Breaking News

ဇင်လင်း - စစ်ရှောင် ဒုက္ခသည်စခန်းများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး နဲ့ အပစ်အခတ်ရပ်စဲရေးပြဿနာ


ဇင်လင်း - စစ်ရှောင် ဒုက္ခသည်စခန်းများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး နဲ့ အပစ်အခတ်ရပ်စဲရေးပြဿနာ

(မိုးမခ) ဇွန် ၄၊ ၂၀၂၀


မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြဿနာဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်နေပြီလား။ လက်ရှိတိုင်းပြည်ရဲ့အခြေအနေကို လေ့လာကြည့်ရင် ကာကွယ်ရေးဘတ်ဂျက် အလွန့်အလွန်များနေတာကြောင့် နိုင်ငံသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေ အလွန်လျော့နည်းနေခဲ့တာ ဆယ်စုနှစ် (၇)ခု ကျော်ခဲ့ပြီ ဖြစ်တယ်။ ပညာရေးဘတ်ဂျက်ဆိုတာ နိုင်ငံရဲ့ အနာဂတ်အတွက် ရင်းနှီမြှုပ်နှံမှုဖြစ်ပြီး၊ ကျန်းမာရေးဘတ်ဂျက်ကတော့ နိုင်ငံရဲ့အင်အားဖြစ်တဲ့ လူသားအရင်းအမြစ်တွေ တောင့်တင်းခိုင်မာဖို့ ရင်းနှီးသုံးစွဲရတာ ဖြစ်တယ်။ ကာကွယ်ရေးဘတ်ဂျက်က နိုင်ငံတော် လုံခြုံရေးအတွက် သုံးစွဲရတာဖြစ် သော်လည်း ပွင့်လင်းမြင်သာမှု မရှိဘဲ ဘုံးဘောလအော သုံးစွဲနေတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံဟာ Least Developed Country (LDC) ဘဝအဆင့်အတန်းကနေ ရုန်းထွက်ဖို့ ကြိုးပမ်းနေရဆဲဖြစ် လို့ပါပဲ။ ဒါကြောင့် အစိုးရနဲ့တပ်မတော်အတွင်း ထိပ်တန်းရာထူးဌာနန္တရ ရယူထားသူတို့အနေနဲ့ ဆင်ခြင်တုံတရားနဲ့ လူလူချင်းစာနာခြင်းတရားကိုသာ လက်ကိုင်ထားကြမယ်ဆိုရင် ပြည်တွင်းစစ် ပြဿနာကို အဖြေရှာလို့ မရနိုင်စရာ မရှိဘူးထင်ပါတယ်။

လက်ရှိ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားရာ ဒေသများမှာ တိုင်းရင်းသားအများစု နေထိုင်ရာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသ အားလုံးနီးပါးလောက်မှာ စစ်ပွဲတွေ ဖြစ်ပွားနေရခြင်းရဲ့ ပဓါနပြဿနာက ဘာလဲဆိုတာ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင် ပိုင်းက ပုဂ္ဂိုလ်တွေ သိနေကြပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လက်နက်ကိုင်နည်းလမ်း နဲ့ ဖြေရှင်းဖို့ ကြိုးပမ်နေကြတာ ဆယ်စုနှစ် ၇ ခု ကျော်ခဲ့ပါပြီ။ လက်နက်နည်းနဲ့ အဖြေမရရှိနိုင်ကြောင်းလည်း အတွေ့အကြုံတွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ကြရတဲ့ တပ်ဖွဲ့ဝင် စစ်သည်တွေမှန်သမျှဟာ မြန်မာ နိုင်ငံသား တွေဖြစ်ပါတယ်။ ဘယ်တပ်ဖွဲ့ ဘက်ကပဲ ကျဆုံး၊ ကျဆုံး၊ ပြည်ထောင်စုအတွက် အလွန် နစ်နာပါတယ်။ ဒီလို အဖြစ်မျိုး မဖြစ်စေဖို့ ဘက်အသီးသီးက ခေါင်းဆောင်တွေ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး စဉ်းစားသင့်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားနေခဲ့တာ နှစ်ပေါင်း အတော်ကြာ ပြီဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ(EAOs) အကြား ရရှိထားတဲ့ အမြင့်ဆုံး စစ်ပွဲများရပ်ဆိုင်းရေး သဘောတူ စာချုပ်ဖြစ်ပါတယ်။ NCA လမ်းကြောင်းအတိုင်း EAOs အားလုံး ပါဝင်လာရေးအတွက် အစိုးရက ကြိုးပမ်းနေပေမယ့်၊ တပ်မတော်ရဲ့ ‘တစ်ခုတည်းသော တပ်မတော်ဖြစ်ရေး’ ကိစ္စနဲ့ NCA မှာ ဖော်ပြခဲ့တဲ့ ‘တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်မည့် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး’ ကိစ္စတို့ကြောင့် အဖြေရဖို့ မလွယ်တဲ့ ပု စ္ဆာတစ်ခု ဖြစ်နေတယ်။ ဒီ့အပြင် ‘ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်’ နဲ့ ‘ခွဲမထွက်ရကိစ္စ’ ကလည်း ‘တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်’ (Self-determination) နဲ့ တိုက်ရိုက် ဆက်စပ်နေတာကြောင့် နှစ်ဦးနှစ်ဖက် ယုံကြည်လက်ခံနိုင်တဲ့ နည်းလမ်း ရှာဖွေ ဖြေရှင်းဖို့လိုနေတယ်။ စိတ်ရင်းစေတနာ ရိုးရိုးဖြောင့်ဖြောင့်နဲ့ ပြဿနာကို ချဉ်းကပ်မှသာ ပြည်သူ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ အဖြေမှန် ရရှိနိုင်မယ်လို့ ယူဆပါတယ်။

စစ်ရေးအရ လက်ဦးလိုမှု၊ အရေးသာလိုမှုတွေနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေကြရင်တော့ ကြာလေ အခြေအနေ ဆိုးလေ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ မေလ(၂၉)ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်းကို ရခိုင်တပ် AA က အင်အား(၁၀ဝ)ခန့်ဖြင့် ဝင်တိုက်ခဲ့တဲ့ သတင်းဖပါ်ထွက်ခဲ့တယ်။ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းကို AA လက်နက်ကိုင်အဖွဲ့ က နံနက်(၂)နာရီခန့်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် (၁၀) ဦးနဲ့ ရဲမိသားစုဝင် (၃)ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့တယ်။ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေးအဖွဲ့ဖြစ်တဲ့ ရဲစခန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ဖက်ပစ်မှတ်မဟုတ်တဲ့ ရဲတပ်ဖွဲ့စခန်း၊ ရဲကင်းစခန်းများကို အကြိမ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ဂုပ္မိ နဲ့ ကျောက်တောင် ရဲကင်းစခန်း(၄)ခုကို တိုက်ခဲ့ဖူးတယ်။ မတ်လ(၉)ရက်နေမှာ ပုဏ္ဏားကျွန်း မြို့နယ်ရှိ ယိုးတရုတ် ရဲကင်း စခန်းကို တိုက်ခဲ့တယ်။ ဧပြီလ(၁၀)ရက်နေ့မှာ မြောက်ဦးမြို့ ရဲတပ်ရင်းဌာနချုပ်ကို တိုက်ခဲ့တယ်။

ဇူလိုင်(၁၆)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းကို တိုက်ခဲ့တယ်။ စုစုပေါင်း ရဲတပ်ဖွဲ့ဝင်(၂၅)ဦး ကျဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်အချို့နဲ့ ကလေးငယ်တွေအပါအဝင် ရဲအဖွဲ့မိသားစုဝင်များ ဖမ်းဆီးခံရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့တယ်။ တပ်မတော်အနေနဲ့ ထိရောက်သည့် တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးကို ပြန်လည်ဆောင်ရွက်သွားမယလို့ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုတယ်။

ဤအတောအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ရခိုင့်တပ်ဖွဲ့ (AA)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်း လှမ်းကြောင်း ဇွန်လ (၁) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တယ်လို့ DMG သတင်းအရ သိရတယ်။ နိုင်ငံရေးအရ ဖြစ် ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်၊ အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား ငြိမ်းချမ်းရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်ရေးနဲ့ တိုက်ပွဲတွေ ရပ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဒီ့အပြင် တပ်မတော်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း စစ်ချုပ်ငြိမ်းသွား စေရေးနဲ့ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးတို့ကို အထောက်အကူ ဖြစ်စေရန်အတွက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ဆိုတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေးကို ဇွန်လ (၁) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ (၃) လတာ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားတယ်လို့ဆိုတယ်။ ညီနောင်သုံးဖွဲ့အနေနဲ့ အရင်ကလည်း အလားတူ ထုတ်ပြန်မှုများရှိခဲ့တဲ့အတွက် ယခု အကြိမ်နဲ့ ဆိုရင် (၆) ကြိမ်မြောက်ထုတ်ပြန်တာ ဖြစ်တယ်။

ဒီအပစ်ရပ် ကာလအတွင်း တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာမယ်ဆိုလရင် သူတို့ဘက်ကလည်း ပြန်လည် တုံ့ပြန် ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုတယ်။ ပြီးခဲ့သည့် မေလ (၉) ရက်နေ့က နိုင်ငံအတွင်း Covid -19 ကပ်ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့ အတွက် နိုင်ငံတော်က အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ အကြမ်းဖက် အဖွဲ့တွေရှိတဲ့ နေရာများမှ အပ ကျန်နယ်မြေ တွေမှာ မေလ (၁၀) ရက်နေ့မှ (၃၁) ရက်နေ့ထိ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာထားတယ်။

လတ်တလောမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် AA တို့ကို အစိုးရက မတရားအသင်းနဲ့ အကြမ်းဖက် အုပ်စုအဖြစ် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့စွဲနဲ့ ကြေညာခဲ့တယ်။ ဒါကြောင့် စစ်ရေးတင်းမာနေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်တွေမှာတပ်မတော် နဲ့AA တို့ တိုက်ပွ ဲအပြင်းအထန် ဖြစ်ပွားနေတယ်။ စစ်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ထိခိုက်နစ်နာ သေဆုံးမှုတွေ ဖြစ်နေကြရတယ်။ စစ်ဘေးရှောင်နေကြရတဲ့ လူနေထိုင်ခြင်း မရှိတဲ့ ကျေးရွာတွေ မှာလည်း မီးလောင်ဆုံးရှုံးမှုတွေ ရှိနေကြောင်း သိရတယ်။ လက်ရှိအခြေအနေမှာ နှစ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံနွေးဆွေးမှုတွေ မရှိတော့ဘဲ ရပ်တန့်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် အချိန်ဆွဲထားသလို ဖြစ်နေတယ်လို့ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်တယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ လုပ်ဆောင်ဖို့လိုအပ်ကြောင်း လည်း ဒေါ်ခင်စောဝေက ထောက်ပြထားတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ် ဘေးဒုက္ခသည်ဦးရေ ၁၆၄,ဝဝဝ ကျော်ရှိပြီး၊ ချင်းပြည်နယ် ပလက်ဝဒေသမှာ လူဦးရေ ၆,ဝဝဝ ကျော်အထိ ရှိလာနေတယ်။ ဒါကြောင့် လတ်တလောမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုတယ်။ လက်ရှိအခြေ အနေမှာ မိုးရာသီကာလ ရောက်လာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ မိုးစပါးထွန်ယက်စိုက်ပျိုးချင်တာကြောင့် မိမိတို့ နေရပ်ဒေသဆီ ပြန်ချင်နေကြောင်းသိရတယ်။ ဒါကြောင့် နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ တိုက်ပွဲ များရပ်တန့်ပြီး ငြိမ်းချမ်းစေချင်ကြောင်း မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်တွေက ပြောကြောင်းသိရတယ်။ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာ ၂ နှစ်လောက် ကြာပြီ ဖြစ်တယ်။ လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး၊ တိုက်ပွဲအတွင်း ဒေသခံများ ပစ်ခတ် ခံရမှု၊ မိုင်းထိမှန်မှုများကြောင့် သေဆုံးဒဏ်ရာရသူတွေ တဖြည်းဖြည်း တိုးလာနေကြောင်း DMG သတင်းမှာ ဖေါ်ပြခဲ့တယ်။

ရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့မတူခြားနားတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒေသခံများအနက်က အိမ်ထောင်စု ၁၇၀ ကျော်ကို ဒီနှစ် ဆောင်းရာသီအတွင်း နေရပ်ဒေသမှာ နေရာပြန်လည်ချထားပေးမယ်လို့7Day News အရသိရတယ်။ ဂျပန် နိုင်ငံကူညီ ရေးအဖွဲ့ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ အလှူငွေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်များ နေရပ်ပြန်နိုင် ရေး ဆောင်ရွက်နေကြောင်း၊ လာမည့်ဆောင်းရာသီမှာ အိမ်ထောင်စု ၁၇၀ ကျော်ကို နေရာချထားပေးသွားမယ်လို့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ဦးခါးလီက ပြောတယ်။

ကချင်ပြည်နယ်က စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ ဆောင်ရွက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်း က KBC ထံသို့ အမေရိကန်ဒေါ်လာ ငါးသန်းလှူဒါန်းထားကြောင်း သတင်းက ဆိုတယ်။ အဲဒီ အလှူငွေနဲ့ စစ်ရှောင်ဒေသခံတွေ အတွက် နေအိမ်များဆောက် လုပ်နေရာမှာ၊ ဝိုင်းမော်မြို့နယ် ရွှေ ညောင်ပင်ကျေးရွာအတွက် နေအိမ် ၁၀ လုံး ဆောက်ပြီးဖြစ် ကြောင်း သိရတယ်။ ပထမအသုတ် နေရပ်ပြန်ပို့မယ့် အိမ်ထောင်စု ၁၇၄ စု အတွက် မိုးမောက်၊ မိုး ညှင်း၊ ချီဖွေ၊ ဝိုင်းမော် နဲ့ ပူတာအို မြို့နယ်တွေအတွင်း နေအိမ်များဆောက် လုပ်ပြီးစီးရေး ဆောင်ရွက်နေကြောင်း ဦးခါးလီ (KBC) ကပြောတယ်။

အဲဒီ အိမ်ထောင်စု ၁၇၄ စု အတွက် ဒေါ်လာ ငါးသိန်းလောက် ကုန်မယ်လို့ ဆိုတယ်။ နိပွန်ဖောင်ဒေးရှင်းက လှူထားတာ ဒေါ်လာ ငါးသန်းဖြစ်ကြောင်း ဦးခါးလီက နေအိမ် တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်အခြေအနေကို ရှင်းပြတယ်။ အစိုးရရဲ့ “အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန” (NRPC) အလုပ်အဖွဲ့နဲ့ “ကချင်စစ်ရှောင်များ ကူညီ စောင့်ရှောက်ရေးကော်မတီ” (KHCC) တို့ ဇွန်လအတွင်း တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ဦးခါးလီ ကဆိုတယ်။

KHCC အနေနဲ့ ဒေသခံ ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရ နဲ့ ညှိ နှိုင်းနေတဲ့ အဖွဲ့ဖြစ်တယ်။ လတ်တလောမှာ စစ်ရှောင်စခန်းများအတွက် နှာခေါင်းစည်းများအပါအဝင် ရောဂါ ကာကွယ် ရေး ဆိုင်ရာပစ္စည်းများကို အစိုးရက ထောက်ပံ့ပေးမှုများရှိတယ်လို့ ဦးခါးလီက ပြောတယ်။ လက်ရှိအခြေအနေမှာ COVID ကာလ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ စုပေါင်းနေထိုင်ကြရတဲ့အတွက် စစ်ဘေးရှောင်တွေ စိတ်ပူနေကြရတယ်လို့ ဆိုတယ်။ ပြီးတော့ စားဝတ်နေရေးက အရင်လို ပုံမှန်ရှာဖွေ စားသောက်လို့မရတဲ့အတွက် စစ်ရှောင်မိသားစုတွေ မှာပိုပြီး တော့ အခက်အခဲရှိလာတယ်လို့ ဦးခါးလီက ကချင်စစ်ဘေးရှောင်များရဲ့အခြေအနေကို ရှင်းပြတယ်။

တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIA)တို့အကြား ၂၀၁၁ ခုနှစ်မှ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဒေသခံ တစ်သိန်းကျော်ဟာ လက်ရှိအချိန်အထိ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေကြရတယ်။ အဲဒီထဲက လူဦးရေ ငါးသောင်းကျော်ဟာ KIA ထိန်းချုပ်တဲ့ ဒေသမှာ ခိုလှုံနေရကြောင်း ဦးခါးလီက ဆိုတယ်။ လက်ရှိမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားမှု မရှိတာ တစ်နှစ်ကျော်ပြီဖြစ်တယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ် ရေးထိုး မှု မပြုလုပ်ရသေးတဲ့အတွက် စစ်ရှောင်ဒေသခံတွေ နေရပ်ပြန်ရေး အကောင်အထည်ဖော်ရာမှာ အခက်အခဲရှိနေရကြောင်း KHCC တာဝန်ရှိသူအချို့က ပြောကြားကြောင်း 7Day News အရသိရတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) နဲ့ ကချင်အဖွဲ့ (KIO)၊ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)၊ ရခိုင်(AA) အဖွဲ့တို့ရဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ ပေမယ့် ရလဒ်မကောင်းခဲ့ဘူး။ အဲဒီ ‘ကူမင်းဆွေးနွေးပွဲ’ မှာ ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့(NDAA)နဲ့ ရှမ်းအဖွဲ့(SSPP) တို့လည်း ပါဝင်တက်ရောက်ခကြတယ်။ ပုံမှန်အားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)အနေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် Bilateral သဘောတူစာချုပ် ချုပ်ဆိုပြီးမှသာ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရတာဖြစ်တယ်။

ဒါပေမယ့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နဲ့ ညှိနှိုင်းဆဲဖြစ်တဲ့ Bi-lateral အပစ်ရပ်လက်မှတ်ရေးထိုးရေး အစီစဉ်ကို မြန်မာ အစိုးရဘက်က ပယ်ဖျက်လိုက်ကြောင်း ကူမင်းမြို့ တွေ့ဆုံမှုအတွင်း အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က ပြောခဲ့တယ်။ အကြောင်ကတော့ ၂၀၁၉ ဇန်နဝါရီလ(၄) ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA က ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်း (၄)ခုကို တိုက်ခိုက်ခဲ့တာကြောင့်လို့ PC အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦးက ဆိုတယ်။ Bi-lateral အပစ်ရပ်ရေးထိုးရေး အစီအစဉ်အစား PC က ပြင်ဆင်လာတဲ့ Deed of Commitment (DoC) ကတိကဝတ် စာချွန်လွှာကို လက်မှတ်ထိုးရေး ပြောင်းခဲ့ရခြင်းဖြစ်တယ်လို့ KIO ကိုယ်စားလှယ် အဖွဲ့က ဆိုတယ်။ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့က ကတိကဝတ် စာချွန်လွှာကို လက်မှတ်ရေးထိုးဖို့ ငြင်းဆိုခဲ့ကြောင်း KIO က KNG သတင်းဌာနသို့ ပြောပြခဲ့တယ်။

“ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေပဲ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “ကျေးလက်တောရွာနေ လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း” အတွင်း ပြောကြားခဲ့ဖူး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “မတူတဲ့ အမြင်တွေကို ညှိနှိုင်းဖို့က အရေးကြီးတယ်။ မတူပိုင်ခွင်ရှိတယ်။ ဒါပေမယ့် မတူတဲ့ အမြင်တွေကို ညှိဖို့က တာဝန်ပဲ။ အဲဒါမှ ငြိမ်းချမ်းရေး ရနိုင်မှာ။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘော ထားတွေ အပေါ်မှာ အခြေခံပြီးတော့ ငြိမ်းချမ်းရေးအတွက် တူညီတဲ့ စိတ်ဓါတ်တွေ မွေးရမယ်။” လို့ ပြောဆိုသွားခဲ့တာ သတိပြုမိပါတယ်။

မတူတဲ့အမြင်တွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းကြခြင်းဟာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ဖြစ်တယ်။ ဒီကနေ့ မြေပြင်အခြေအနေမှာ နိုင်ငရေးဆွေးနွေးပွဲတွေရပ်နေတာမြင်ရတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ အထူးသဖြင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလ(၄) ရက်နေ့မှာ AA က ဘူးသီးတောင် မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်း (၄)ခုကို တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘောင်ကျယ်လာခဲ့တယ်။ အကျိုးဆက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ Bi-lateral အပစ်ရပ်လက်မှတ်ရေးထိုးရေး အစီစဉ်ကို အစိုးရဘက်က ပယ်ဖျက်လိုက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲ တံခါးပိတ်လိုသလို ဖြစ်သွားတယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်လို့ ငြင်းခုန်နေမယ့်အစာ၊ ဘယ်သူတွေ နစ်နာကြသလဲဆိုတာ ကြည့်သင့်တယ်။

လက်တွေ့မြေပြင်မှာ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ် ဘေးဒုက္ခသည်ဦးရေ ၁၆၄,ဝဝဝ ကျော်ရှိနေတယ်။ ချင်းပြည်နယ် ပလက်ဝဒေသမှာ စစ် ဘေးဒုက္ခသည်ဦးရေ ၆,ဝဝဝ ကျော်အထိ ရှိလာတယ်။

ကချင်ပြည်နယ်အတွင်းမှလည်း တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀ဝ,ဝ၀ဝ ကျော်ဟာ လက်ရှိ အချိန်အထိ ဒုက္ခသည်စခန်း တွေမှာ ရှိနေတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်း ၉ ခုတွင်လည်း မြန်မာဘက်မှ စစ်ပြေး ဒုက္ခသည် ၉၃,၂၉၈ ဦးကို လက်ခံထားတယ်လို့ Thai Border Consortium (TBC) ရဲ့ ၂၀၂၀-ဧပြီလ အစီရင်ခံစာမှာ ဖေါ်ပြထားတာတွေ့ရတယ်။ အခု ဇွန်လမှာ မိုးရာသီစတင်ပြီ ဖြစ်ပါတယ်။ အဲဒီ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့စခန်းတွေမှာ စားစရာ ဆန်တောင် လုံလောက်မှု မရှိပါဘူး။ နေရာထိုင်ခင်း အခြေအနေ ကလည်း မိုးမလုံ လေမလုံ ဖြစ်တယ်။ လူဦးရေအချိုးအစားနဲ့ နေရာထိုင်ခင်းအကျယ်အဝန်း အလွန်ကွာခြားတာ အစိုးရ တာဝန်ရှိသူတွေ သိကြပါတယ်။ အခုလို ကိုဗစ်၁၉ ကပ်ရောဂါကျရောက်နေချိန်မှာ ဒုက္ခသည်စခန်းတွေအတွင်း နေရာ ထိုင်ခင်း ကျဉ်းကျပ်မှုကြောင့် ရောဂါကူးစက်မှု အန္တရာယ်ရှိနေပါတယ်။ အစားအသောက်၊ သောက်ရေသန့်နဲ့ ဆေးဝါး အစရှိတဲ့ ပစ္စည်းအသုံးအဆောင် မလုံလောက်တဲ့အတွက် ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ အသက်အန္တရာယ် ရှိနိုင်တယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးမှာ တာဝနျရှိကွတဲ့ ခေါငျးဆောငျမြား အနနေဲ့ပွညျသူမြားရဲ့ဆငျးရဲဒုက်ခကို ငဲ့ညှာပြီး အပစ်အခတ် အမြန်ရပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေကြစေလိုတယ်။

အပစ်အခတ်ရပ်စဲရေးကိစ္စ တာဝန်ရှိကြတဲ့ ခေါင်းဆောင်တွေ (Decision Makers) အနေနဲ့ စစ်ဘေးရှောင် ပြည်သူလူထု ရဲ့ဆင်းရဲဒုက္ခတွေကို ထောက်ထားစာနာကြစေလိုတယ်။ စစ်စရိတ်တွေ ကျခံနေရတဲ့အတွက် နိုင်ငံရဲ့ လူနေမှု အဆင့် အတန်းနိမ့်ကျနေခဲ့ရတာကိုလည်း ပြန်လည်သုံးသပ်ကြစေချင်တယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀ဝ ကျော်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲနိုင်ရင် တိုင်းပြည် ငြိမ်းချမ်းရုံမက၊ ပြည်သူ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ဘတ်ဂျက် ပိုမိုသုံးစွဲနိုင်မှာ ဖြစ်တယ်။ အဲဒီလိုသာ ဘတ်ဂျက်ကို နည်းမှန် လမ်းမှန် သုံးစွဲနိုင်မယ်ဆိုရင် ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ထွန်းလာဖို့ အလွန်နီးစပ် တယ်လို့ထင်မြင်သုံးသပ်မိပါကြောင်း။