Breaking News

အောင်မော်ဦး - “သူတို့တတွေကို ဦးစားပေးသင့်ပါတယ်”

CNet
“သူတို့တတွေကို ဦးစားပေးသင့်ပါတယ်”
အောင်မော်ဦး
(မိုးမခ) ဇွန် ၁၀၊ ၊၂၀၂၀


ဒီနေ့ စျေးလာဝယ်တဲ့ ဆရာဝန်မတယောက်နဲ့ စကားပြောရပါတယ်။ ဖလွိုက်အောက်မေ့ဖွယ်ကို သူရောက်ခဲ့တဲ့အကြောင်းနဲ့ တရားခံရဲကို ရုံးထုတ်တဲ့အကြောင်း အားရပါးရပြောပြပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ ငါတို့တော့ မိုးမီးလောင်တော့မယ်ထင်တယ်လို့ ပြောပါတယ်။ သူနဲ့ စကားပြောပြီးတော့ သူပေးသွားတဲ့အတွေးလေးနဲ့ ဒီစာလေးကို ရေးဖြစ်ပါတယ်။ 
 
လမ်းတွေပေါ်မှာ လူအုပ်ကြီးတွေကို တွေ့နေကြရပါတယ်။ အဲဒီ လူအုပ်ကြီးတွေထဲက ဆယ်ပုံတပုံလောက်သာ အိုင်စီယူထဲရောက်လာခဲ့ကြရင်ဆိုတဲ့အတွေးက ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားတော့မလားဆိုတဲ့ မေးခွန်းကို ပေါ်ထွက်လာစေပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့လာလေမလဲဆိုပြီး စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ ဒုတိယလှိုင်းတို့၊ တတိယလှိုင်းတို့ ဆိုတာတွေကရော မီးလောင်ရာလေပင့်ဆိုသလို ကျန်းမာရေးစနစ်ကြီးကို ထိုးနှက်ကြလေမလားပေါ့။ 

အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့အတွက်၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာကတည်းက FEMA-Federal Emergency Management Agency က အလောင်းထည့်ဖို့ အိတ်ပေါင်း (လေးသိန်း) ကြိုတင်ဝယ်ယူထားခဲ့တယ်လို့ ကြားရပါတယ်။ ထရမ့်ရဲ့ ကိုင်တွယ်ပုံနဲ့ ဘယ်ဆီနေမှန်းမသိသေးတဲ့ ကာကွယ်ဆေးကြောင့် လိုလိုမယ်မယ်ဆိုပြီး နောက်ထပ်အိတ် (တသိန်း)ကိုလည်း အရန်ထပ်ဝယ်ဖြည့်ထားတယ်လို့ ကြားရပါတယ်။ အဲဒီလို ဖက်ဒရယ်အစိုးရက ပြင်ဆင်ထားသလိုပဲ ပြည်နယ်အစိုးရတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ပြင်ဆင်ထားကြပါတယ်။ ကျနော်တို့မင်နီဆိုတာပြည်နယ်မှာဆိုရင်လည်း အလောင်းတွေထားဖို့ ဒေါ်လာ (၆.၉ သန်း) တန် အဆောက်အဦကြီးတခုကို ဝယ်ယူထားလိုက်ပါတယ်။ ထို့အတူပဲ အိုင်စီယူခန်းတွေ တိုးချဲ့တာ၊ အသက်ရှုအားကူစက်တွေ ထုတ်လုပ်တာ၊ ဝယ်ယူတာ၊ ပီပီအီးဝတ်စုံတွေနဲ့ မတ်စ်တွေ ထုတ်လုပ်၊ ဝယ်ယူနေကြတာတွေကိုလည်း တွေ့မြင်နေကြရမှာပါ။

တဘက်မှာတော့ အမျှော်လင့်ကြီးမျှော်လင့်နေတဲ့ ကာကွယ်ဆေးက ပေါ်ထွက်မလာသေးပါဘူး။ ဒေါက်တာဖောက်ချီရဲ့အဆို (“hundreds of millions of doses” of vaccine ready to deploy by early 2021) အရ ၂၀၂၁ နှစ်ဆန်းပိုင်းလောက်မှာ ပေါ်ထွက်လာခဲ့ရင်လည်း တကြိမ်တည်းမှာ အများကြီးမထုတ်နိုင်တဲ့အတွက် လူတိုင်းတပြိုင်တည်း ထိုးခွင့်မရရှိနိုင်ပါဘူး။  ကောင်းပါပြီ။ ဒါဆို ပထမဆုံးပေါ်ထွက်လာတဲ့ ကာကွယ်ဆေးကို ဘယ်သူတွေကို အရင်ဆုံး ဦးစားပေးထိုးပေးသင့်ပါသလဲဆိုတာ မေးခွန်းတခုဖြစ်လာပါတယ်။

ကျနော့်အထင်တော့ ပထမဆုံးပေါ်ထွက်လာတဲ့ အနည်းငယ်မျှသော ကာကွယ်ဆေးကို အဓိကကျတဲ့ “ကျန်း မာရေးလုပ်သားတွေ” နဲ့ “ ကျန်တဲ့ first responders တွေ၊ ကိုဗစ်ဗော်လံတီယာတွေ”ကို ဦးစားပေးထိုးနှံစေသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေမရှိဘဲ “ကိုဗစ်ရယ် - ဆရာဝန်မရှိတဲ့ဆေးရုံကြီးတွေရယ်-ကျနော်တို့ရယ်” ဘယ်လိုမှ အသက်ရှည်ရှည် ယှဉ်တွဲနေထိုင်နိုင်ကြမှာ မဟုတ်လို့ပါပဲ။ 

အထူးသဖြင့် ကျန်းမာရေးလုပ်သားတွေဟာ ကိုဗစ်ကိုခံတိုက်ပေးကြရုံတင်မက ပုံမှန်ဖြစ်နေကျ ၉၆ ပါးသောရောဂါဝေဒနာတွေကနေ ပျောက်ကင်းသက်သာအောင်ပါ တပြိုင်တည်း တာဝန်ယူကုသပေးနေကြရသူတွေ ဖြစ်တာကြောင့်ဖြစ်ပါတယ်။ 

လာမယ်ကြာမယ် မျှော်  ဆိုတဲ့ ကာကွယ်ဆေးကို ဒီအတိုင်း ထိုင်စောင့်နေကြတာထက်စာရင် အနည်းဆုံး ၆ လ၊ တနှစ်လောက်ရနေသေးတဲ့အချိန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် အထူးလေ့ကျင့်ပေးထားတဲ့ အရန် ကျန်းမာရေးလုပ်သားတွေ များများမွေးထုတ်ထားတာက ပိုတယ်လို့ မရှိနိုင်ဘူးထင်ပါတယ်။ လူတယောက်က လူတယောက်ကို ကယ်နိုင်တယ်ဆိုရင်ကိုပဲ အနည်းဆုံး လူဦးရေတဝက်တော့ ကျန်ခဲ့ဦးမှာပါ။ ကိုဗစ်ဟာ လူတွေနဲ့ တူတူနေဖို့များ ကမ္ဘာမြေပေါ်ကို ရောက်လာလေသလားလို့တောင် ပညာရှင်တွေက ခန့်မှန်းနေကြပါပြီ။

ဆိုတော့ကာ ကျနော်တို့စိတ်တွေကို ထားတတ်အောင် ပြင်ထားကြဖို့လိုမယ်ထင်ပါတယ်။ ငါတို့ကျတော့မထိုးရဘူး၊ သူတို့ကျတော့ ထိုးရတယ်ဆိုတာမျိုး။ ငါတို့က အရေးကြီးပုဂ္ဂိုလ်မို့လို့၊ ငါတို့က မရှိမဖြစ်သူတွေမို့လို့ ဆိုတာမျိုး။ ဒါ့အပြင် တဘို့တည်းကြည့်တာ၊ အခွင့်ထူးခံတာ၊ လိမ်လည်ရယူတာ၊ လုယက်ရယူတာတို့လိုမျိုး ဒုစရိုက်မှုတွေလည်း ကျူးလွန်နိုင်ကြပါသေးတယ်။ အရှေ့တောင်အာရှနိုင်ငံတချို့ကေတာ့ ကာကွယ် ဆေးကို အမဲလိုက်သလို လိုက်နေကြပါပြီလို့ဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ဖတ်ရပါတယ်။ ကျနော်တို့ မြန်မာရော ဆရာမောင်ဆေးနီမှုန့်နဲ့ ကိုးပါးဆေးကို ခါးကြားထိုးပြီး မုဆိုးဒူးထောက်များ ထိုင်နေလေပြီလားပေါ့။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းရတာမျိုးအထိ ရှိလာနိုင်သလားဆိုတာမပြောတတ်ပေမယ့် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လာနိုင်တာကိုတော့ ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ကမ္ဘာမီးလောင် သားတောင်ချနင်းလို့ ဆိုကြတယ်မဟုတ်လား။ တိုင်တန်းနစ်ကြီးမြုပ်တော့ မိန်းမယောင်ဆောင်ပြီး အသက်ကယ်လှေပေါ် လိမ်စီးသွားခဲ့တဲ့ ဂျပန်ကြီးဟိုဆိုနို (Masabumi Hosono) လိုမျိုး လူကုံထံ၊ အာဏာဂုဏ်ထံကြီးငယ်တွေဟာလည်း ဒုနဲ့ဒေး ပေါ်ထွက်လာနိုင်ပါသေးတယ်။ သူများနှာခေါင်းပေါ်နင်းပြီး ကိုယ့်အသက်ရှူဖို့ကြိုးစားတဲ့သူတွေကတော့ ဂျပန်ကြီးဟိုဆိုနို (Masabumi Hosono) လိုမျိုး သမိုင်းကွေးပြီး ရှင်လျက်နဲ့သေနေကြရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

အောင်မော်ဦး
ဇွန်၊ ၈၊ ၂၀၂၀။