Breaking News

ဆောင်းယွန်းလ - "ပြန်ရှာမရနိုင်တော့မယ့် တရံရောအခါ တွေ "

Aung Htet

ဆောင်းယွန်းလ - "ပြန်ရှာမရနိုင်တော့မယ့် တရံရောအခါ တွေ "

(မိုးမခ) ဇွန် ၂၂၊ ၂၀၂၀

လိုအပ်တာထက်
ပိုယူချင်တဲ့ အခွင့်အရေးတွေကြောင့်
အခွင့်ကောင်းတွေ ဆုံးရှုံးတတ်တာဟာ
လောကရဲ့ဓမ္မတာတစ်ခုပေါ့

သစ်တောတွေကို ခုတ်ထွင်ရောင်းချလိုက်တော့
နေရောင်ခြည်တွေ ပျောက်ဆုံးသွားခဲ့ရတာပေါ့

ရေကာတာကြီးတွေဆောက်ပြီး
ဓါတ်ငွေ့တွေ ရောင်းစားခဲ့တော့
ပင်လယ်နဲ့မြစ်ချောင်းတွေ ပျောက်ဆုံးခဲ့ရတာပေါ့

အဂတိလိုက်စားမှုတွေရဲ့အောက်မှာ
လူ့ဂုဏ်သိက္ခာတွေ ပျောက်ဆုံးသွားခဲ့ရတာ
၀မ်းနဲစရာပါဘဲ

ငါတို့ လျှောက်နေကြတဲ့ ခြေထောက်တွေအောက်မှာ
အားကိုးစရာ မြေထုလည်း ပါးလွှာခဲ့ရပါပြီ

ငါတို့ အသက်ဆက်နေကြရတဲ့ လောကအတွင်းက
အသက်ရှူသွင်းစရာ လေထုဟာလည်း
ကျဉ်းမြောင်း ကောက်ကွေ့လွန်းလှချည်ရဲ့

နေ့ရက်အဟောင်းတွေကို
နာရီလက်တံအစောင်းတွေနဲ့ ဘေးတိုက်မောင်းခဲ့ရရင်း
ကိုယ့်သေတွင်း ကိုယ်တူးနေရတာက
ပျော်စရာလား

ကိုယ့်ချဉ်ခြင်း ကိုယ်ပြန်မျိုချနေရတဲ့လမ်းမမှာ
နိုင်ငံခြားဖြစ် နောက်ဆုံးပေါ်ကားကြီး စီးနေရတာဟာ
ဂုဏ်ယူစရာဘဲလား

ဂုဏ်တက်စရာနေ့ရက်တွေကိုပြန်ရှာကြည့်တော့
ဖုန်တက်နေတဲ့ ဆုတံဆိပ်တချို့ဟာ
ခြစားခံထားရတဲ့ သတင်းစာဟောင်းတစ်စောင်ထဲမှာ
ငြိမ်သက်စွာလဲလျောင်းလို့

ဘယ်ဆီဘယ်ဝယ်မှာမှန်းမသိရတဲ့
တရံရောအခါကတွေ။

ဆောင်းယွန်းလ