Breaking News

သားကြီးမောင်ဇေယျ - အိ မ် အ ပြ န်

သားကြီးမောင်ဇေယျ - အိ မ် အ ပြ န်

ဇန်နဝါရီ ၂၀၊ ၂၀၁၄
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၀ 

(သားကြီးမောင်ဇေယျ မိခင်ကြီး ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် အမှတ်တရ သူ့စာကို ပြန်တင်ဆက်ပါတယ်)





ကျနော် အမေ့အိမ်နား ရောက်လေလေ ရင်ထဲတဒိန်းဒိန်းခုန်လေလေပါ။

ကျနော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သီပေါထောင်က လွတ်လာပြီး ရန်ကုန်ကိုရောက်ရောက်ချင်း မေမေနဲ့တွေ့ဖို့သွားတာပါ။ ကျနော့်ညီနဲ့ ညီမ တွေက ကျနော်ထောင်ကျနေတာကို မေမေ မသိအောင် ဖုံးထားကြပါတယ်။ ဒီတခါ ထောင်ကျတာက ၁၉ နှစ်။

မေမေက အသက် ၈၀ ကျော်ပြီ။

အသိပေးလို့ မဖြစ်ဖူးလေ။ မတော်တဆ တခုခုဖြစ်ဖြစ်သွားနိုင်တယ်မဟုတ်ပါလား။
x x x

မိုးကုတ်မှာ ကျနော်နေခဲ့တာ နှစ် နှစ်ဆယ်ကျော်ခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ ကျောက်ပန်းချီလုပ်ငန်းကို အကြောင်းပြုပြီး ရန်ကုန်ကို ပြန် လည်အခြေချခဲ့ပါတယ်။

‘သားကြီးရန်ကုန်ပြန်ရောက်တော့ အမေတို့ အားရှိတာပေါ့၊ ဒါမေမယ့်သားရယ် မင်းအဖေတုန်းကလည်း အမေ ထောင်ဝင်စာတွေ့ခဲ့ရတယ်၊ သားကိုလည်း အမေထောင်ဝင်စာတွေ့ခဲ့ရတယ်၊ ငါ့မြေးတွေကျရင်တော့ ထောင်ဝင်စာ မတွေ့ပါရစေနဲ့ကွယ်၊ အမေပြောတာ နားလည်တယ် နော်၊ ငါ့သားကြီးက ဆိုးတာမိုက်တာ မဟုတ််််ပါဘူး၊ မလိမ်မာတာပါ’

ကျနော်က အလွန်အကင်းပါးတဲ့ မေမေ့ ကိုပြုံးပြီးကြည့်ရုံသာ။

တကယ်တော့ ကျနော်ရန်ကုန်မှာ ပြန်လည်အခြေချတာဟာ ၈၈ တုန်းက နိုင်ငံရပ်ခြားကို လွင့်စင်ခဲ့ရတဲ့ သူငယ်ချင်းတွေက ကျနော့်ကို ဆက်သွယ်ရလွယ်တဲ့ ရန်ကုန်မှာ နေဖို့တိုက်တွန်းခဲ့လို့ပါ။

ကျနော်ကျောက်ပန်းချီလုပ်ငန်းကိုလုပ်ကိုင်ရင်း အဝေးရောက်သူငယ်ချင်းတွေနဲ့ ပိုမိုနီးနီကပ်ကပ် ဆက်သွယ်နိုင်ခဲ့ပါတယ်။ ရွှေလီရောက် သူငယ်ချင်းတွေ၊ ထိုင်းရောက်သူငယ်ချင်းတွေ၊ အန္ဒိယရောက် သူငယ်ချင်းတွေအပြင် အင်တာနက်ချိတ်ဆက်နိုင်တဲ့အခါ အမေရိကား၊ ဂျာ မနီ၊ သြဇီက သူငယ်ချင်းတွေထိ ချိတ်ဆက်နိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ဆရာဦးဝင်းတင် တို့ရဲ့ ‘မြန်မာ့ဒီမိုကရေစီရေးကို ကမ္ဘာ့ဒီမိုကရေစီရေးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ရမယ်’ လို့ ပြော ထားတဲ့စကားကလည်း ကျနော် ရင်ထဲစွဲနေတယ်လေ။

ကျနော့်သား အငယ်ဆုံး စည်သူဇေယျဟာ အိပ် (ချ်) တူးအို ဗုံးပေါက်မှုကိုသတင်းသွားယူရင်း အဖမ်းခံလိုက်ရတဲ့အခါမှာတော့ မေမေစိုး ရိမ်တဲ့အတိုင်း သွားပါတော့တယ်။

ကျနော်လည်း သားတော်မောင်နောက် လိုက်ခဲ့ရတာပေါ့။

ကျနော်အဖမ်းခံခဲ့ရတာနဲ့ပါတ်သက်ပြီး မေမေ့ကို ကျနော့်ညီ ၊ ညီမတွေနဲ့ဆွေမျိုးတွေက အသိမပေးခဲ့ပါဘူး။ အိမ်မှာလည်း ဒီဗွီဘီပိတ်၊ ဘီ ဘီစီပိတ်၊ အာအက် (ဖ်) ပိတ်။

သတင်းတွေအားလုံးပိတ်။

အိမ်ကလူတွေရဲ့ လှုပ်ရှားမှု ထူးခြားနေတာကိုသတိပြုမိတဲ့ မေမေဟာ အိမ်ရှေ့ကိုဖြတ်သွားတဲ့ ဂျာနယ်အရောင်းသမားကို လှမ်းခေါ်ပါ သေး တယ်။ ဂျာနယ်အရောင်သမားကလည်း ကျနော်တို့ မိသားစုအကြောင်းကိုသိနေတဲ့သူဆိုတော့ အိမ်ရှေ့ရောက်တိုင်း ကွက်ကြည့် ကွက်ကြည့် လုပ်နေတာကိုး။ ညီမလေးက သတင်းမထူးလို့ မဝယ်သေးပါဘူးလို့ပြောလိုက်မှ ဂျာနယ်သမားလည်း အလိုက်သတိ လှည့်ထွက်သွားပါ တယ်။

အဲဒီအချိန်ကစပြီး မေမေဟာ ကျနော်အကြောင်း သိပ်မမေးတော့ဘူးတဲ့။

ညီလေးနဲ့ ညီမလေးက ကျနော်တို့သားအဖနှစ်ယောက် နိုင်ငံခြားကိုခရီးသွားနေတဲ့ အကြောင်းပြောပေမယ့် မေမေက ‘အေးအေး’ လို့ပဲ ပြန်ပြောတယ်တဲ့။

ကျနော် ဒီတခါ ထောက်ကျတာက ၁၉ နှစ်ဆိုတော့ ထောင်ကထွက်တဲ့အခါ မေမေကို အသက်ရှင်လျှက် တွေ့ရတော့မှာ မဟုတ်ဘူးလို့ စိတ်နှလုံးဒုန်းဒုန်းချထားတာပါ။

အခုလို ရုတ်တရက်လွတ်လာတော့ ရန်ကုန်ရောက်ရောက်ချင်း မေမေ့ဆီ သွားပါတယ်။

မေမေ နေမှကောင်းရဲ့လား ။

ကျနော် အိမ်တံခါးဝ ရောက်တော့ ညီမလေးက ကျနော့်နားကပ်ပြီး

‘ကိုကိုကြီးတို့သားအဖ နိုင်ငံခြားသွားနေတယ်လို့ မေမေ့ကိုပြောထားတယ်’

ကျနော် ခေါင်းအသာညိတ်ရင်း အိမ်ထဲကို ဝင်လိုက်ပါတယ်။

မေမေက သူထိုင်နေကျထိုင်ခုံပေါ်မှာ အရင်တုန်းကလိုပဲ အေးအေး ဆေးဆေးထိုင်ရင်း

‘သားကြီး ပြန်လာပြီလား ... ထမင်းခူးလိုက်မယ် ... ပဲကုလားဟင်းချက်ထားတယ် ထမင်းစားပြီးမှသွား’

မေမေခူးပေးတဲ့ ပဲကုလားဟင်းနဲ့ ထမင်းကိုစားရင်း မေမေဘာများပြောမလဲလို့ နားစွင့်နေပါတယ်။

ဘယ်ကပြန်လာသလဲလို့များ မေးရင် ဘယ်လိုဖြေရမလဲလို့ စဉ်းစားနေရင်းပေါ့။

မေမေ ဘာမှမမေးပါ။ အိမ်က စလောင်းပျက်နေလို့ ဒီဗွီဘီမကြည့်ရတဲ့အကြောင်း၊ ရေဒီလည်းပျက်နေလို့ ဘီဘီစီလဲ နားမထောင်ရတဲ့ အ ကြောင်း ၊

‘မင်းညီကလဲ အားမကိုးရဘူး ပြင်ပါဆို မပြင်ဘူး၊ နေ့ရွှေ့ညရွှေ့နဲ့ ... ငါ့သားကြီးလာမှပဲ နားထောင်ရတော့မှာပဲ’ တဲ့။

နောက်များမကြာခင် အခြေအနေတွေပွင့်လင်းစပြုလာခဲ့တာကြောင့် ကျနော့်ကို ဒီဗွီဘီက ဂျာမနီနိုင်ငံကိုလွှတ်ပါတယ်။ နိုင်ငံရေးသတင်း ယူတာနဲ့ ပတ်သက်ပြီး လေ့လာဖို့ပါ။

ကျနော် ဂျာမနီက ပြန်ရောက်ရောက်ချင်း မေမေနဲ့ သွားတွေ့ပါတယ်။

ကျနော် ဂျာမနီက ဒီညနေပဲ ပြန်ရောက်တယ်လို့ မေမေကိုပြောတော့

မေမေက ‘ သမတကြီးက သားကြီးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြန်ပြီလား’ တဲ့။