Breaking News

ဧရာ(မန္တလေး) ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၇)



ဧရာ(မန္တလေး) ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၇)

(မိုးမခ) ဇွန် ၂၆၊ ၂၀၂၀

မြင့်မြတ်သူတို့၏ အားထုတ်မှုလေးမျိုး


မြင့်မြတ်သူတို့၏ လုပ်ဆောင်ချက်များကို “ပါရမီ” ဟု ခေါ်ကြောင်း၊ ထိုပါရမီတို့ ရင့်ကျက် ခိုင်မာလာအောင် ဖြည့်ဆည်းရာတွင် “ဖြောင့်မတ်မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ် ပညာ” ဟူသည့် ရပ်တည်ချက် လေးရပ်ပေါ်တွင် အခြေခံ၍ လုပ်ဆောင်ရကြောင်း ဖော်ပြခဲ့သည်။ ထိုရပ်တည်ချက် လေးရပ်ပေါ်တွင် အခြေခံကာ ပါရမီမျိုးစေ့တို့ ရှင်သန် ကြီးပွားတိုးတက်လာအောင် ပြုစုပျိုးထောင်ရသည်။ အလောင်းတော်တို့ ပါရမီဖြည့်ဆည်းရာတွင် လိုက်နာကျင့်သုံးသည့် ကြီးပွားတိုးတက်ရေး လမ်းစဉ်လေးရပ်ကို စရိယာပိဋက အဋ္ဌကထာတွင် ဖော်ပြထားပါသည်။ အင်္ဂါလေးပါးရှိသော အားထုတ်မှု (စတုရင်္ဂယောဂ) ဟုလည်း ခေါ်သည်။

သုမေဓာ ရှင်ရသေ့သည် မိမိ ရည်မှန်းသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်စေရန် လိုက်နာ ဆောင်ရွက်ရမည့် ပါရမီတော်များကို ဆင်ခြင်ရာတွင် ပါရမီ တစ်ပါးမျှ ကြွင်းကျန်၍ မနေဘဲ ပြည့်စုံစေရန် စုံစမ်းဆင်ခြင်သည်။ ထိုသို စုံဆင်ခြင်၍ သိလာရသည့် သမ္မာသမ္ဗောဓိဉာဏ်၏ အဆောက်အဦ (requisites of the enlightenment) ခေါ် မဖြစ်မနေ လုပ်ဆောင်ရမည့် ပါရမီတော် ၁၀-ပါးလုံးကို အကြွင်းအကျန် မရှိစေဘဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူသည်။ ဤသည်ကို သဗ္ဗသမ္ဘာရဘာဝနာ ဟုခေါ်သည်။

မီးပွတ်ယောက်ျားသည် ရှားနှစ်သား နှစ်ချောင်းကို ပူအောင် ပွတ်၍ မီးမွှေးရာတွင် မီးမထွက်ခင် မကြာခဏ နားနေပါက ရထားသည့် အပူဓာတ် ပြန်ပြန်လျော့ကာ မီးမတောက်ဘဲ ရှိတတ်သည်။ မရပ်မနားဘဲ ဇွဲဖြင့် တရစပ် ပွတ်တိုက်မှသာလျှင် အလိုရှိသည့် မီးကို ရနိုင်သည်။ ထို့အတူပင် ပါရမီဖြည့်ကျင့်ရာတွင် သုမေဓာ ရှင်ရသေ့ဘဝမှသည် နောက်ဆုံး သိဒ္ဓတ္ထမင်းသား ဘဝတိုင် ဘဝဆက်တိုင်း အစဉ်မပြတ်စေဘဲ ပါရမီဖြည့် ကျင့်တော်မူခဲ့ရသည်။ ဤသို့ ပါရမီတို့ကို စဉ်ဆက်မပြတ် ဘဝတိုင်း ဖြည့်ကျင့်ခြင်းကို နိရန္တရဘာဝနာ ဟု ခေါ်သည်။

တဖန် ပါရမီ ဖြည့်ကျင့်ခြင်းသည် လုံလောက်သော အချိန်ပမာဏ လိုသည်။ ပညာဓိက ဘုရားအလောင်းတော်များသည် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကြာ ပါရမီ ဖြည့်ကျင့်ရသည်။ သဒ္ဓါဓိက ဘုရားအလောင်းတော်များသည် ၈-အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ရသည်။ ဝီရိယာဓိက ဘုရား အလောင်းတော်များသည် ၁၆-အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ရသည်။ ဤကဲ့သို့ ပါရမီတို့ကို ကြာမြင့်စွာ ဖြည့်ကျင့်ခြင်းကို စိရကာလဘာဝနာ ဟု ခေါ်သည်။

ပါရမီ ဖြည့်ကျင့်ခြင်းသည် ဝတ်ကျေတမ်းကျေ ခပ်ပေါ့ပေါ့ ဆောင်ရွက်ရသည့် အရာမျိုး မဟုတ်။ စိတ်မပါ့တပါ ဆောင်ရွက်ရသည် မဟုတ်။ မိမိလုပ်ဆောင်သည့် ဆောင်ရွက်ချက်များပေါ်တွင် စိတ်ဝင်တစား စိတ်ရောကိုယ်ပါ နှစ်မြုတ်၍ လေးလေးနက်နက် ဆောင်ရွက်ရသည်။ ဤသို့ ပါရမီတို့ကို စိတ်ရောကိုယ်ပါ လေးလေးစားစား ဖြည့်ကျင့်ခြင်းကို  သက္ကစ္စဘာဝနာ ဟု ခေါ်သည်။

🎯 မြင့်မြတ်သည့် အလောင်းတော်တို့ ပါရမီဖြည့် ကျင့်ရာတွင် လိုက်နာရသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လေးရပ် လောကီနယ်မှ ပညာရေး, စီးပွားရေး, နိုင်ငံရေး စသည့် ရည်မှန်းချက်တို့ကို အကောင်ထည် ဖော်ရာတွင်လည်း အသုံးဝင်နိုင်ပါသည်။ ဦးစွာ မိမိတို့ ရည်မှန်းသည့် ပန်းတိုင်သို့ ရောက်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကြွင်းအကျန်မရှိစေရန် ကြိုတင်စီမံ၍ စီမံသည့် အတိုင်းလည်း အပြည့်အစုံ ခြွင်းချက်မရှိ ဆောင်ရွက်ရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း မကြာခဏ အရှိန် ပြန်ယူနေရသည့် အဖြစ်သို့ မရောက်စေရန် စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နေရသည်။ လုပ်ငန်းတစ်ခု အောင်မြင်ရန် ဆိုသည်မှာ ယနေ့ စိုက်ပျိုး၍ နောက်နေ့ အသီးအပွင့်ကို ခူးဆွတ်နိုင်သည့် အရာမျိုး မဟုတ်။ ထိုက်သင့်သည့် အချိန်အတိုင်းအတာ တခုလိုအပ်သည်။ ထို့ကြောင့် လမ်းခုလတ်တွင် ရပ်တန့် မသွားဘဲ၊ မလျော့သော ဇွဲလုံ့လဖြင့် အချိန်ပေး လုပ်ဆောင်ရသည်။ ထို့အပြင် မိမိလုပ်သည့် အလုပ်အပေါ်တွင် စိတ်ဝင်တစား တန်ဖိုးထား၍ လေးစားစွာ လုပ်ဆောင်ကြရသည်။

ထိုသို့သော လုပ်ဆောင်မှုများကိုပင် မြင့်မြတ်သူတို့၏ အားထုတ်မှု လေးမျိုး, ကြီးပွားတိုးတက်ရေး လမ်းစဉ် လေးရပ်ဟု ခေါ်ဆိုကြပါသည်။