Breaking News

မောင်စွမ်းရည် - ဆောင်းဝေ(နတ်မောက်)ရဲ့ နာကျင်နေသော ရေစိုစက္ကူပေါ်က မြို့ပြခံစားမှု



မောင်စွမ်းရည် - ဆောင်းဝေ(နတ်မောက်)ရဲ့ နာကျင်နေသော ရေစိုစက္ကူပေါ်က မြို့ပြခံစားမှု

မိုးမခ၊ ဇွန် ၂၊ ၂၀၂၀ 

ကျွန်တော်က ပြည်ပကို နှစ်ပေါင်း နှစ်ဆယ်လောက် ရောက်ရှိနေတဲ့အတွက် ပြည်တွင်းမှာ စာရေးဆရာအသစ်၊ ရုပ်ရှင်သရုပ်ဆောင်အသစ် စသဖြင့် အသစ်တိုးလာတဲ့ အနုပညာရှင်တွေကို မသိတော့ပါဘူး။ ပြည်တွင်းကို ကိုယ်က ပြန်ဝင်တဲ့အခါ ဖြစ်စေ၊ သူတို့ကပဲ ပြည်ပကို ထွက်လာရင်ဖြစ်စေ သူတို့နဲ့တွေ့ရပြီး သူတို့က စာအုပ် လက်ဆောင်ပေးလို့ သူတို့စာတွေရော၊ တခြားစာတွေပါ ဖတ်ရပါတယ်။ တခါတရံ လူကြုံပေးလိုက်ရင်လည်း ဖတ်ရပါတယ်။

အရှင်သုမန(စစ်ကိုင်း)က ဘုန်းကြီးကြုံနဲ့ ပေးလေ့ရှိပါတယ်။ ခုတလောမှာတော့ အရှင်သုမနရဲ့ စာအုပ်တွေပဲ ဖတ်နေရပါတယ်။ မကြာခင်က မဲပေါက်လို့ဆို ထင်ပါရဲ့။ လူငယ်တစု ရောက်လာတဲ့အထဲမှာ စာရေးဆရာ လူငယ်တယောက် ပါလာခဲ့ပါတယ်။ ဆောင်းဝေ(နတ်မောက်) တဲ့။ နတ်မောက် ဆိုတဲ့ ဒေသအမည်ကို ဗမာလူမျိုးတိုင်းက သိပါတယ်။ နတ်မောက်လို့ ကြားလိုက်တိုင်း လေးစားသမှုနဲ့ နားစွင့်မိတတ်ကြမြဲ ဖြစ်ပါလိမ့်မယ်။

ဆောင်းဝေ(နတ်မောက်)က ကျွန်တော့်အိမ်ကို ရောက်လာပြီး စာအုပ် သုံး လေးအုပ် လက်ဆောင်ပေးပါတယ်။ ကဗျာစာအုပ် တအုပ်လည်း ပါတယ်။ ကျန်နှစ်အုပ်၊ သုံးအုပ်က စကားပြေ။ စကားပြေစာအုပ်တွေ အရင် ဖတ်ကြည့်တော့ အက်ဆေးလေးတွေ ရေးထားတာ တွေ့ရပါတယ်။ သူ့စာအုပ်မှာတော့ ‘သတင်းစာရေး ဆောင်းပါး’တွေလို့ ဆိုထားပါတယ်။ ဒါပေမြ့ အတွေးကဲ၊ ရသကဲနေတာ တွေ့ရလို့ အက်ဆေးလေးတွေအဖြစ် ဖတ်မိပါတယ်။ သူ့စကားပြေမှာ သုတနဲ့ ရသရောနေပြီး စကားပြေ အရေးအသားလည်း သေသေသပ်သပ်နဲ့ ဝေါဟာရကြွယ်၊ အတွေးကြွယ်တာ တွေ့ရပါတယ်။ ဝေါဟာရကြွယ်ရင်၊ အတွေးကြွယ်ရင် ကဗျာရေးတော့ လည်း ကောင်းမှာပဲလို့ တွေးမိပါတယ်။

သူ့ကဗျာလေးတွေကို ဖလပ်ဖလပ် လုပ်ကြည့်လိုက်တော့ ပုံစံက ‘မော်ဒန်ပုံစံ’လို့ အကြမ်းဖျင်း တွေးမိပါတယ်။ ‘မော်ဒန်’ပုံစံ ဆိုတာက ၁၉၆၀-၇၀ လောက်က စပြီး မောင်သာနိုးရဲ့ ဘာသာပြန်ကဗျာ ထင်းရှူးပင်ရိပ်ထဲက ပုံစံတွေနဲ့ တူတာကို ဆိုလိုပါတယ်။ တချို့က ‘မော်ဒန်ပုံစံ’၊ တချို့က ‘စကားပြေကဗျာ’ ပုံစံ၊ တချို့က ‘စကားပြော ရစ်သမ်’ပုံစံ စသဖြင့် ခေါ်ကြတာကို အမှတ်ထားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ငယ်စဉ် ၁၉၅၆-၆၀ ကာလအတွင်းကတော့ ‘အညွန့်’ပုံစံလို့ ခေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ လူငယ်အများစုက ဒီပုံစံနဲ့ပဲ ရေးနေတာပါ။ လွယ်မယ်ထင်လို့နဲ့ တူပါရဲ့။ တကယ်တော့ ဘယ်ပုံစံနဲ့ပဲ ရေးရေး၊ ကဗျာဖြစ်အောင် ရေးဖို့ဆိုတာ ‘ကဗျာဇ’ မပါသူများအဖို့တော့ လွယ်တယ်မရှိပါဘူး။ ကဗျာအတွေး ပါဖို့ အရေးကြီးတာပါပဲ။

ဆောင်းဝေရဲ့ ကဗျာစာအုပ်အမည်က ‘နာကျင်သော ရေစိုစက္ကူ’ တဲ့။ ၁၉၅၀-၆၀ က ဗဂျီအောင်စိုးနဲ့ ကဗျာ ဒေါင်းနွယ်ဆွေတို့ခေတ်က ဝေါဟာရနဲ့ ပြောရရင် ‘စိတ္တဇဆန်တယ်’လို့ ပြောရမယ် ထင်ပါတယ်။ ‘အက်ဘ်စထရက်’ (abstract) ဆန်တယ် ပြောရမှာပေါ့။ စိတ္တဇဆန် ဆန်းကြယ်တာရဲ့ ဟိုဘက်ကိုလွန်ပြီး အတွေးခက်၊ နားလည်ရခက်စေသောဘက်ကို ရောက်သွားတတ်ပါတယ်။ ကောင်းတယ်၊ မကောင်းဘူး ဆိုတာကတော့ ကဗျာဆရာရဲ့ စိတ်ကူးနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းအပြင် ကဗျာဖတ်သူရဲ့ ခံစားနိုင်စွမ်းအပေါ်မှာ လည်း တည်ပါလိမ့်မယ်။ ကဗျာစာအုပ်အမည်ကိုက ‘နာကျင်သော ရေစိုစက္ကူ’တဲ့။ သက်မဲ့စက္ကူကို သက်ရှိအဖြစ် တင်စားထားပါတယ်။ စာမျက်နှာ ၁၃၇ မျက်နှာ၊ ကဗျာပုဒ်ရေ ၅၂ ပုဒ်မျှ ပါဝင်ပါတယ်။

ကဗျာ တအုပ်၊ စာအုပ် ဝေဖန်ဖို့ဆိုတာ တကြိမ်တည်းဖတ်ရုံနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ် လောက် ဖတ်ရပါတယ်။ ပထမအကြိမ်က အကြောင်းအရာ၊ အနက်အဓိပ္ပာယ်လေ့လာဖို့။ ဒုတိယအကြိမ်က တွေးခေါ်ယူဆပုံ သိဖို့။ တတိယအကြိမ်က အရေးအသား။ အဖွဲ့အနွဲ့၊ စကားလုံး အသုံးအနှုန်း စသည် လေ့လာဖို့ ဖြစ်ပါတယ်။ အလွတ်ဖတ်သွားလို့လည်း မရဘူး။ မင်နီ၊ မင်နက် ကိုင်ပြီး မျဉ်းသားရ၊ ဝိုင်းရ၊ မှတ်ချက်ရေးရ လုပ်ရပါသေးတယ်။ ရနိုင်ရင် သူ ရေးခဲ့တဲ့ စာအုပ်တွေနဲ့ သူ့အတ္ထုပ္ပတ္တိအကျဉ်းလောက်တော့ ပြန်လှန်ရပါသေးတယ်။ လက်လှမ်းမီသလောက်ပေါ့။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့လို ပုဂ္ဂိုလ်ကြီးတွေရဲ့ စာမျိုးကျ ပိုပြီးအခင်းအကျင်းစုံအောင် ကြည့်ရပါတယ်။ ခေတ်ပြိုင်ရော၊ ခေတ်ရှေ့၊ ခေတ်နောက်ရော ဆိုသလိုပေါ့။

နတ်မောင်(ဆောင်းဝေ)က လူငယ် လူသစ် ဆိုပေမယ့် သူ ရေးခဲ့တဲ့စာအုပ် ရသမျှနဲ့ သူ့အတ္ထုပ္ပတ္တိအကျဉ်းကို တော့ ရတတ်သမျှ သူ့ကိုပဲ ပြန်တောင်းပြီး ကြည့်ရပါတယ်။ (ကိုယ်က သူ့ကို သိပြီးသားဆိုရင် ပိုကောင်းတာပေါ့။) အထက်မှာဆိုခဲ့သလိုပဲ သူ့ရဲ့ စကားပြေစာအုပ်တွေကို ဖတ်ကြည့်တော့ စာပေများများ ဖတ်ထားတယ်။ ဝေါဟာရလည်း ကြွယ်တန်သလောက် ကြွယ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီအချက်ဟာ သူ့ကဗျာတွေအပေါ်မှာလည်း လာပြီးထင်ဟပ်ပါတယ်။ စိတ်ကူးလည်း ကောင်းမှ၊ ဝေါဟာရလည်း ကြွယ်မှ ကဗျာကောင်းတွေ ထွက်ပါမယ်။

သူ သုံးစွဲတဲ့ စကားလုံးတွေ ကြည့်ရင်းက ဘယ်လို ဘယ်လိုနဲ့ ဘေးရောက်သွားလိုက်တယ် မသိပါဘူး။ ‘စကားလုံး’တွေကနေ ဘေးထွက်ပြီး ‘အရာဝတ္ထုတွေ’ကို အာရုံရောက်သွားခဲ့ပါတယ်။ ဆောင်းဝေက သူ့ကဗျာထဲမှာ အများဆုံးသုံးတဲ့ စကားလုံးတွေက ဘာတွေ ထင်ပါသလဲ။ အံ့ဩစရာကောင်းတာက ‘မီးရထားနဲ့ ဘူတာရုံ’ ဆိုတဲ့ စကားလုံးတွေပါတဲ့။ နောက်ထပ် အကြိမ်ကြိမ် တွေ့ရလို့သာ အာရုံပြုမိတဲ့ စကားလုံးများကတော့ ‘ကမ္ဘာကြီး’၊ ‘လေယာဉ်ပျံ’၊ ‘ကော်ဖီဆိုင်’၊ ‘ကျီးကန်း’၊ ‘စပိန်ဘာသာစကား ပြောသူ’တဲ့။ ဒါတွေကို ဘယ်လိုနေရာတွေမှာ ‘ကဗျာပစ္စည်း’အဖြစ် ဘယ်လို သုံးသွားမလဲဆိုတာ အသေးစိတ် လေ့လာကြည့်ရင် စိတ်ဝင်စားစရာကောင်းမှာပါ။ ကျမ်းပြုပုဂ္ဂိုလ်များအတွက် ဒါမျိုးဟာ ဒီလိုကြည့်ရင် ဒီလို ရှိပါလားဆိုတာ ရိပ်စားမိရုံပဲ ထောက်ပြလိုက်ရပါရစေ။

နောက်ထပ် သတိပြုမိစရာကောင်းတာက သူဟာ ဒီကဗျာလေးတွေကို အမေရိကကို ရောက်မှ ရေးတာဆိုတဲ့ အချက်ပါပဲ။ ၂၀၁၆ နှစ်အစက ၂၀၁၉ နှစ်အကုန်လောက်အထိဆိုတော့ လေးနှစ်ကာလအတွင်းမှာ ရေးတဲ့ ကဗျာအသစ်တွေ ဖြစ်ပါတယ်။ အရင်ကဗျာစာအုပ် ‘စိမ်းလန်းမြက်ခင်းပြင်ပေါ် လဲကျနေတဲ့အသံ’ ၂၀၁၁ နဲ့ ၂၀၁၅ အတွင်း လေး ငါးနှစ်တာ ကာလမှာ ရေးခဲ့တာတွေ ဖြစ်ပါတယ်။ ရေးပုံ၊ တွေးပုံကတော့ အရင်စာအုပ်နဲ့ အခုစာအုပ်ပုံစံ အတူတူလိုပဲ။ စကားပြောရစ်သမ်ကို အားပြုရေးတာ ဖြစ်ပြီး ဒီလိုရေးတာကိုပဲ နှစ်အုပ်လုံးမှာ သတိပြုပြီး ရေးပုံရပါတယ်။ အသံတူ၊ သို့မဟုတ် အကြောင်းအရာတူတဲ့ စာကြောင်း နှစ်ကြောင်းစီလောက်ကို ပြိုင်ခြင်း၊ ထပ်ကျော့ခြင်း စတဲ့ နည်းများနဲ့ ရစ်သမ် ဖန်တီးသွားပုံများကိုလည်း တွေ့ရပါတယ်။

တကယ်တော့ ကာရန်သုံးခြင်းဟာလည်း အသံ အလေး အပေါ့၊ အနိမ့် အမြင့်ကို တလှည့်စီ သုံးပြီး ရစ်သမ်ဖော်တဲ့စနစ်ပဲ ဖြစ်ပါတယ်။ ကဗျာမှာ ရစ်သမ်ဟာ အကြောင်းအရာလိုက်ပြီး ဖော်ထုတ်ဖန်တီးသွားဖို့ အရေးကြီးပါတယ်။ ဘယ်နည်းကိုသုံးသုံး၊ ရစ်သမ်ဖော်နိုင်ရင် ကဗျာရဲ့အသံကိစ္စ အတော်အတန်ပြီးပါတယ်။ ကျန်တာက စကားလုံးတွေ တလုံးစီရဲ့ ဋ္ဌာန်ကရိုဏ်းကို အဆင်ပြေအောင် လုပ်ရတယ်ဆိုတာဟာ ကဗျာပညာ တရပ်နဲ့ ပါရမီတရပ်လို့ပဲ ဆိုနိုင်ပါတယ်။ ကဗျာမှာ အတွေး၊ အနက်နဲ့ အသံ လိုက်ဖက်ဖို့ အရေးကြီးပုံကို ဆောင်းဝေ ဂရုစိုက်ပုံရပါတယ်။ ဒါကတော့ အသံထွက် ဖတ်ကြည့်မှ သိသာပါလိမ့်မယ်။

ဆောင်းဝေရဲ့ ကဗျာစာအုပ်နှစ်အုပ်ဟာ ဆက်တိုက် ရေးဖွဲ့၊ ဆက်တိုက်ထုတ်တာဖြစ်လို့ သူ့ကဗျာစာအုပ် နှစ်အုပ်မှာ သူ့ကဗျာတွေ သိပ်ပြီးခြားနားလှတာ မတွေ့ရပေမယ့် နောက်တအုပ်က အမေရိက ဆိုတဲ့ ပိုမိုရှုပ်ထွေး ကြီးကျယ်တဲ့ မြို့ပြအဆောက်အအုံထဲကို ဝင်လိုက်ရတာဆိုတော့ ကဗျာဆရာကို ရိုက်ခတ်မှု ရှိတန်သလောက် ရှိမှာပဲဆိုတာ ကြိုတင်တွေးဆလို့ရပါတယ်။ အတွေ့အကြုံ ထူးခြားလာရင် ခံစားမှုတွေက လည်း ထွေပြားလာမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လို ကျေးလက်ခံစားမှုနဲ့ တင်းခံနေတဲ့ လူမျိုးတောင် လှုပ်ခတ်မှု ရှိတန်သလောက် ရှိမှာပဲလို့ တွေးကြည့်နိုင်ပါတယ်။ (ဒါပေမဲ့ ကျွန်တော်က အမေရိကန် လူမှုဆက်ဆံရေးထဲကို တိုးဝင်မသွားဘဲ မြန်မာလူစုလူဝေးအတွင်းမှာပဲ တွင်းအောင်းသလို အောင်းနေပါတယ်။ နယူးယောက်မှာ နေပေမယ့် မြို့လယ်ကို တခေါက်၊ နှစ်ခေါက်ထက် ပိုမရောက်ပါ။ ဘုန်းကြီးကျောင်း၊ ဆေးရုံ ဆေးခန်းနဲ့ ဈေးပဲ မလွှဲသာလို့ သွားပါတယ်။)

ဆောင်းဝေက နယူးယောက်မြို့ထဲကို တိုးဝင်ပုံရပါတယ်။ သူ ရောက်တဲ့နေရာ၊ သူ စားတဲ့ အစား စသည်တို့ကို သူ့ကဗျာထဲမှာ ထည့်သွင်းရေးဖွဲ့ပါတယ်။ သူဟာ နယူးယောက်မြို့ထဲကို သွားလေ့ရှိပုံရတယ်။ မြေအောက်ရထားကို စီးတယ်။ ဘရော့တ်ဝေးလမ်းမကြီးပေါ်ကို လျှောက်တယ်။ ကော်ဖီဆိုင်တွေမှာ ဝင်ထိုင်တယ်။ ပီဇာ၊ အသားညှပ်ပေါင်မုန့်၊ အသားကင်တို့ကို စားတယ်။ စပိန်စကားပြောသူတချို့ကို ဂရုပြုမိတယ်။ သူကိုယ်တိုင် စပိန်စကားကို သိရှိထားလို့ ဖြစ်မှာပေါ့။ ဆိုင်တွေထဲက တချို့နံရံတွေမှာ အမေရိကန် အလံကိုလည်း အမှတ်မထင် မြင်မိပုံရပါတယ်။ ဘရော့ဒ်ဝေးလမ်းမပေါ် လျှောက်ရင်း နေ့ရော ညပါ မီးမပြတ်တဲ့ နိုင်ငံကို ငေးမောနေမိတတ်တဲ့အပြင် တိုက်အမြင့်ကြီးတွေပေါ်မှာ ထွန်းညှိထားတဲ့ ဘဝတွေရဲ့ တောက်ပမှုတွေကိုလည်း တပါတည်း မြင်လိုက်မိပုံရပါတယ်။ တခါတရံတော့ နယူးယောက် ဆောင်းရာသီမှာ အပြင်မထွက်နိုင်ဘဲ ပြတင်းတံခါးကနေ အပြင်ကို ငေးမောပြီးနောက် လေသန့်ရှူရင်းက ‘သစ်ကိုင်းပေါ်က နှင်းခဲတွေ ပြုတ်ကျပုံ’ကို မြင်မိတာကိုလည်း သူ့ကဗျာတွေမှာ ထည့်ရေးလိုက်ပါသေးတယ်။ ကြာရင်တော့ အမေရိကရဲ့ လူမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ အသံမျိုးစုံက သူ့ကို အသစ်အဆန်း၊ အတွေ့အကြုံ တွေအဖြစ်ကနေ သူ့ကို စုပ်မျိုသိမ်းသွင်းသွားပါလိမ့်မယ်။ သူဟာ အညာသား ဖြစ်ပေမယ့် အတွေ့အကြုံသစ်ကို တင်းမခံဘဲ ပျော်ဝင်သွားဖို့ လိုက်လျောနိုင်မယ့် အလားအလာ ရှိနေပါတယ်။

သူဟာ နတ်မောက်မှာ နေခဲ့တဲ့ အချိန်ကာလထက် ရန်ကုန်ကို၊ သီဟိုဠ်လို နေရာတွေမှာ ပိုပြီးကြာကြာ နေခဲ့ပုံရပါတယ်။ သူ့ရဲ့ မြန်မာစကားတွေထဲမှာ အညာလေပျောက်နေတာ တွေ့ရပါတယ်။ ပထမ ဖွင့်လိုက်တဲ့ ကဗျာရဲ့အစပိုဒက်မှာပဲ ဒီအချက်ကို သတိပြုမိပါတယ်။

၁။ (မင်း)ဘက်မှာ ညဆို ငါက နေ့ပေါ့

၂။ မင်းက နှင်းဆီဆို ငါက ဆူးပေါ့

၃။ တရက်ထဲမှာ တဝက်စီ ခွဲနေရ

၄။ (ကိုယ့်)အကြောင်း (မင်း) အိပ်မက်မက်နေချိန်မှာ

၅။ ကိုယ်က (မင်း)အကြောင်း တွေးနေရမှာပေါ့

၆။ ဘာသာစကား ရှိနေလို့သာ ဝေးကြရပြီလို့ ပြောရတယ်

၇။ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ပစ်ချချ

၈။ ငါက (မင်း)အနားမှာ ကျပြီးသားပဲ

၉။ စကားလုံးတွေ ရှိနေလို့သာ ပြောဆိုနေကြရတယ်

၁၀။ မင်းမပြောလည်း ကိုယ်က ကြားရပါတယ်။

အထက်ပါ ကဗျာစာကြောင်း ၁၀ ကြောင်းထဲမှာ မင်း နဲ့ ကိုယ် ဆိုတဲ့ စာလုံးတွေကို မျဉ်းသားထားလိုက်ပါ တယ်။ အောက်မြစ် ပါသင့်တဲ့ မင်း နဲ့ ကိုယ် တွေကို လက်သည်းကွင်းထဲ ထည့်ထားလိုက်ပါတယ်။ လက်သည်းကွင်းထဲက (မင်း) တွေကို အောက်မြစ်ထည့်ပြီး ဖတ်ကြည့်ပါ။ လက်သည်းကွင်း မပါတဲ့ မင်း ဆိုတဲ့ စာလုံးတွေနဲ့ ယှဉ်ဖတ်ကြည့်ပြီး အဓိပ္ပာယ်ခြားနားပုံကို ဆင်ခြင်ကြည့်ပါ။ (မင်း)ကို မင့် လို့ အသံထွက်တယ်။ မင်း မဟုတ်ဘူး။ အောက်မြစ်ဟာ ၏ ဆိုတဲ့ အဓိပ္ပာယ်ထွက်မယ်။ (မင်း)ဘက် ဆိုတာက မင်းရှိတဲ့ဘက်လို့ ဆိုလိုတယ်။

(မင်း) အကြောင်း ဆိုတာက မင်းရဲ့အကြောင်းလို့ ဆိုတာ။

(မင်း)အနား ဆိုတာ မင်းရဲ့အနီးအနားလို့ ဆိုလတာ။

မင်း ဆိုတဲ့ အောက်မြစ်မပါတဲ့ မင်းက (you)။

(မင်း) ဆိုတဲ့ အောက်မြစ်ပါတဲ့ မင်းက (yours)။

ကိုယ်နဲ့ ကိုယ့်ကတော့ I နဲ့ My ။ ဒါတော့ ခွဲသုံးထားတယ်။

နတ်မောက်၊ ရေနံချောင်း၊ မကွေး၊ မြင်းခြံ၊ မုံရွာ၊ မန္တလေးတို့မှာ မင်းနဲ့ မင့်၊ ကိုယ်နဲ့ ကိုယ့်၊ သူနဲ့ သူ့၊ ငါနဲ့ ငါ့၊ နင်နဲ့ နင့် ကွဲကွဲပြားပြား သုံးစွဲနေကြပါတယ်။ ရန်ကုန် ဆိုတာက တရုတ်၊ ကုလား လူမျိုးစုံနေတဲ့ မြို့ကြီးပါ။ လူမျိုးစုံမြို့ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ နေကြလို့ မြန်မာစကားကို ပြောကြတယ်။ အနေကြာရင် မြန်မာစကား ပြောတတ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အောက်မြစ်သံကို တချို့နေရာတွေမှာ မကွဲတော့ဘူး။ ဒို့ဗမာ(တို့ဗမာ) ကို အောက်မြစ် နုတ်မိရင်တော့ ဒိုဗမာ(တိုဗမာ) ဖြစ်သွားမှာပေါ့။ အောက်မြစ်က ‘၏’ ရဲ့ အတိုကောက်ပါ။ အလကားသုံးထားတာ မဟုတ်။ အညာသား ဆောင်းဝေက ဒါကို သတိထားမိမှာပါ။ ကဗျာရေးတဲ့ အညာသား ပညာတတ်က အောက်မြစ်ရဲ့ တန်ဖိုးကို သိမှာပါလေ။ ဒါပဲလား။

မဟုတ်သေးဘူး။ နောက်ထပ် အညာသား ဇာတ်ပျက်စကားသုံးက ပိုတောင် စိတ်ပျက်စရာကောင်းတာပေါ့။ မင်း၊ မင့်၊ မင်း၊ တက်သံ၊ သက်သံ၊ ကျသံ သုံးမျိုးရှိတာ မြန်မာစကားရဲ့ သဘာဝပါ။ Tone ပေါ့။ အဲဒီအသံ နိမ့် မြင့် မတူရင် အသံ မတူတော့ဘူး။ မင် ဆိုတာ ခင်မင်တာ။ မင့် ဆိုတာ အသင်၏(မင်း၏)။ မင်း ဆိုတာ သင်၊ နင်၊ မင်းနဲ့ ရှင်ဘုရင်။ အသံ နိမ့် မြင့် ခြားနားရင် အနက်ပါ ခြားနားသွားပါတယ်။ က၊ ကာ၊ ကား။ ကင့်၊ ကင်၊ ကင်း။ ကောင်၊ ကောင့်၊ ကောင်း။ တိန်၊ တိန့်၊ တိမ်း။ တန်၊ တန့်၊ တန်း စသဖြင့် အသံသုံးမျိုးမှာ တမျိုးစီ အဓိပ္ပာယ်ရှိကြပါတယ်။

မြန်မာစကားက Tone Language တဲ့။ အဲဒီအစက်ကလေးတစက်ရဲ့ တန်ဖိုးက အက္ခရာရဲ့အထက်ကို တင်လိုက်ရင် ‘သေးသေးတင်’တဲ့။ ‘ကံ’ ကနေ ‘ကံ(ကန်)’ ဖြစ်သွားတယ်။ ‘န’ ကနေ ‘နံ’ ဖြစ်သွားတယ်။ ‘တုံ’ ကနေ ‘တုံး’ ဖြစ်သွားတယ်။ တုံ့-တုံ-တုံး — သုံးမျိုးမှာ အစက်ကလေးတွေရဲ့ တန်ဖိုးဟာ ဘယ်လောက် ကွာသွားသလဲ။ အစက်နှစ်စက်ဆိုရင် ဝစ္စပေါက်နော်။ ဟ-ဟာ-ဟား — ဆိုပါတော့။ တလုံးစီ အဓိပ္ပာယ် ကိုယ့်ဘာသာ တွေးကြည့်ပေတော့။

နောက်တခုကတော့ ‘မ’ နဲ့ ‘ကို’ နေရာ အထားမှားတတ်တဲ့ကိစ္စ။ ‘မ’ ကို မော်လမြိုင်နဲ့ ရန်ကုန်မြို့သားတွေက နေရာမှားပြီး ပြောတာပါပဲ။

လုပ်မပေးဘူး ဆိုရင် မလုပ်ပေးဘူးလို့ ပြောတာ။

သင်မပေးဘူး ဆိုရင် မသင်ပေးဘူးလို့ ပြောတာ။

‘မ’က (နောက်ဆုံး အဓိကကြိယာရဲ့ရှေ့ကထား)ရပါတယ်။

လုပ်ပေးတယ်လို့ ‘မ’ မပါဘဲ ပြောကြည့်။ နောက်ဆုံးကြိယာ ‘ပေး’ ဖြစ်ပါတယ်။ ‘ပေး’ ရဲ့ရှေ့က ‘မ’ ကို ထားပါ။ ‘လုပ်ပေး’ရဲ့ ကြားက ‘မ’ ရောက်သွားပြီး ‘လုပ်မပေးဘူး’ ဖြစ်လာတယ်။ အလားတူပဲ။ မသင်ပေးဘူး ကိုလည်း ‘သင်မပေးဘူး’ လို့ ဖြစ်လာမယ်။ ဒါမှ ရေးရိုးရေးစဉ်၊ ပြောရိုးပြောစဉ် မြန်မာစာနဲ့တူလာပါမယ်။ ဒါပေမဲ့ ‘အများညီ ဤကို ကျွဲ ဖတ်’တဲ့။

စာနယ်ဇင်းများ ထုတ်ဝေရာ ဗဟိုဌာနဖြစ်တဲ့ ရန်ကုန်မြို့က လူမျိုးပေါင်းစုံ နေရာဌာန ဖြစ်ပါတယ်။ စကားလုံးတွေဟာ ရန်ကုန်ကစပြီး ပြောင်းလဲလာရင်း မှားမှား၊ မှန်မှန် လူအများက လိုက်ပြောင်းလဲကြ ပါတယ်။ ဆက်ရေးနေရင် ကဗျာ ဝေဖန်စာ မဟုတ်တော့ဘဲ သဒ္ဒါဝေဖန်စာပဲ ဖြစ်သွားပါလိမ့်မယ်။ ခုလည်း ကဗျာဆရာကို ‘မှားတယ်’လို့ ပြောနေတာ မဟုတ်ပါဘူး။ နတ်မောက်သား အညာသားဟာ ရန်ကုန်မှာ အနေကြာလို့ အများညီသလို ဤကို ကျွဲဖတ်နေပုံကို သတိပြုမိလို့ ထည့်သွင်းရေးသားလိုက်တာ ဖြစ်ပါတယ်။ အညာလေ မဟုတ်တာတွေ၊ နောက်ထပ် တွေ့ထားပေမဲ့ ရပ်လိုက်ပါတယ်။ သူ့ကဗျာအကြောင်းပဲ ဆက်ကြပါမယ်။

ကာလပေါ်၊ ခေတ်ပေါ်ကဗျာဟာ ‘ခေတ်စမ်း’က စပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ် တို့ ကဗျာတွေပေါ့။ ဒဂုန်တာရာ၊ ကြည်အေးတို့က ပိုပြီး ခေတ်ဆန်သယောင် ဖြစ်လာပေမဲ့ ခေတ်တခေတ်အဖြစ် ပြောင်းလဲမလာခဲ့ပါ။ မန်းတက္ကသိုလ်ကလည်း ကဗျာဆရာတွေ တအုပ်တမကြီး ထွက်လာပြီးတော့ တင်မိုးက တင်စိုး အထိ (၁၉၅၇-၂၀၁၇ အထိ) အမျိုးသားစာပေဆုရကြပေမဲ့ ကဗျာတွေကတော့ ‘နီယိုခေတ်စမ်း’ (ခေတ်စမ်းလက်သစ်)တွေပဲ ဖြစ်လာခဲ့ပါတယ်။ ခု ဆောင်းဝေတို့ရဲ့ ကဗျာတွေကတော့ တွေးပုံ၊ ရေးပုံ လုံးဝခြားနားတဲ့ မော်ဒန်ကဗျာတွေ ဖြစ်လာနေပါပြီ။ အတွေးဆန်း၊ အရေးဆန်းနေကြပါပြီ။ စာပေဆုပေးရေးအဖွဲ့ကတောင် ရှေးရိုးနဲ့ ခေတ်ပေါ် ခွဲပြီး နှစ်မျိုး ဆုပေးရမလားလို့ စဉ်းစားနေရတဲ့ အခြေအနေ ရောက်နေပါပြီ။ ဝတ္ထုတို/ရှည်တွေထက် ကဗျာက ခေတ်ရှေ့ရောက်နေပါပြီ။ ဒီအထဲမှာ ဆောင်းဝေတို့လည်း ရှေ့တန်းက ပါဝင်နေပါပြီ။ (ဒီကိစ္စကိုလည်း ကြုံတုန်းမှာ ကြားဖြတ်ပြီး တချက်လောက် ထောက်လိုက်ပါရစေ။) ကဗျာက ဝတ္ထုတွေထက် ခေတ်ဆန်ရတာဟာ ဝတ္ထုဘာသာပြန်နဲ့ ကဗျာဘာသာပြန် တွေမှာ ကဗျာဘာသာနဲ့ စာတွေထဲမှာ ပိုပြီး မော်ဒန်ဖြစ်တာတွေကို ဖတ်ကြရလို့ပဲ ထင်ပါတယ်။ ဆရာဇော်ဂျီ ဘာသာပြန်တဲ့ နိုဘယ်လ်ဆုရ ဝတ္ထုတိုများနဲ့ မောင်သာနိုး ဘာသာပြန်တဲ့ ကဗျာများ နှိုင်းယှဉ်ကြည့်စေချင်ပါ တယ်။ ကျွန်တော်တို့က အင်္ဂဠိပ်ကဗျာ အနည်းအကျဉ်း ဖတ်ပေမဲ့ ရှယ်လီဘိုင်ဂွတ်တို့ ရိုမန့်တစ် (မောင်သာနိုး ပြောတဲ့ ရောမနဿိက ကဗျာများ) လောက်ပဲ ဖတ်နိုင်၊ ခံစားနိုင်ပါတယ်။ ဒီဘက်ခေတ် မော်ဒန်တွေ၊ တော်လှန်တွေကိုတော့ သိပ်ပြီး လိုက်မမီတော့ပါဘူး။ ဗမာလိုတောင် နားမလည်ဘူးဆိုရင် အင်္ဂလိပ်လိုတော့ ပိုပြီး အလှမ်းဝေးသွားခဲ့ပြီပေါ့။ (ကျွန်တော်တို့က တောကျလို့ပါ။)

ကျွန်တော်တို့အနေနဲ့ ဆောင်းဝေတို့ရဲ့ ကဗျာတွေကို ဖတ်ရတာ ခေတ်ကို ပိုနားလည်သလို ဖြစ်လာပါတယ်။ မြို့ပြခေတ်၊ မြို့ပြလူမှူဆက်ဆံရေးနဲ့ မြို့ပြခံစားမှုကို မြဇင် တို့၊ မောင်သာနိုး တို့ ပြောခဲ့ကြတာတွေကိုတော့ မြို့တော်ရန်ကုန် လူမှုဆက်ဆံရေးလောက်နဲ့တော့ လိုက်လို့မမီ ပြေးပြန်ပြီ ဖြစ်နေရမှာပဲ ထင်ပါတယ်။ ဆောင်းဝေက သီဟို(ကိုလံဘို)နဲ့ အမေရိက(နယူးယောက်)တို့ကို ထွက်လာပြီး မြို့ကြီးပြကြီးက ပညာရေးနဲ့ မြို့ကြီးပြကြီးက လူမှုဆက်ဆံရေးတို့ကို တွေ့ထိ တိုးဝင်ခဲ့ရပြီ မဟုတ်လား။ မြေအောက်ရထားလမ်းတွေ၊ နေ့ရော ညပါ မီးလင်းနေတဲ့ မိုးထိတိုက်ကြီးတွေ၊ နေ့စဉ် စားနေရတဲ့ ဟမ်ဘာဂါနဲ့ ပီဇာ၊ ဒိုးနတ်တွေ။ ခြောက်လမ်းသွား၊ ရှစ်လမ်းသွား ဘရော့ဒ်ဝေးလမ်းမကြီးမျိုးတွေ၊ ဒါတွေက သူ့ကို ခံစားမှုအသစ်တွေ ပေးလို့ သူ့ကဗျာတွေထဲမှာ ထည့်သွင်းစပ်ဆိုခဲ့ရပါပြီ။ ဒါပေမဲ့ ဒီအရာဝတ္ထု၊ ရှုခင်းတွေဟာ မြို့ပြခံစားမှုကို ပေးစွမ်းတဲ့ အရာဝတ္ထုတွေသာဖြစ်ပြီး ခံစားမှု မဟုတ်ပါ။ ခံစားမှုကတော့ လူတွေ ပြွတ်သိပ်နေတဲ့ကြားမှာ အထီးကျန် ခံစားနေရမှုပါပဲ။

သူတို့ရဲ့ မဲပေါက်သူတစု အမေရိကကို ရောက်လာကြတော့ တကယ့် မြို့ကြီး နယူးယောက်ကိုမှ ရောက်လာကြ တယ်။ ကံကောင်းလို့ မဲပေါက်သူတွေထဲမှာ ကံဆိုးသူ သူငယ်ချင်းတဦး ပါလာခဲ့ပြီး ‘ကံယုံမိတော့လည်း ဆူးပုံက သူ့ကို နင်းသွားခဲ့’သတဲ့။ ‘မိဘရှိရာကို လေယာဉ်ပျံမစောင့်ဘဲ စိတ်ဝိညာဿ်နဲ့ ပျံသွားခဲ့’သတဲ့။

မင်းမိဘနှစ်ပါးကို

မင်းဇာတိ မြို့ငယ်လေးမှာ ထားခဲ့ရပြီ

မင်းဇနီးနဲ့ သားသမီးတွေကို မင်းနိုင်ငံမှာ ထားခဲ့ရပြီ

အခု မင်းရဲ့လက်ကျန်ဘဝကို

အခြားနိုင်ငံတခုမှာ ထားရစ်ခဲ့ပြီ… တဲ့။

အသံထွက် ဖတ်ရင် ဖတ်လို့ကောင်းတာ တွေ့ရမယ်။ ဒါပေမဲ့ (မင်း) တွေအားလုံးဟာ အောက်မြင့်မပါဘဲ ရေးထားပုံ။ သူ့ ‘ဘာသာစကား’ကို စံပြုလို့ မရနိုင်တော့ပါ။ ဒါပေမဲ့ ကဗျာရဲ့ နောက်ဆုံးစာကြောင်းလေးက အထိတ်တလန့်နဲ့ လွမ်းစရာဖွဲ့ထားလေရဲ့။

လမ်းမှာ တွေ့တဲ့အခါ

လူမပါတော့တဲ့ မင်းနာမည်ကို

ငါ ဘယ်လို လှမ်းခေါ်ရမလဲ… တဲ့။

သူငယ်ချင်း ကွယ်လွန်သူ ‘ကိုကျော်’ကို ရည်ညွှန်းတဲ့ ကဗျာပါ။ ဒီ ကိုကျော်တို့ဟာ ကျွန်တော်တို့ ဆွမ်းလောင်းတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ တည်းခိုတာမို့ သူ့ကို သင်္ဂြိုဟ်ရာမှာ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်ခဲ့ရပါတယ်။

ဒီကဗျာဟာ ရေးပုံ မော်ဒန်ဆန်ပေမဲ့ အကြောင်းအရာက ဖြစ်စဉ်တခုတည်းအကြောင်းကို ဖွဲ့ထားပုံကတော့ အရိုးခံ ဖြစ်နေပါတယ်။ ထွေထွေပြားပြား မဟုတ်ခဲ့ပါ။

ဒါပေမဲ့ တင်မိုး၊ မောင်စွမ်းရည် တို့ ဗိုလ်ချုပ်ကျော်ဇော လွမ်းချင်းကဗျာတွေ ရေးသလိုတော့ စင်းစင်းရှင်းရှင်း ရေးထားတာ မဟုတ်ပါ။

သူ့မော်ဒန်ဟန်နဲ့သူ ရေးထားတာပါ။ အကြိုက်ဆုံးတပုဒ်ကို ပြောရရင်တော့ ‘နိုင်ငံတော်တမ်းချင်း’ ဆိုတဲ့ ကဗျာကို ပြောချင်တယ်။ စာမျက်နှာ ခြောက်မျက်နှာခွဲ ရှည်တယ်။ အဲဒါကို အတွေးရော၊ အရေးရော ကြိုက်ပါတယ်။ အတိုကဗျာထဲက ကြိုက်မိတာကတော့ ‘ဖိနပ်’ပါ။ သူ့ရဲ့ လူပင်လယ်ထဲက အထီးကျန်ဘဝကို သိချင်ရင်တော့ ‘မြို့တော်ရဲ့ သူစိမ်းတယောက်’နဲ့ ‘အေရှန်းတယောက်ရဲ့ အလုပ်နားရက်’ ကဗျာများကို ဖတ်ကြည့်ပါ။ ရပ်ကြည့်လို့ အမြတ်မရှိ၊ ဖတ်ကြည့်မှ အတပ်သိရမည် ဖြစ်ပါကြောင်း။

ဒါဟာ ဒီနေ့ မြန်မာကဗျာရဲ့ လက္ခဏာတခုပါပဲ။


မောင်စွမ်းရည်

၂၈ မတ် ၂၀၂၀

နယူးယောက်