပဲ ။ FAO တို့ WHO တို့ လို အငြင်းပွားစရာ အေဂျင်စီ တွေ ရှိနေပေမယ့် UNHCR လို တကယ် လိုအပ်ချက်တွေ ဖြည့်ဆည်းပေး နေတဲ့ အဖွဲ့ကြီး ကျ တော့လည်း အားရှိစရာပါ ။ ခက်တာက UN မှာ သွားမရှိတဲ့ ပြသာနာ လို့ မစ္စတာ ဂုထရက်စ် က ပြောတယ် ။ သွားရှိတဲ့ လုံခြုံရေး ကောင်စီ ကျပြန်တော့ စားချင် သောက်ချင်စိတ် မရှိ ဖြစ်နေ သတဲ့ ။ လုံခြုံရေး ကောင်စီ ရဲ့ အမြဲတန်း အဖွဲ့ ဝင် ငါး နိုင်ငံ မှာ လည်း တရုတ် နဲ့ ရုရှ ဆို ဘာလာလာ မသိဘူး မရှိဘူး မပါဘူး ဆိုတာ ချည်းပဲ ကိုး ။ အဲ့လိုဟာ ကြီးတွေက ဘယ်လိုမှ ‌မရွေ့ တဲ့ အမြဲတန်း ကြီးတွေ ဖြစ်နေတာ ကလည်း ဂွကျ နေ တော့တာပေါ့ ။ 

အရေးထဲ ဒေါ်နယ်ထရန့် ရဲ့ အမေရိက ကြီးက အကုန် နောက်ဆုတ် ပြန်ထုတ် ဆောရီး တာ့တာ တွေ လုပ်နေ လေ တော့ တရုတ်ကြီးက အေးဆေး ရှေ့တက်လာယုံ ။ ဒေါ်နယ်ထရန့် ရဲ့ အမေရိက လို့ ပြောရတာက အကြောင်းရှိတယ်။ နိုင်ငံရေး မှန်းဆ သုံးသပ်ချက် တွေမှာ နောင်လာမယ့် သမ္မတ အသစ် နဲ့ အမေရိက အသစ် ကိုပဲ ထဲ့တွက် စကားပြော ကြတယ်။ အခုကာလ ဟာ အမေရိကန် တွေ အတွက် ကံဆိုးမိုးမှောင်ကျ နေတဲ့ နေ့ရက်တွေ - မကြာခင် နေထွက်ပြီး ရာသီဉတု ပုံမှန် ဖြစ်လာမှာ လို့ အားလုံးက ယုံကြည်မျှော်လင့် ထား ကြတယ် လေ။ အခု ကိုဗစ် ကာလ မှာ အမေရိကန် - တရုတ် အားပြိုင်မူ က ပိုပြီး အားကောင်းလာ တယ်။ အမေရိက နောက်ဆုတ်ချိန်မှာ တရုတ်က ကုလ ရန်ပုံငွေ တွေကို ပို တိုးပြီး ထဲ့ ဝင်လာတယ် ။ UN အေဂျင်စီ ၁၅ ခု မှာ ၄ ခု ရဲ့ ခေါင်းဆောင် နေရာ တွေကို တရုတ်က ယူထားပြီ လို့ ဆိုတယ် ။ အမေရိကန် ကတော့ တနေရာပဲ ရှိသတဲ့ ။

ပါဝါ တွေ အာဏာတွေက ရန်ပုံငွေ ထဲ့ဝင်မူ နဲ့ တိုက်ရိုက် အချိုးကျ နေ သလို ဖြစ်နေ တော့ ၊ ကုလသမဂ္ဂ ရဲ့ အနှစ်သာရ ဖြစ်တဲ့ နိုင်ငံစုံ ဘက်ပေါင်းစုံ မူဝါဒ (multilateralism) က အေးအေးဆေးဆေးပဲ ချောင်ထဲ သွားခွေ နေတော့တာပေါ့ ။ အဲ့ဒါကြောင့်လည်း အခုနောက်ပိုင်း မှာ UN က လို့ ပြောနေတာထက် နိုင်ငံ အစိုးရ တွေ ထက် ပို ဆန့်ထွက် နိုင်တဲ့ ပါဝင်သက်ဆိုင်သူ ( multi stakeholder) တွေကို အခြေခံ တဲ့ အဖွဲ့အစည်း တွေက ရှေ့ကို ပိုရောက်လာ တယ်။ ဉပမာ EITI လိုမျိုး တွေ NGO တွေ လိုမျိုး တွေ ။ Bill Gate တို့လို ပုဂ္ဂလိက သူဌေးကြီးတွေ တောင် ရင်ဘောင်တန်း လာ နိုင်တယ်။ ဒါတောင် တရုတ် က သူ့ထုံစံ အတိုင်း GONGOs ( Government Organized Non-Government Organization) တွေကို ထုတ်သုံး နေတယ်လို့ စွပ်စွဲ မူ တွေ ရှိတယ် ။ ဒါပေမယ့် အဆုံးကျတော့ လည်း ဒီလို အဖွဲ့ တွေက ဆုံးဖြတ်ချက်ချ နိုင် အရေးယူဆောင်ရွက် နိုင်တာ မဟုတ် - နိုင်ငံ အစိုးရ တွေကသာ ကိုယ့်တရား ကိုယ် စီရင် နိုင်ကြတာ လေ။ ဘာပဲ ပြောပြော ကုလ သမဂ္ဂ ကြီး ဟာ နိုင်ငံ အားလုံးကို ဆင့်ခေါ် စုစည်း နိုင်နေတာ ကိုက ကြီးမား တဲ့ အကျိုးရလဒ် ကြီးဖြစ်နေသေး တာပဲ ။

အထွေထွေ အတွင်းရေးမှူး ချုပ် အန်တိုနီယို ဂုထရပ်စ် က လတ်တလော သူ့ရဲ့ မိန့်ခွန်း တခု မှာ ခရစ်ယာန် ကျမ်းစာ မှာ ပါတဲ့ four horsemen ဆိုတဲ့ နိမိတ်ပုံ ကြီး လေးပါး ကို တင်စား ပြီး မြင်းကြီး လေး ကောင် ကို ဉပမာ ပေးသွား တယ်။ ကျမ်းစာ မှာတော့ မြင်းကြီးလေးကောင် ထွက်လာပြီး ပထမ မြင်းဖြူကြီးရဲ့ မြင်းစီးသူက လေးကို ကိုင်ပြီး သရဖူ ကို ပေးသည် ။ ခရစ်တော် သို့မဟုတ် ခရစ်တော် ကို ဆန့်ကျင်တဲ့ ကိုးကွယ်ယုံကြည်မူ လို့ ယူဆကြသည်။ ဒုတိယ မြင်းက အနီရောင်- မြင်းစီးသူက ဓါးကို ကိုင်ထားသည်။ စစ်ပွဲ တွေ ပေါ့။ တတိယ မြင်းက အနက်ရောင်- မြင်းစီးသူက ချိန်ခွင် ကို ကိုင်ထားသည် ။ ငတ်မွတ်ခြင်း နဲ့ ဆိုင် သည် ဟု ဆိုသည်။ စတုတ္ထ မြင်းက မြင်းမွဲ - မြင်းစီးသူက မရဏ လို့ အမည်ရှိသတဲ့ ။

မစ္စတာ ဂုထရက်စ် က တော့ သူ့ ရဲ့ မြင်း လေးကောင် မှာ - ပထမ အကောင်က စစ်ပွဲ တွေ ၊ ဒုတိယ အကောင်က ရာသီဉတု ဖောက်ပြန်ပြောင်းလဲမူ ၊ တတိယ တကောင်က မညီမျှမူ - မယုံကြည်မူ- မုန်းတီးမူ တွေ ၊ စတုတ္ထတကောင်က တော့ နည်းပညာကြောင့် ဖြစ်လာတဲ့ အဖျက်အမှောက် တွေ လို့ ဆို တယ် ။ ဒါတောင် အခု ငါးကောင်မြောက် မြင်းတကောင်က တိကလုတ် တိကလုတ် လုပ်နေ ပြီ ဆို ပြီး လက်ရှိ ဖြစ်နေတဲ့ ကပ်ရောဂါ ကြီး တွေ နဲ့ ဆိုင်တဲ့ အန္တရယ်ကို ညွှန်းဆို လိုက် တယ်။ အဲဒီတော့ ကုလသမဂ္ဂ လို အဖွဲ့ကြီးက ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေကြတဲ့ နိုင်ငံ အစိုးရ တွေကို ထိန်းသိမ်း နိုင်မှသာ မြင်းကြီးလေးကောင် လည်း မြင်းဇောင်းထဲ ပြန်သွင်း နိုင် ပေလိမ့် မည် ပေါ့ ။