Breaking News

မောင်ရစ် - စိန်ခေါ်ခံနေရပြီ အမေရိကန်ဒီမိုကရေစီ


မောင်ရစ် - စိန်ခေါ်ခံနေရပြီ အမေရိကန်ဒီမိုကရေစီ

(မိုးမခ) ဇွန် ၃၊ ၂၀၂၀

မိုးမခမှာ အခန်းဆက် ဘာသာပြန်အဖြစ် ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း (How Democracis Dies) ကို ၂၀၁၉ မှာ တင်ဆက်ခဲ့ပြီး ၂၀၂၀ နှစ်ဆန်းမှာ စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။ ဖြစ်ပုံက သမတကြီး ထရန့် တက်လာတဲ့အခါ အဲသည် အမေရိကန်က ပညာရှင်ဆရာ ၂ဦးက အဲသည် စာအုပ်ကို ပြုစုထုတ်ဝေခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကပေါ့။ အဲဒါကို ဒေါက်တာခင်မောင်ဝင်း(သချင်္ာ) ကို တင်ပြပြီး စိတ်ကူးရသလို ဘာသာပြန်ပါ၊ မှီးပါဆိုလို့ ဆရာက ဘာသာပြန်ပေးတယ်၊ ပြီးတော့ စာအုပ် ထုတ်ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ ဆိပ်ကမ်းသာကနေ မှာရင် ရနိုင်ပါသေးတယ်။ (ဒါက စာအုပ်ကြော်ငြာထိုးတာ)။



ထရန့်တက်ကတည်းက အမေရိကားမှာ ဒီမိုကရေစီ ကာလနာတိုက်တာပဲ။ ဒီမိုကရေစီဟာ အမေရိကန်သမတကိုယ်တိုင်ရဲ့ သရော်မော်ကားခြင်းကို ခံရပါတယ်။ မြန်မာပြည်က အစိတ်သား ပြောသလို ဒီမိုကရေစိအနိုင်ကျင့် ခံရပါတော့တယ်။ ဒါကို အတိုက်အခံ၊ မီဒီယာ၊ တက်ကြွလှုပ်ရှားသူ၊ ကျောင်းသားလူငယ်တွေက ကြံကြံ့ခံ ပြန်တိုက် ပြန်ခုခံနေကြရပါတယ်။ ၂၀၂၀ နိုဝင်ဘာ မှာ သမတရွေးကောက်ပွဲ တပတ်လည်မယ်။ ၂၀၁၆ကတည်းက ထရန့်ဟာ ဒီမိုကရေစီအာမခံချက်တွေဖြစ်တဲ့ လွတ်လပ်သော ကုန်သွယ်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ အခြေချခွင့်၊ လူ့အခွင့်အရေး၊ နိုင်ငံတကာနှင့်အတူ သာတူညီမျှ ခံစားခွင့်တွေကို ကန့်လန့်တိုက်တော့တာပဲ။ အစွန်းရောက်လက်ယာစွန်း အမေရိကန်မဘသ လူဖြူလူမျိုးကြီးစွဲ၊ မျက်ကန်းမျိုးချစ်တွေကို မီးထိုး သွေးထိုးပေးပြီး နိုင်ငံရေးအမြတ်ထုတ်တယ်၊ အကြပ်ကိုင်တယ်၊ ပြန်ပေးဆွဲတယ်။ အနိုင်ကျင့်တယ်။ သည်လိုနဲ့ အမေရိကန်လည်း ထရနမ့်ကာလနာ အပြင် ကိုဗစ်၁၉ ပါ အကိုက်ခံရတော့တယ်။

လွန်ခဲ့တဲ့ တပတ်မှာတော့ဖြင့် ဂျော့ဖလွိုက်အရေးတော်ပုံမှာ တပြည်လုံး အုံကြွကန့်ကွက် ဆန္ဒပြမှုကို ကြုံရပါတောတယ်။ ဗူးလေးရာ ဖရုံဆင့်တော့တာပါပဲ။ မီနီဆိုးတားကနေ စလိုက်တာ ပြည်နယ် အားလုံးနီးပါးမှာ ပုလိပ်ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက်မှုတွေ တောမီးလို တပြည်လုံး တောက်လောင်ပါတယ်။ ဆန္ဒပြတာ၊ ပုလိပ်အကြမ်းဖက်နှိမ်နင်းတာ၊ အဖမ်းခံရတာ၊ လုယက် ခိုးဝှက် ဖျက်ဆီးကြတာတွေပါ ဒင်းကြမ်း ဖြစ်လာပါတယ်။ ဆိုင်တွေ ဖောက်တာတွေ လုယက်တာတွေ ဖြစ်လာတော့ လူထုကြားထဲမှာ သဘောထားတွေ ကွဲလွဲကြပါတယ်။ ဆန္ဒပြသူတွေက ဂိုဒေါင်ဖောက်သလား၊ ဂိုဒေါင်ဖောက်တာက တခြားအဖျက်သမားတွေလား စသည်ဖြင့် ... 

သည်နေရာမှာ သမတကြီး ထရမ့်က ထုံးစံအတိုင်း ၀စီကံအားဖြင့် ရုန့်ရင်းကြမ်းတမ်းတော့တာပါပဲ။ အဖျက်သမားတွေ၊ မင်းတို့ လုတာနဲ့ ငါတို့က ပစ်မှာပဲ။ တပြည်လုံးကို စစ်တပ်လွှတ်ပြီး ဖြေရှင်းပစ်လိုက်မယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေ မအုပ်ချုပ်တတ်ဘူး။ ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဒီလိုပစ်နိုင် စီးထားနိုင်မှ ဗိုလ်လုပ်လို့ရတယ် လို့ ကြိမ်းဝါးတော့တာပါပဲ။ ဒီကောင်တွေ ဖမ်းပြီး ထောင် ၁၀ နှစ် ၁၀နှစ် ချပစ်လိုက်မယ်လို့လဲ ကြုံးဝါးပါသတဲ့။ (ထရမ့်ဟာ အာဏာရှင်ဖြစ်သွားပြီလို့ စီအန်အန်က မှတ်ချက်ချလိုက်ပါတယ်)

သူအသံထွက်ပြီးတာနဲ့ ဝါရှင်တန်နေပြည်တော်ကြီးတခုလုံး ဂျော့ဖလွိုက်အရေးတော်ပုံ တပ်သားတွေနဲ့ လမ်းပေါ်မှာ ပြည့်နက်သွားတယ်။ ပုလိပ်ရက်စက်မှုကို ကန့်ကွက်ကြတယ်။ No Justice No Peace - တရားမရှိရင် ငြိမ်းချမ်းမှုမရှိ လို့ ကြွေးကြော်ကြတယ်။ အိမ်ဖြူတော်ကို အရေးတော်ပုံတပ်သားတွေက ဝိုင်းကြတယ်။ သမတကြီးဟာ အမြီးကုပ်ပြီး ဗုံးခိုကျင်းထဲ ဝင်ပုန်းရတော့တယ်လို့ သတင်းတွေ ထွက်လာတယ်။ အဲသည် ညက အိမ်ဖြူတော်ဟာ မီးခိုးတိတ် အမှောင်ချပြီး ဝပ်နေရလို့ အိမ်မည်းတော်ကြီး ဖြစ်သွားတယ် တဲ့။



သည်လိုအဟားတိုက်ခံရတဲ့ ထရမ်ဟာ ဇွန် ၁ တနင်္လာနေ့မှာ မရှိတဲ့သိက္ခာ ဆယ်တဲ့အနေနဲ့ လူဝိုင်းခံနေရတဲ့ အိမ်ဖြူတော်ကနေ လုံထိန်းတွေ အားကိုးနဲ့ လူတွေကို အဓမ္မ အင်အားသုံးဖယ်ရှားပြီး အနီးနားက ဘုရားကျောင်းကို ခြေကျင်ထွက် ကြွချီတော်မူပါတယ်။ ဓာတ်ပုံရိုက် ခံတော်မူပါတယ်။ ဘုရားကျမ်းစာကို ကိုင်မြှောက်ပြီး ဘုရားကျောင်းဆိုင်းဘုတ်ရှေ့မှာ မျက်နှာတော် သုံမှုံစွာ ဓာတ်ပုံတော် ရိုက်ပြီး ဖြန့်ဝေပြပါတယ်။ သူ့ကို လာမစမ်းနဲ့ပေါ့လေ။ ဒါကို ဘုရားကျောင်းကိုယ်တိုင်က ဘုန်းတော်ကြီးများက ကန်ကွက်ပါတယ်။ ထရမ့်ဟာ မြန်မာပြည်က ဗိုလ်ချုပ်တွေ ကြံ့ဖွတ်တွေ မျိုးချစ်တွေလိုပဲ ဘာသာရေးကို အသုံးချ အမြတ်ထုတ်ပြီး နိုင်ငံရေးကစားတယ်ဆိုပြီး ခရစ်ယာန်တွေရဲ့ ရှုတ်ချခြင်းကို ခံလိုက်ရပြန်ပါတော့တယ်။ မှတ်ပလားဟဲ့လို့ အသံမထွက် တမယ်ပဲ။

အိုဘားမားဟာ အားနည်းသူတွေကို ခေါ်တွေ့ပြီး တင်းမာမှုတွေကို ဖြေလျော့တယ်။ ဘွတ်ရှ်အငယ်ကိုယ်တိုင်ကလည်း လူနည်းစုတွေကို ပင့်ဖိတ်ပြီး အားပေးလေ့ရှိတယ်။ လူမုန်းများတဲ့ နစ်ဆန်ကြီးတောင်မှ စစ်ဆန်ကျင်သူ ကျောင်းသားတွေနဲ့ စကားပြောပါတယ်။ သည်လို အစဉ်အလာရှိတဲ့ အမေရိကန်ဒီမိုကရေစီမှာ ထရမ့်ကြီးကတော့ ဘယ်သူမှ ခေါ်တွေ့ပြီး ဖြေလျော့ဖို့ မစဉ်းစားဘဲ စစ်တပ်လွှတ်လိုက်မယ်နော်၊ ထောင် ၁၀နှစ် ချလိုက်နော် အော်နေတာ အမေရိကန်ခြေဥနဲ့လည်း မကိုက်ညီပါဘူး။ ဘယ့်နှယ် ထရမ့်ကြည့်ရတာ မြန်မာပြည်က ၂၀၀၈ ခြေဥနဲ့များ မှားပြီး အုပ်ချုပ်နေသလားပဲ။ တော်ကြာ - ကာလုံခေါ်နေလို့ မင်းအောင်လှိုင် အမေရိကားလာပြီး အာဏာသိမ်းချင် သိမ်းနေရဦးမယ် ထင်တယ်။




ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘာနီဆင်းဒါးက Black Lives Matter (BLM) ကို ကိုင်စွဲ့ပြီး လူနည်းစုတွေ အသားအရောင် ခွဲခြားခံရသူတွေအတွက် တိုက်ပွဲဝင်ကြဖို့ ဥပဒေပြုကြဖို့ တိုက်တွန်း ကြွေးကြော်ပါတယ်။ ဒီမိုကရက် သမတလောင်း ဂျိုးဘိုင်ဒင်က ဂျော့ဖလွိုက်အရေးတော်ပုံကို ထောက်ခံကြောင်း ပြောတယ်၊ ဈာပနကိုတောင် တက်မလားလို့ သတင်းထွက်လာပါတယ်။ ဒီမိုကရက်သမတဟောင်း အိုဘားမားက သည်နာကျဉ်းမှုကို အင်အားအဖြစ် အမြတ်ထုတ်ကြပါ၊ နိုင်ငံရေးမှာ နေရာတနေရာကို ရယူနိုင်သည်အထိ လူငယ်တွေက အားထုတ် ခူးဆွတ်လိုက်ကြပါလို့ တိုက်တွန်းပါတယ်။ 

တွစ်တာကလည်း သမတ၏ ဗလွတ်ရွှတ်များကို အမှားတွေ တလွဲတွေဆိုတဲ့ သတိပေး တံဆိပ်ကပ်ပြီး ပရိသတ်ကို သတိပေးတဲ့အထိ လုပ်လာပါတယ်။ သမတဟာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေပြီး တိုင်းပြည် ကိုဗစ်၁၉အောက် ပြားပြားမှောက်ရုံတင်မက လူမျိုးရေးအဓိကရုဏ်းနဲ့ မီးဟုန်းဟုန်းတောက် တိုင်းပြည်ပျက်အောင် လုပ်နေတာကို ဖြစ်တဲ့နည်းနဲ့ တားဖို့ ကြိုးစားသူတွေ က ကြိုးစားနေကြတာပါ။ ဒီကြားထဲ ဖေ့စ်ဘွတ်ကတော့ သမတကြီးပြောတာတွေကို ဆင်ဆာမလုပ်ဘဲ တင်ခွင့်ပြုထားတဲ့အတွက် ဝိုင်းဝန်းပြစ်တင်တာ ခံနေရပါပြီ။ ရှက်စရာပါ။ မြန်မာပြည်က ချေးပေါသေးပေါပို့စ်တွေတောင် လိုက်ပြီး ဆင်ဆာဖြတ်၊ ရီပို့ထုတိုင်း မြန်မာအကောင့်တွေကို လိုက်ပိတ်ပြီး အရေးယူတဲ့ (မြန်မာပြည်က စာပေကင်ပေတိုင်စိစစ်ရေး နောက်ပိတ်ခွေးလို) ဖေ့စ်ဘွတ်က ထရမ့် အကောင့်တင်တာကို မပိတ်ရဲဘူးဆိုတာကတော့ ဟစ်လို့သာ ရယ်လိုက်ချင်တော့ ပါပဲ။ (ဒါစာကို ဖေ့စ်ဘွတ်ပေါ် တင်မှာဆိုတော့ .... ဟိဟိ)

"ငြိမ်းချမ်းတဲ့ တော်လှန်ရေးတွေ အလုပ်မဖြစ်တဲ့အခါ အကြမ်းဖက်တဲ့တော်လှန်ရေးတွေနဲ့ လမ်းဆုံးကြရလိမ့်မယ် " ဆိုတဲ့ ဆိုရိုးစကားကို အမေရိကန်တွေ မမေ့ကြပါစေနဲ့။ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်မှ ဒီမိုကရေစီဆိုတာ အဖတ်တင်မှာပါ။ အကြမ်းဖက် သွေးထွက်ပြီး ပြောင်းရတယ်ဆိုရင် အာဏာရှင်စနစ်တွေဆီ လမ်းခင်းတာပဲ ဖြစ်ပါလိမ့်မယ်။ 

ပလ္လင်ပေါ်ထိုင်နေတာက သမတ မဟုတ်ဘဲ အခြားသတ္တဝါတကောင်ဖြစ်နေလို့ အားကိုးမရတော့ရင် သမတကြီး အိုဘားမားပြောသလိုပဲ - BYOP တဲ့။ Be Your Own President - ကိုယ့်ဖာသာကိုယ်အားကိုးကြပေတော့လို့ ဆိုရလေမလား။

အမေရိကန်ပြည်က နိုင်ငံသားတွေအားလုံးက အကောင်းမြင်တယ်၊ ကိုယ့်ဖာသာကိုယ် ယုံကြည်စိတ်ချတယ်၊ အားမလျော့ဘူး၊ နိုင်ငံနဲ့ ကိုယ့်အချင်းချင်းအပေါ်လည်း ယုံကြည်ကြတယ်။ သူတို့ သည်စိန်ခေါ်မှုကို ဖြတ်ကျော်ကြမှာပါ။ အိုင်းအနာကြီးလိုဖြစ်နေတဲ့ လူဖြူလူမည်းလူညိုလူဝါ အားလုံးတန်းတူညီမျှခွင့်မရှိခြင်းဆိုတဲ့ ပြသနာကြီး၊ ပုလိပ်များ၏ ရက်စက်ခြင်းအစဉ်အလာဆိုးတွေ၊ ဒီမိုကရေစီ စိန်ခေါ်ခံနေရတာတွေ၊ အသုံးမကျတဲ့ နိုင်ငံရေးသမား အမြတ်ထုတ် ခြစားနေမှုတွေကို အမေရိကန်နိုင်ငံသားတွေ မျိုးဆက်သစ်တွေက စိန်ခေါ်ပြီး ဖယ်ရှားကြ ကိုင်လှုပ်ကြဦးမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

(အင်း ... သည်လိုမယုံကြည်လို့လည်း မဖြစ်ဘူးလေ၊ နို့ ... သည်တိုင်းပြည်ကြီးမှ သုံးစားမရရင် ဘယ်သွားပြီး နေမလဲ။ တရုတ်ပြည်ကြီးပဲ သွားခိုလှုံရတော့ မလိုလို ဖြစ်ကုန်မှာပေါ့)