Breaking News

သားဦး - ရုပ်နဲ့နာမ်ရဲ့ အဓိပ္ပာယ် - ၉

KT#
ရုပ်နဲ့နာမ်ရဲ့ အဓိပ္ပာယ် - ၉
သားဦး
(မိုးမခ) ဇွန် ၈၊ ၂၀၂၀

စင်္ကြံလျှောက်လမ်းပေါ်ကလက်ကိုင်ပုဝါကို
ငါမကောက်ဘူး ဘယ်သူမှလည်းမကောက်ဘူး
ဒီတော့ ငါတို့ဟာအတူတူပဲလို့ ထင်စရာရှိလာတယ်
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်က မတူဘူး

အုတ်ရေကန် အောက်ပိုင်းကရေသေ
အနိမ့်မှာဆိုပေမယ့် ငါဟာ ခြေဖျားထောက်ပြီးကျင်းယူခဲ့ရ
အနိမ့်နဲ့ အမြင့်မှာ မမီဘူးဆိုတာကလည်း
တူသလိုလိုနဲ့ မတူဘူး

ယူကလစ်တန်းအရိပ်အောက် 
တကောက်ကောက်လျှောက်နေလည်း
ငါ့မှာအရိပ်မရှိဘူးလို့ ပြောမရ
ယူကလစ်အရိပ်က ငါ့အပေါ်ကျလို့
ငါ့အရိပ်က လမ်းပေါ်မှာ
အရာရာ ထပ်တူကျတယ်ထင်ရပေမယ့် မတူဘူး

ရေထဲမှာဆိုပေမယ့်
ရွေ့လျားနေတယ်ဆိုပေမယ့်
ရေငုပ်သင်္ဘောနဲ့ ဝေလငါးဟာ မတူဘူး

သစ်ပင်ပေါ်မှာဆိုပေမယ့်
ပွင့်လန်းနေတယ်ဆိုပေမယ့်
စိန်ပန်းနီနဲ့ စိန်ပန်းပြာဟာ မတူဘူး

တိုက်ပွဲထဲမှာဆိုပေမယ့်
သေနတ်ကိုထမ်းထားရတယ်ဆိုပေမယ့်
ကျူးကျော်သူနဲ့ ခုခံသူဟာ မတူဘူး

သေရင်
တစ်ခုပြီးတစ်ခုအငွေ့ပျံ ပျက်စီးရမယ်
သေရင်
ကိုယ့်နောက်ဘာမှမပါဘူး ဆိုပေမယ့်
အောင်မြင်သူနဲ့ ကျရှုံးခဲ့သူဟာမတူပါဘူး ။     ။

သားဦး