Breaking News

လူလူ - မနှင်းဆီနှင့်စကားစမြည်

Sir Gerald Festus Kelly, lissllewellyn.com
*မနှင်းဆီနှင့်စကားစမြည်***
လူလူ
(မိုးမခ) ဇွန် ၁၀၊ ၊၂၀၂၀

နန်းတော်ရှေ့သီချင်းတွေထဲမှာဝဲခွင့်မရှိခဲ့တဲ့
ဟင်္သာတစ်ကောင်ပါ မနှင်းဆီ။

မူးများမူးမလားလို့
အိမ်ရှေ့မင်းထန်းတောထဲမှာ
စိတ်နှစ်ပြီး ဂန္တဝင်တွေသောက်ခဲ့မိရဲ့ 
ခေတ်နဲ့စနစ်ကြား
လင်းလိုက် မှောင်လိုက်နဲ့
မနုဿစိတ်ရိုင်းတွေထကြွလာလေတိုင်း
ရီဝေရီဝေနဲ့မန္တလေးကိုပွေ့ဖက်နှုမ်းရှုံ့ရင်း
မန္တလေးကိုချစ်တဲ့ ဟောဒီရင်ဘတ်ကြီးနဲ့
ဂန္တဝင်မြို့သားတစ်ယောက်
မော်ဒန်တွေထဲ ငုပ်လျှိုးခဲ့လိုက်တယ် ။

မနှင်းဆီရေ
ဆံဖြူသွားကျိုးဖို့ ဇရာနဲ့စာချုပ်ချုပ်ထားတဲ့
မန္တလာရဲ့ဟင်္သာတစ်ကောင်ပေါ့  
ဒီဟင်္သာရဲ့ နှုတ်ဖျားမှာကိုက်ချီလာတာ
သံလွင်တစ်ခက် အောင်သပြေတစ်ခက်
မဟုတ်ခဲ့တောင် 
ရသစုံကဗျာတစ်ခက်တော့ဖြစ်ကောင်းဖြစ်မယ်။

မနှင်းဆီရေ
တကယ်တော့ မန္တလာကိုချစ်တဲ့စိတ်နဲ့
ဒီဟင်္သာချီလာတဲ့ ကဗျာတစ်ခက်ဟာ
နိဗ္ဗာန်တစ်ဝက်စာပါပဲ ။ 
           
မနှင်းဆီရေ
ဝဲပျံခဲ့ဖူးပါရဲ့
ကြည်စင်တဲ့အပြုံးများ
ရိုးသားခြင်းအတိနဲ့ဖူးပွင့်ခဲ့သော မြို့လေးသို့ ။

မနှင်းဆီရေ
ကျက်စားခဲ့ဖူးပါရဲ့
ဝါကြွားပလွှားခြင်းမရှိ အရှိတရားတွေနှင့်
ပွင့်လင်းလွန်းသောမြို့လေးမှာပေါ့။

မနှင်းဆီရေ 
ဒီမြို့လေးဟာချစ်ခင်တတ်လွန်းတဲ့
ကူညီဖေးမခြင်းများနှင့်
လူပီသသောမြို့လေးပေါ့။

မနှင်းဆီရေ
မြတ်နိုးရလွန်းတဲ့ ဒီမြို့လေးဟာ
အတုမရှိသော မဟာမြတ်မုနိဘုရားရှင်
တန်ခိုးတော်အောက်မှာ
ရင်ငွေ့ခိုလှုံနေတဲ့မြို့လေးပေါ့။

မနှင်းဆီရေ
ကြည်နူးရဖူးပါရဲ့
စာအံသံတွေခြိမ့်ခြိမ့်ညံလို့
ဆည်းလည်းရှိုက်သံတွေလွင့်ပျံ့နေေသာ
အဲဒီမြို့လေးရဲ့ 
ချစ်စရာဓလေ့တွေကြားမှာထဲမှာပေါ့ ။

မနှင်းဆီရေ
တကယ်ဆိုအဲဒီမြို့လေးဟာ
လေးစားရလွန်းတဲ့
နန်းတော်ရှေ့ဆရာတင်
ဂုဏ်တင်ခဲ့သောမြို့လေးပေါ့ ။

သက္ကရာဇ်တွေချီပိုးလို့
အဲဒီမြို့လေးထဲ
မန္တလာဖွားဟင်္သာတစ်ကောင်
အိပ်မက်တွေထမ်းပိုးရင်းပျံဝဲခဲ့  ။

မနှင်းဆီရေ
ဟင်္သာတစ်ကောင့်ရဲ့ ရင်အံဝှက်ထဲ
စာပေဂီတအနုရသများစွာစီးဆင်းဖို့
မန္တလေးကတိတ်တဆိတ် 
ပြုစားခဲ့လေရဲ့ ။

မနှင်းဆီရေ
နှုတ်ဆက်ခဲ့ပါရဲ့
ဟင်္သာတစ်ကောင်ရဲ့
ရင်ဘတ်ထဲထည့်ကာသုတ်ချီလာတဲ့
ရွှေခြေကျင်းသံတွေညံခဲ့သောမြို့လေး
ငွေငန်းမြို့မနှင့် ပဏာရသောမြို့လေး
နောက်ဆုံးမင်းနေပြည် 
တည်ခဲ့လေသောမြို့လေး
အဲ့ဒီမြို့လေး
အုတ်ကျစ်ကျော်အေး မန္တလေးလို့
သတင်းမွှေးခဲ့တယ် ဆိုတာ
တစ်လောကလုံးဆီပျံဝဲဖြန့်ကျက်ဖို့
ဟင်္သာငယ် ခရီးဆက်ပါရစေအုံးလေ ။

မနှင်းဆီရေ
နွေတွေ မိုးတွေ ဆောင်းတွေ 
အချိန်ကိုတွယ်ဖက်လို့
ဟောင်းနေသစ်နေဆဲပဲလေ ။

မနှင်းဆီရေ
ရှေးခေတ်ရှေးအခါက
၇ တောင်ကို တစ်တာလို့တွက်သတဲ့
တာပေါင်း ၂၄၀၀ ရှိတဲ့မန္တလေးဟာ
ယဉ်ကျေးပျူငှာသောရင်ဝယ်သားတွေနဲ့
စည်ပင်ရွှင်လန်းလို့
သာယာပြန့်ပြူးတဲ့အရပ်ဒေသဖြစ်ခဲ့ရဲ့လေ
အခုတော့
တာပေါင်း ၂၄၀၀ ရှိတဲ့မန္တလေးဟာ
ပိုးပုရွက် ဖြူနီနက်တွေ
ဟိုတစ်ကွက်ဒီတစ်ကွက်အိမ်ဖွဲ့လှိုက်စားခြင်းများမှာ
နာလို့ဖျားလို့ပေါ့ 
တကယ်တော့ မနှင်းဆီရေ 
မန္တလေးဟာ မန္တလေးပဲဆိုပေမယ့်
မန္တလေးကိုချစ်တဲ့စိတ်က
မန္တလေးအငွေ့အသက်တွေပြယ်စပြုလာတဲ့
မန္တလေးကို 
မန္တလေးလို မန္တလေးပဲဖြစ်စေချင်ခဲ့တယ်ဆိုတာ
မန္တလေးလည်း ရိပ်စားမိမယ်ထင်ရဲ့ ။

လူလူ
(4-11-2018)11:45Am