Breaking News

ညိုထက်ညို - အရိုင်း ၏ ခေါ်သံ

အရိုင်း ၏ ခေါ်သံ
ညိုထက်ညို
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၀

ပြီးခဲ့တဲ့ ၂ လ ကျော်ကျော် လောက်က ကျွန်တော်တို့ ရန်ကုန်မြို့ကြီး လုံးဝခြောက်ကပ်သွားတယ်….

တကယ်က ရန်ကုန်တင် ဘယ်ကမလဲ၊ လန်ဒန်မြို့ကြီးလည်း ခြောက်ကပ်နေတယ်၊ ဆစ်ဒနီ မြို့ကြီးလည်း ခြောက်ကပ်နေတယ်၊ နယူးယောက် မြို့ကြီးလည်း ခြောက်ကပ်နေတယ်၊ အော့ကလန် မြို့ကြီးလည်း ခြောက်ကပ်နေတယ်၊ ကုန်ကုန် ပြောရရင် ကမ္ဘာတလွှားက မြို့ကြီးပြကြီး တွေအားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ကို ခြောက်ကပ်နေကြတယ်။

လမ်းပေါ်ကို ကြည့်လိုက်ရင် ရံဖန်ရံခါ ဖြတ်သွားတဲ့ကားတစ်စင်းစ နှစ်စင်းစ တခါတလေ တွေ့ချင်တွေ့မယ်၊ လူတစ်ယောက်စ နှစ်ယောက်စ ဖြတ်သွားဖြတ်လာ မြင်ချင်မြင်ရမယ်၊ အဲဒီလို ကြိုကြားကြိုကြား တွေ့ရမြင်ရတာတွေကလွဲလို့ ကမ္ဘာတလွှားက မြို့ကြီးပြကြီးတွေမှာ ဘဝမှာတစ်ခါမှမကြုံဖူးတဲ့အဖြစ်မျိုးနဲ့ လူသူကင်းရှင်းခြောက် ကပ်နေကြတယ်။

ဘာတဲ့၊ Covid-19 တဲ့၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတဲ့၊ အမေရိကန်မှာ လူတစ်သိန်းကျော် သေနေပြီတဲ့၊ ယူကေတို့ ဘရာဇီး တို့လည်း မသက်သာကြဘူးတဲ့၊ ကြားရသမျှ ဖတ်ရသမျှ သတင်းစာမျက်နှာတွေပေါ်မှာ တုန် လှုပ်ချောက်ချားစရာ သတင်း တွေနဲ့ချည်း ပြည့်နေတယ်။
အဲဒီကာလတဝိုက်မှာ ကျွန်တော် ရန်ကုန်မြို့ထဲမှာ ညနေ ငါးနာရီခွဲ ခြောက်နာရီ လောက်ဆို လမ်းထွက်ထွက်လျှောက်ဖြစ်တယ်။

…………………………..    …………………………..    ………………………….

အဲဒီဧပြီလနောက်ဆုံးပတ် အပိုင်းအခြား တွေလောက်မှာ ရန်ကုန်ဟာ သင်္ကြန်ပိတ်ရက် ဆယ်ရက်အတွင်း မဖြစ်မနေ အခြေ အနေမှ အိမ်ပြင်ကို ထွက်ခွင့်ပြုတဲ့ကာလ လွန်လာပေမယ့် ထပ်မံကြေညာလာတဲ့ ညဆယ်နာရီကနေ မနက် လေးနာရီအတွင်း အပြင်ထွက်ခွင့်မပြုတဲ့ ဒေသန္တရအမိန့်ကော ဘယ်နည်းနဲ့မှအရှိန်မသေနိုင်သေးတဲ့ ရောဂါကြောင့်ကော၊ ပိတ်မြဲပိတ်ထားဆဲဖြစ်တဲ့ အစိုးရရုံးတွေ ကုမ္ပဏီတွေနဲ့ အခြားအခြားသော လူစုလူဝေးဖြစ်နိုင်ဖွယ်ရှိတဲ့နေရာတွေကြောင့် သင်္ကြန်ဆယ်ရက် တုန်းကလိုပဲ ခြောက်မြဲ ခြောက်သွေ့နေတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အိမ်ထဲမှာချည်းကုပ်နေရတာ ညောင်းတာက တစ်ကြောင်း၊ အပြင်မထွက်ရမနေနိုင်တာကလည်းတစ်ကြောင်းကြောင့် ညနေညနေ ဘက်ဆို အနော်ရထာလမ်းမတလျှောက် အတွင်းဝန်ရုံးဘက်ကို ကျော်ပြီး ဟိုဘက်က ဗိုလ်တထောင်ဘုရားလမ်းလောက်အထိ လမ်းထွက်လျှောက်ဖြစ်တယ်။
တခါတလေကျရင် အတွင်းဝန်ရုံးကိုပဲ ကျွန်တော်ပတ်ပြီး လျှောက်တယ်၊ တခါတလေကျရင်တော့ မဟာဗန္ဓုလလမ်းတလျှောက်ကနေ ဟိုး တံတားအောက် ရောက်သွားပြီး တစ်ဖက်ခြမ်းက ပုစွန်တောင်အောက်လမ်းဘက်ကို ရောက်အောင်လျှောက်တဲ့အခါ လျှောက်တယ်။

အဲဒီလိုလျှောက်နေရင်းနဲ့ တစ်ပတ်လောက် နေတော့ တစ်ရက်မှာ အမှတ်မထင် အနော်ရထာလမ်းနဲ့ သိမ်ဖြူလမ်းထောင့်ကို အရောက်မှာ လမ်းဟိုဘက်ခြမ်းက ခွေးကလေးသုံးလေးကောင် အမြီးလေးတွေ နှံ့ပြီး မနှေးမမြန် အုပ်လိုက်လေး ပြေးလာကြတာ တွေ့တယ်။
ကြီးငယ်ရွယ်လတ် တွေ့နေကျ မြန်မာလမ်းဘေး ခွေးကလေးသုံးလေးကောင် အုပ်လိုက်လေးပြေးလာကြတာ တွေ့ရတာ ချစ်ဖို့ ကောင်းလိုက်တာမှ မပြောပါနဲ့တော့။ ချက်ချင်း ကျွန်တော် ‘ကယ်တင်ခြင်းတပ်’ လို့ ခေါ်တဲ့ Salvation Army Church ဘက်ကိုလမ်းကူးပြီး ခွေးလေးတွေကို ကျွေးဖို့ ဘာများရှိလဲ ကြည့်ရတယ်။
ဟိုဟိုဒီဒီ အဲဒီနားတဝိုက်မှာ ကျွန်တော်ရှာကြည့်ပေမယ့်တွေ့တာဆိုလို့ ကုလားမကြီးတစ်ယောက်ထိုင်ရောင်း နေတဲ့အကြော်တွေပဲ တွေ့တယ်။ အဲဒီမှာပဲ ကျွန်တော်လည်း ခွေးလေးတွေစားဖို့ အနီးစပ်ဆုံး ငုံးဥကြော် တုတ်ထိုးလေးငါးချောင်းပဲ ဝယ်လိုက်ရတယ်။ ပြီးတော့ ကျွန်တော် လမ်းပြန်ကူးပြီး သိမ်ဖြူလမ်းဘက်ကို ချိုးသွားတဲ့ ခွေးလေးတွေနောက်လိုက်ပြီး ကျွေးရတယ်။

သိပ်ကြိုက်ပုံမရပေမယ့် ဘာရရ စားရတဲ့ ဗမာခွေးလေးတွေဘဝမို့ ခမျာလေးတွေ စားရှာပါတယ်။ အဲဒီမှာပဲ ကျွန်တော့် နား ကို ကျီးတွေဝိုင်းလာလို့ အိပ်တန်းတက်ခါနီးတဲ့ ကျီးလေးတွေအတွက်လည်း ကျွန် တော်ဖဲ့ရွဲ့ပြီး ကျွေးတန် ကျွေးရသေးတယ်။ လက်ထဲက ကျွေးစရာကုန်တော့မှပဲ ကျွန် တော်လည်း ရှေ့ကိုဆက်ပြီး လမ်းဖြောင့်ဖြောင့် လျှောက်နိုင်တော့တယ်။
မိုးပေါ်ကိုမော့ကြည့်လိုက်တော့ အတွင်း ဝန်ရုံးရှေ့က သစ်ပင်ကြီးတွေအပေါ်မှာ အိပ်တန်းတက်ဖို့ လုပ်နေတဲ့ ကျီးတွေမှ အုပ်လိုက်ကြီးပဲ။
ကျွန်တော်အံ့သြရလောက်အောင်ကို တစ်အုပ်တစ်မကြီးပဲ။

………………………      …………………….    ……………………..

နောက်ရက်တွေ ရောက်တော့ ကျွန်တော် နဲ့ ခွေးလေးတွေကြုံတဲ့အခါလည်း ကြုံတယ်၊ မကြုံတဲ့အခါလည်း မကြုံဘူး ဖြစ်နေတယ်။
ကြုံလိုက်တိုင်းတော့ ပထမအကြိမ် တွေ့တုန်းကအတိုင်းပဲ အုပ်လိုက်လေးပြေးပြေးလာကြတာ တွေ့တယ်။
အဲဒီလိုနေနေတုန်း တစ်ရက်ကျတော့ အမှတ်မထင် ဆူးလေအထက်လမ်းမှာနေတဲ့ ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်ရဲ့တိုက်အောက်မှာရပ်ပြီး သူ ငယ်ချင်းနဲ့စကားပြောဖြစ်တုန်း သူငယ်ချင်းက ကျွန်တော့်ကို စကားတစ်ခွန်း ပြောတယ်။
နာရီကို ကျွန်တော် ကြည့်လိုက်တော့ ည ခုနစ်နာရီတောင် ခွဲတော့မယ်။ ခါတိုင်းဆို ဒီအချိန် ဒီနေရာမှာ ဘီယာဆိုင်ထိုင်နေတဲ့ လူတွေနဲ့၊ လမ်းပေါ်မှာ ဥဒဟို ဖြတ်သွားနေသေးတဲ့ကားတွေနဲ့ ရှုပ်ယှက်ခတ် နေပေမယ့် အခုတော့လည်း ဆူးလေလမ်းမကြီးက ရှင်းနေတယ်။

အဲဒီမှာပဲ သူငယ်ချင်းက ကျွန်တော့်ကို ပြောတယ်။
‘ငါကွာ ထူးထူးဆန်းဆန်း ခုမှကြုံဖူးတယ်။ ကြုံကြုံချင်းမသိဘူး။ နောက်မှ သွားသတိ ထားမိတာ။ မနက်ဆိုကွာ ငါ့အခမ်းနားကို လာတဲ့ စာကလေးတွေ အသံကလေးတွေ ငါ ကြားကြားနေရတယ်။ အရင်ဆို ကားသံ တွေလူသံတွေနဲ့ တစ်ခါမှ မကြားရဘူး။ အခုမှပဲ ကြားရတာ’ တဲ့။
ဟုတ်လည်း ဟုတ်ပါရဲ့။ သူ ပြောမှပဲ ကျွန် တော် ကိုယ်တိုင်လည်း မနက်ဘက် မနက်ဘက်ဆို ငှက်သံလေးတွေ ကြားကြားမိနေတာ ပြန်သတိရတော့တယ်။
အရင်ကတော့ ဘယ်လိုကြားမှာလဲ။ ကျွန်တော်က ၃၇ လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ နေတယ်။ သူက ဆူးလေ နဲ့ အနော်ရထာထိပ်မှာ နေတယ်။ ကျွန်တော်တို့ကြားရစရာဆိုလို့ လမ်းပေါ်က လူသံတွေနဲ့ ကားသံတွေပဲ ရှိတယ်။
အခုတော့လည်း စာကလေးတွေက ကျိုးကျိုးကျိကျိနဲ့တဲ့ ….
ဟိုးငယ်ငယ် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ် ခုလို လူတွေကားတွေ မများခင်တုန်းက ကျွန်တော်တို့ နှစ်ယောက် ကြားခဲ့ဖူးသလို ကျိုးကျိုးကျိကျိ နဲ့တဲ့။

…………………….    ……………………..   ……………………

နောက်တစ်ပတ်နှစ်ပတ်နေတော့ ညဘက် ခုနစ်နာရီခွဲ ရှစ်နာရီလောက်မှာ ၃၈လမ်းမှာ နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် လမ်းလျှောက်အပြန် လမ်းလေးဆယ်ထိပ်မှာ သွားတွေ့တယ်။
အဲဒီမှာ ထုံးစံအတိုင်း ကိုဗစ်ရဲ့ နောက်ဆုံးအခြေအနေတွေကိုပြောပြီး သူငယ်ချင်းက ကျွန်တော်တလောက အတွင်းဝန်ရုံးခြံ စည်းရိုးမှာနားနေတဲ့ ဇီးကွက်ကလေးတစ်ကောင်ကောက်ရလို့ တိရစ္ဆာန်ရုံကို သွားလွှတ်ခဲ့တာ ကျွန်တော် Facebook မှာ ရေးထားတာ သူဖတ်ရတဲ့အကြောင်း ပြောပြီး တဆက်တည်း ခုတလော ရန်ကုန်တစ်မြို့လုံး လူတွေ အိမ်မှာနေနေရလို့ လမ်းတွေပေါ်မှာ ရှင်းသွားပြီး အရင်က မမြင်ရတဲ့ တိရစ္ဆာန်တွေတောင် မြို့စွန်မြို့ဖျားမှာ ပြန်ပေါ်လာတာကြားတယ်လို့ ပြောတယ်။
ဟုတ်မဟုတ်တော့ အတိအကျမသိဘူး၊ ရန်ကုန်အစွန်ဘက်မှာ ဝက်ဝံတစ်ကောင် ဝင်လာတယ် ကြားတယ်တဲ့။
သူငယ်ချင်းရဲ့ စကားကို ကြားတော့ ကျွန် တော် ပြုံးမိတယ်။
ကျွန်တော် အသည်းထဲကကို သူငယ်ချင်း ပြောတာကို နားလည်ပြီး ဖြစ်ပါတယ်။
………………………..    …………………..    ……………………..

နောက် နှစ်ရက်သုံးရက်လောက်နေတော့ လမ်းလျှောက်ရင်းနဲ့ ခွေးလေးတွေနဲ့တွေ့ခဲ့တဲ့ သိမ်ဖြူလမ်းထောင့်နားကို ကျွန်တော် ပြန်ရောက်တယ်။
အဲဒီနေ့က ကျွန်တော် အိမ်ကထွက်တာ နောက်ကျသွားလို့မှောင်နေတာနဲ့ ကျွန် တော် အဲဒီနားကိုရောက်တဲ့အချိန် သူတို့ကို တွေ့ရလိမ့်မယ်မထင်ခဲ့မိပေမယ့် လမ်းမကူးခင် ကျွန်တော်လှမ်းကြည့်လိုက်တော့ တစ်ဖက်ခြမ်းက ပြန်ကြားရေးရုံး ရှေ့ကနေ အုပ်လိုက်ကလေး ပြေးလာတဲ့ခွေးလေးတွေကို ကျွန်တော် လှမ်းတွေ့ရတယ်။

မှုန်ရီဝေဝါးနေတဲ့ လမ်းမီးအဝါရောင် မှိုင်းမှိုင်းအောက်မှာ ပလက်ဖောင်းပေါ်မှာ ခွေးလေးတွေ ပြေးလာပုံမှ မြူးနေတာပဲ။
မြူးမှာပေါ့ မြူးမှာပေါ့ လူတွေလည်းရှင်း ကားတွေလည်း ရှင်းသွားတဲ့အချိန်မှာ၊ တစ်နည်းပြောရရင် လူတွေနောက်ဆုတ်သွားတဲ့အချိန်မှာ သူတို့ကျင်လည်ကျက်စားရာ သဘာဝလောကကြီးက ရှေ့ကို ပြန်ရောက် လာတော့ သူတို့မြူးပျော်နေကြပုံဟာ တိရစ္ဆာန်တွေနဲ့ တစ်သက်လုံး လက်ပွန်း တတီးနေခဲ့တဲ့ ကျွန်တော့်မျက်စိထဲမှာဆို ဆလိုက်မီး နဲ့ ထိုးထားသလိုကို ထင်ထင်ရှားရှား ဖြစ်နေတယ်။

ခါတိုင်းဆိုရင် လူတွေရဲ့ အဆူခံအအော်ခံ အဆဲခံ အညှဉ်းးဆဲအသတ်ဖြတ်ခံ လူတွေလုပ်ထားတဲ့ လူ့လောကကြီးထဲမှာ မွေးဖွားကျင်လည်လာရလို့ သူတို့အတွက် အစာရှာမရဘဲ အစာရေစာ အငတ်အမွတ်ခံ၊ မှုန်ငေးဝေသီနေတဲ့ မျက်လုံးကလေးတွေနဲ့၊ မျက်နှာငယ် ကလေးတွေနဲ့ အဲဒီဒဏ်တွေကနေ အစာရေစာ ဆက်ငတ်မွတ်နေရတာကလွဲလို့ ခဏကလေးပဲ ဖြစ်ဖြစ် လွတ်လပ် ခွင့်ကလေးရလာလို့ ဗိုက်ဟောင်းလောင်း ဖြစ်နေတဲ့ ကြားက သူတို့ပျော်နေကြပုံဟာ အရမ်းကြည်နူးဖို့ ကောင်းတယ်။
အဲဒီမှာပဲ ကျွန်တော့်ရင်ထဲ ငြိမ်းချမ်းလာတာနဲ့ မိုးပေါ်ကိုမော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်မှာ လက်နေတဲ့ ကြယ်ကလေးတွေကို ကျွန်တော် တွေ့နေရတယ်။

အဲဒီ ကြယ်ကလေးတွေဟာ ဟိုးလွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်တုန်းကလည်း အခုလိုပဲလက်နေမှာပဲ၊ အနှစ်တစ်ထောင် အနှစ်တစ်သောင်း အသိန်းအသန်း အဲဒီအချိန် တွေတုန်းကလည်း အခုလိုပဲ လက်နေမှာပဲ။
ကြယ်ကလေးတွေကို ကြည့်နေရင်းနဲ့ တကယ်လို့များ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ စကားပြောဖို့ မရှိ၊ ဘယ်သူပြောနေတာကိုမှလည်း ကျွန်တော် ကြားဖို့မရှိ၊ ကျွန်တော်နိုင်စားရမယ့် သူဆိုတာလည်း မရှိ၊ ကျွန်တော် ကြောက်ရွံ့ရမယ့် သူဆိုတာလည်း မရှိ၊ ဘာဆိုဘာမှမရှိတဲ့အခုလို ညကလေး တစ်ညမှာ နေခွင့်များရခဲ့ရင် ဘယ် လောက်ပျော်စရာကောင်းလိမ့်လေမလဲ လို့တွေးမိလာတယ်။
အဲဒီမှာပဲ ကျွန်တော်မြင်နေရတဲ့ ကြယ်ကလေးတွေက ကျွန်တော့်ဆီ ကြွေကျလာတယ်….
ဖြူဖြူစင်စင် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ လှလှပပနဲ့ ကျွန်တော့်ဆီကို တရွရွ ကြွေ ကျလာတယ် ။    ။

ညိုထက်ညို