Breaking News

ဘုန်းနေသွန်း - ဆက်သွယ်မှုဧရိယာပြင်ပ.... လေလွင့်တဲ့တိမ်ဟာ အခြားကမ္ဘာမှာ..

ဆက်သွယ်မှုဧရိယာပြင်ပ....
လေလွင့်တဲ့တိမ်ဟာ  အခြားကမ္ဘာမှာ
ဘုန်းနေသွန်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၀

     စကားပြေ ရေးချင်စိတ် ဖြစ်တယ်။ ဒါပေမဲ့ အာရုံခံစားမှုက ပါးလျလွန်း။ မျှော်လင့်ထားသလို ဖြစ်မလာလို့ ရေးလက်စနဲ့ ဒီအတိုင်းပစ်ထားလိုက်ရတဲ့ စကားပြေအပိုင်းအစလေးတွေ အခန်းထဲမှာ အေးခဲလို့။ ရေးမယ်စိတ်ကူးထားတဲ့ ကဗျာစာသားတွေ အတွေးထဲတင်ပြန့်ကြဲလို့။ အခန်းတံခါးကို အမြဲပိတ်ထားတယ်။ ကိစ္စရှိရင် တစ်ယောက်ယောက်ကလာခေါက်လိုက်တာပဲ။ တစ်နေကုန် အပြင်မထွက်ဘူး။ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ ရန်ကုန်နဲ့ ကာလအတန်ကြာ ကွဲကွာနေခဲ့ပြီ။

သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မရှိတော့။ သစ်စိမ်းမြရိပ်နဲ့မွေးရပ်မြေ။ အဲဒီမွေးရပ်မြေမှာ မိသား စု...ချစ်ခြင်းမေတ္တာ...အနုပညာ။

အားလုံးဟာ အဝေးဆီမှာ။ လေတံခွန်ဟာ လေနှင်ရာ လေလွင့်လို့။ မိုင်တိုင်ပေါင်းများစွာ ဝေးကွာလို့။

     ပြတင်းတံခါးကို ထဖွင့်လိုက်တယ်။ ခန်းစီးကိုတော့ ဆွဲမဖွင့်ဖြစ်ဘူး။ ခန်းစီးစဟာ တဖျပ်ဖျပ်လှုပ်လို့။ တိုက်နေတဲ့လေမှာ သစ်ရွက်တွေ ကြွေနေတယ်။ သစ်ရွက်ကြွေတွေရဲ့ ခြေသံ.....
တစ်ခါတလေ...ခပ်တိုးတိုး။ တစ်ခါတလေ...လေသင့်လို့  ကျယ်ကျယ်လောင်လောင်။ ရေးလက်စ စကားပြေဆီ စိတ်က ရောက်သွားပြန်တယ်။ ကဗျာဆရာ ဆိုပေမယ့် စကားပြေနဲ့သိပ်မယဉ်ပါးလှဘူး။ နှစ်ကြောင်းသုံးကြောင်းရေးပြီးမှ စိတ်တိုင်းမကျတာနဲ့ ပစ်ချထားလိုက်ရတာတွေ...။ အစအဆုံး ရေးပြီးပေမယ့်သိပ်မကြိုက်လို့ အချောပြန်မကူးဖြစ်သေးတာ
တွေ။ဒီလိုအချိန် မတော်တဆ ကောက်ခါငင်ခါ သေဆုံးသွားခဲ့ရင်တောင် ဘဝကူး ကောင်းနိုင်ပါ့မလား။ ကောင်းရာမွန်ရာကို ကျွတ်တမ်းဝင်နိုင်ပါ့မလား။ အစွဲအလမ်းများစွာ  မပြီးဆုံးသေးတဲ့ အခန်းဆက်များစွာနဲ့။
     ဖျတ်ခနဲပေါ်လာတဲ့ ကဗျာတစ်ပိုင်းတစ်စကို ခပ်တိုးတိုးရွတ်ဆိုမိတယ်။ မျက်လုံးတွေကိုမှိတ်လို့။ အာရုံကို အတတ်နိုင်ဆုံး ဖြေလျော့လို့။
     ရွတ်နေတဲ့ကဗျာ ဆုံးသွားပြီလား...။ ဒါမှမဟုတ် မဆုံးသေးဘူးလား ။တော်ပြီကွာ။ ရောက်ချင်တဲ့နေရာရောက်။ ပြန်ရွတ်။ ရောက်တဲ့နေရာက စာသားတစ်ပိုင်းတစ်စ နှုတ်ခမ်း
တွေဆီက ထွက်ကျလာ စကားလုံးတွေ တချို့သည်းသည်းကွဲကွဲ။ တချို့ မသည်းမကွဲ။ အဲဒီကဗျာကိုရေးတဲ့ ကဗျာဆရာဆီ ဖျပ်ခနဲ အာရုံရောက်သွားတယ်။ ပြည်မြို့သား ဆံပင်ရှည်နဲ့ကဗျာဆရာ။ လူချင်းမဆုံမီ ဓာတ်ပုံထဲမှာတုန်း က ရှည်လျားသော ဆံပင်တွေနဲ့။ ပြီးခဲ့တဲ့နှစ်တစ်ခုသောညမှာ လူချင်းဆုံတော့ ဆံပင်တွေကို ညှပ်ပစ်လိုက်ပြီ။ အဲဒီရက် နောက်ပိုင်း တစ်ခါမှ လူချင်းမဆုံဖြစ်တော့။ သူ့အကြောင်းကိုတော့ သူ့သူငယ်ချင်း ကဗျာဆရာဆီကနေအမြဲလိုလို ကြားခဲ့ရ။ သူ့အဖေ နေမကောင်းလို့ သူဟာ ရန်ကုန်နဲ့ပြည်နဲ့ စုန်ချည်ဆန်ချည်၊ ‌တစ်ခါက မဂ္ဂဇင်းတစောင်မှာ သူ အယ်ဒီတာဝင်လုပ်ခဲ့တာ။ သူ့မြို့မှာ စာပေဖြန့်ချိရေး လုပ်ချင်လို့ စိတ်တွေကူးနေတာ။ သူ့ရဲ့ ခေတ်ပေါ်ကဗျာရေစီးကြောင်းမှာ တစ်ခါတစ်လေ ဝတ္ထုတိုလေးတွေ၊အက်ဆေးလေးတွေ ညပ်ပြီး ပါလာတတ်တာ.....။
     ပြည်မြို့သား ကဗျာဆရာရဲ့အကြောင်းကို ပြောပြနေတဲ့ကဗျာဆရာဟာလည်း အဲဒီအရပ်ဒေသဆီက။ တခါတလေ ဆံပင်ရှည်တွေကို စုစည်းထား။ တခါတလေ မစည်းမနှောင်ဖွာလန်ကျဲလို့။ သူဟာ ယုံကြည်ရာတခု အတွက် ရန်ကုန်ကို ရောက်လာခဲ့တာ။ မဂ္ဂဇင်းတစောင်ပြီးတစောင်...ဂျာနယ် တခုပြီးတခု အယ်ဒီတာ စလုပ်လို့။ သူ့ဘဝကိုဖြတ်သန်းလာခဲ့တာ။ တကယ်ဆို သူ့ရဲ့အချစ်ကဗျာတွေကို ပြီးခဲ့သောနှစ်တွေကတည်းက သတိထားမိခဲ့။ သ‌ဘောကျနေခဲ့ရတာ။ အခုနောက်ပိုင်း သူဟာ အချစ်ကဗျာသိပ်မရေးဖြစ်တော့။

ခုနောက်ပိုင်း ကဗျာဝေဖန်ရေးနဲ့ အယူအဆပိုင်းဆိုင်ရာ ဆောင်းပါးတွေကိုသာ သူ့နာမည်နဲ့ ပိုပြီး အတွေ့များလာ။ ၂၀၀၇ မှာ ခေတ်ပြိုင်ကဗျာရေစီးကြောင်းနဲ့ ပတ်သက်ပြီး  ဆင်ဖိုစီယမ်တစ်ခု လုပ်ဖို့ သူ ကြိုးပမ်းနေတာ။
      အာရုံဟာ အခြားတစ်နေရာကို ရွေ့လျားသွား....။ အထီးကျန်စိတ်ဟာ လေးဘက်လေးတန်။အခန်းရဲ့ နံရံမှာ သွေးစုတ်ဖြူလျှော်လို့။

အခန်းရဲ့ အပြင်မှာ သစ်ရွက်တွေ ကြွေလို့...။ မြေမှာတိုက်နေတဲ့လေပြည်မှာ သစ်ရွက်ကြွေတွေ...။ လေလွင့်နေတဲ့ စိတ္တဇဟာ ခြောက်သယောင်းတဲ့ မြေပြင်ကို အသံမြည်အောင် ပွတ်ဆွဲလို့။ အခန်းတံခါးကို မဖွင့်ချင်ဘူး။ အခန်းတံခါးကို ဖွင့်လိုက်ရင် တစ်ယောက်ယောက်ကိုတွေ့ရမယ်လို့ ထင်နေမိတာ။ တကယ်တမ်း ဖွင့်ကြည့်လိုက်ပြန်ရင်လည်း ဘာမှရှိမှာလည်း မဟုတ်။ ကိုယ့်စိတ္တဇနဲ့ကိုယ်အရိပ်ကို အယောင်ထင်နေမိတာ။ ဒီလိုအချိန် တံလျှပ်တစ်စုံတစ်ရာကမှ ဖမ်းယူဆုပ်ကိုင်ဖို့လွယ်ကူဦးမှာလား။

     ဖျပ်ကနဲ အာရုံအချိတ်အဆက်ဟာ ဆက်စပ်မဲ့စွာ ရွေ့လျားလို့...။ ဟော...အခြားတစ်နေရာကို ရောက်ရှိသွားပြန်ပြီ။ ဖုန်းထဲက သူငယ်ချင်းရဲ့  သတ္တုသံအက်ရှရှကို  အကြားအာရုံမှာ ကြားယောင်လို့.....။ သက်တူရွယ်တူသူငယ်ချင်းကဗျာဆရာ။ အလယ်ခွဲဆံပင်ရှည်၊ ကော်ကိုင်းမျက်မှန်နဲ့ အသားညိုညို။ ယုံကြည်ရာ စကားသံ အက်ရှရှနဲ့။ သူ့ကဗျာတွေမှာ လောင်းရိပ်အောက်က တိုးထွက်ချင်တဲ့အနာတရတွေ နိမိတ်ပုံတွေနဲ့။ အခုလိုအချိန်မျိုးမှာ အဲဒီသူငယ်ချင်းဆီ ဖုန်းဆက်ရရင် ကောင်းမလား..။ ဟယ်လို...မင်းနေကောင်းရဲ့လား။ ကဗျာတွေရော ရေးဖြစ်ရဲ့လား...။ ငါနဲ့မဆုံလိုက်ရတဲ့  အဝေးရောက်  လျှာပေါ်မြက်ပေါက်ရော ရန်ကုန်မှာ အဆင်ပြေရဲ့လား။
ငါကတော့ ဒီလိုပါပဲကွာ။ ပင်လယ်လေ လတ်လတ်ဆတ်ဆတ် တချို့ကလွဲပြီး မင်းပြောတဲ့ပင်လယ်ဟာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဒါနဲ့ ...မင်းကောင်မလေးနဲ့ရော အဆင်ပြေရဲ့လား။ စကားလုံး. စကား လုံးတွေကို  စိတ်မှတ်မဲ့စွာ စီနေမိတယ်။
တကယ်တမ်း ဖုန်းဆက်ဖြစ်တဲ့အခါ  ဒီစကားလုံးတွေအားလုံးကို မမေ့မလျော့ ပြောဖြစ်ပါ့မလား...။ သူ့အဆောင်ကို ဖုန်းဆက်ဖြစ်တဲ့အခါတိုင်း မတွေ့ရတဲ့ အကြိမ်အရေအတွက်က ပိုပြီးသေချာခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက်တစ်နည်းမဟုတ်တစ်နည်းနဲ့ လူချင်း လွဲချော်နေခဲ့တာ။

     အဲဒီသူငယ်ချင်းကိုပဲ ပြင်းပြင်းရှရှ သတိရနေမိတယ်..။ ဘယ်လောက်ရယ်စရာ ကောင်းလိုက်သလဲ။
ဧရာဝတီသား ကဗျာဆရာက ရန်ကုန်မှာ။ ရန်ကုန်သားကဗျာဆရာက ဧရာဝတီမှာ ကံကြမ္မာအတိုင်း ကျရာနေရာမှာ လူးလွန့်ရှင်သန်နေရတာ။ အလေ့ကျမဟုတ်ဘဲ အလေ့ကျ ပေါက်ရောက်နေရတာ။ နောက်တစ်ခါ ရန်ကုန်ရောက်ရင် မင်းဆီ ဝင်ခဲ့ပါမယ်ကွာ။ အဲဒီလို စိတ်ထဲက ကြိတ်ပြီး ကတိအထပ်ထပ်ပေးနေမိ။ သေတော့ မသေချာ။ ဒီလိုနဲ့ စိတ်ကနည်းနည်းနောက်ကျိလာပြီ...။ လက်က စီးကရက်ဘူးဆီ အလိုလိုရောက်သွားပြီး စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်မိ။ မီးခိုးသား အပြာတွေ ပြတင်းပေါက်ဆီ စီးဝင်လွင့်မျောလို့......။

မီးခိုးတွေကြားမှာ တခြားသူငယ်ချင်းတွေရဲ့မျက်နှာကို မြင်ယောင်လို့။ မျက်နှာတွေ တချို့သည်းသည်းကွဲကွဲ ။ ငယ်သူငယ်ချင်းတွေကျောင်းသားဘဝက ရဲဘော်ရဲဘက်တွေ။
တချို့မျက်နှာတွေလည်း မသည်းမကွဲ။
တစ်ယောက်စ နှစ်ယောက်စကလွဲလို့  တော်တော်များများနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီ။ လေလွင့်တဲ့တိမ်ဟာ နောက်ထပ်ကမ္ဘာမှာ လေးလံလို့ လေလွင့်လို့။

တော်ပြီကွာ လက်ထဲက စီးကရက်ကို အလောတကြီးထိုးချေမိတယ်။ တော်ပြီကွာ ငြီးငွေ့မှုကို ဆံပင်တွေလို သပ်တင်လိုက်။ ပြီးရင် နောက်ကျောဆီ ပို့ထားလိုက်။
ရေးလက်စ ဖျက်ရာပြင်ရာနဲ့ စာသားတွေနဲ့ရေးလက်စ စကားပြေပေါ်  အာရုံတွေကို ပစ်တင်မိတယ်။ ဖျပ်ခနဲ ပုစဉ်းရင်ကွဲတစ်ကောင်အာရုံကိုင်းပင် ရှည်ရှည်လေးပေါ် ဖျပ်ခနဲဝင်နား...ချက်ချင်းပဲ ပျံသန်းပျောက်ကွယ်သွားတာ.........။             ။

                                        ဘုန်းနေသွန်း