Breaking News

မိုးကျော်ဌေး - ကန်းထရီးရော့ခ်

KT#
ကန်းထရီးရော့ခ်
မိုးကျော်ဌေး
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၀

သောက် သူငယ်ချင်း
အားမနာနဲ့
လွှတ်တော်ထဲရောက်ရင် 
ခုလိုဘီအီးမသောက်ရတော့ဘူးကွ
ဒါက ဖားကြော်
မိုးရာသီရောက်ရင် တို့ဆီမတော့
အင်မတန်ပေါတယ်
နူးညံ့တယ် အရိုးပါဝါးစားလို့ရတယ်
မင်းတို့နိုင်ငံရေးလောကမှာတော့
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကောင်ပေါ့
ငါက လယ်လုပ်တော့
လက်လုပ်လက်စားမဟုတ်ဘူးဟ
မင်းတို့ပြောတဲ့ ပုံစံ-၇ ဆိုတာမရှိလေတော့
လယ်သမားလဲ မဟုတ်ပြန်ဘူး
ဒါတွေထားပါ
ငါ့ဣစ္ဆာသယအိုးက 
ဆယ့်ငါးကျပ်တိုးနဲ့နှိုက်ရင် အချိန်မရွေး
လိုသေးရင်ထပ်ဝယ်လိုက်မယ် ချကွာ

ကြုံတုန်းလေးပြောရဦးမယ်
ငါတို့လိုချင်တာက စွမ်းအင်
မင်းတို့ပေးတာက မီး
ငါ့ယီးတဲ့မှပဲ
လျှပ်စစ်မီးတထိန်ထိန်အောက်မှာ
ငါတို့ဘဝတွေက မှောင်လို့ မိုက်လို့

မမူးခင်ပြောရဦးမယ် 
ရွာထိပ်က ကျွဲအိုကြီးသေတော့
သူ့အရိုး ခွေးတောင်မဝါးနိုင်ဘူးဟ
ပြိုင်တူဝါးလျှင် ရနိုင်ပါသည်လို့တော့မပြောနဲ့ကွ
ဒါက တိုင်းပြည်တည်ဆောက်ရေးမဟုတ်ဘူး
အမဲပေါ်ပြီး ငါတို့လယ်သမားတွေ
ပွဲတော်တည်မယ့် ကိစ္စ

ထွီ ခါးလိုက်တဲ့အရက်
ငါ နေ့တိုင်းသောက်နေကြပါဟ
မင်းနဲ့သောက်မှ ပိုခါးရတယ်လို့

အေး အေး
ပြန်တော့သူငယ်ချင်း
မင်းတို့ဆောက်ပေးထားတဲ့
ဟောဟို တံတားက ကူးရင်
နိဗ္ဗာန်အထိရောက်တယ်
ဖြည်းဖြည်းသွား
အစစဂရုစိုက်
မင်းခေါင်းပေါင်းထဲ ငါ့ကြက်မကြီးဥ မဥခင် ။

(ဇွန် ၊ ၁၈ ၊ ၂၀၂၀)