Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ်(၁၂)



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ်(၁၂)

ကိုဗစ်-၁၉ က ပေးတဲ့သင်ခန်းစာများ

(မိုးမခ) ဇွန် ၈၊ ၂၀၂၀

ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် လှည့်ပြောင်းနိုင်တယ်… တဲ့။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့ ကမ္ဘာတဝန်းက နိုင်ငံများအဖို့ မိမိတို့နိုင်ငံများအနေနဲ့ နောင် ဒီလိုကပ်ဘေးမျိုးနဲ့ ကြုံလာရင် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို အလေးအနက်ထား စဉ်းစားရတော့မှာပါ။

ဒီအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစီးပြီး မေလ ၁၈ ရက်နေ့က တခြားနိုင်ငံခေါင်းဆောင်များကိုပါ ဖိတ်ကြားပြီး တယ်လီကွန်ဖရင့် လုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကြီးကပေးတဲ့ သတင်းစကားကတော့–

၁။ ဒီ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကို တိုက်ဖျက်ရေးအတွက် တကမ္ဘာလုံး စည်းလုံးညီညွတ်ဖို့နဲ့

၂။ ဒီရောဂါတိုက်ဖျက်ရေးကို တောက်လျှောက်ဦးဆောင်လာခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (W.H.O) ကို ထောက်ခံမှုပေးရန်တို့ ဖြစ်ပါတယ်။

ဒါကို ဒီအစည်းအဝေးကြီးကို တက်ရောက်လာတဲ့ တရုတ်၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီ စတဲ့နိုင်ငံတွေက ခေါင်းဆောင်များရဲ့မိန့်ခွန်းတေွမှာ ထင်ရှားစွာ တွေ့လိုက်ရပါတယ်။

ဒီ နှစ်ရက်တာ ကျင်းပတဲ့ အစည်းအဝေးကြီးအပြီးမှာ ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်များကတော့–

၁။ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ခိုက်ဖို့ တကမ္ဘာလုံးကို စည်းရုံးစုစည်းပြီး ရောဂါထိန်းချုပ်ရေးအတွက် တိုးမြှင့်ကြိုးပမ်းရန်။

၂။ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာနည်းပညာများနဲ့ ပစ္စည်းများကို တန်းတူညီမျှစွာနဲ့ တရားမျှတစွာ ခွဲဝေရယူနိုင်ရေး တို့ ဖြစ်ပါတယ်။

အဓိအပ္ပာယ်ကတော့ ပိုမိုတရားမျှတမှုရှိတဲ့ ကမ္ဘာကျန်းမာရေးအုပ်ချုပ်မှုစနစ်တရပ် (Global Public Health Governance) ပေါ်ပေါက်လာရေးအတွက် ဦးတည်တာပါ။

တကယ်တော့ ဘယ်ကိစ္စမဆို အဆိုး အကောင်း နှစ်ဖက်ရှိတာချည်းပါပဲ။ ကိစ္စရပ်တိုင်းကို သိပွံနည်းကျ ခွဲခြမ်းစိတ်ဖြာကြည့်ရှုပြီး ကောင်းမွန်တဲ့အချက်များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး အားနည်းချက်၊ လိုအပ်ချက်များကို ပြုပြင်ဖြည့်စွက် လုပ်ဆောင်ခြင်းဖြင့် နောက်တကြိမ ပြဿနာ (တူညီတဲ့ပြဿနာ ဖြစ်ဖြစ်၊ တခြား မတူညီတဲ့ပြဿနာပဲ ဖြစ်ဖြစ်) ကြုံလာတဲ့အခါ ပိုမိုကောင်းမွန်စွာရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ တရုတ်က ထုံးစံအတိုင်း အဆင့်အသီးသီးမှာ နိဂုံးချုပ်တွေလုပ်ပြီး အရေးယူသင့်သူတွေကို ယူ၊ ချီးမြှင့်သင့်သူများကို ချီးမြှင့်၊ အားနည်းချက် ဟာကွက်တွေကို ပြုပြင်သင့်တာတွေ ပြုပြင်၊ ဖြည့်သင့်တာတွေ ဖြည့် စတဲ့လုပ်ငန်းတွေ တသီကြီး လုပ်လာတာတွေ တွေ့လာရပါတယ်။

ဒီလုပ်ငန်းတွေထဲမှာ မြင်သာတဲ့လုပ်ငန်းတခုကတော့ ဒီရောဂါကပ်ဘေးကြီးကို ရှေ့တန်းက စွမ်းစွမ်းတမံ တိုက်ပွဲဆင်ခဲ့တဲ့ ဆေးဝန်ထမ်းအများအပြားက တရုတ်နိုင်ငံရဲ့ အရေးကြီးနိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ နှစ်စဉ် ကျင်းပနေကျ အစည်းအဝေးကြီး နှစ်ရပ်ကို တက်ရောက်လာကြပြီး အဆိုပြုလွှာပေါင်း ၄၀၀ ကျော် တင်သွင်းလိုက်တာပါပဲ။

အစည်းအဝေးကြီး နှစ်ရပ်ဆိုတာ တရုတ်ပြည်မှာ နှစ်စဉ် မတ်လတိုင်း ကျင်းပနေကျ ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့် (အ‌နောက်တိုင်းနိုင်ငံများက အထက်လွှတ်တော်နဲ့ သဏ္ဌာန်တူ၊ အကြံပေးအဖွဲ့လက္ခဏာရှိ)နဲ့ အမျိုးသားကွန်ဂရက် (အောက်လွှတ်တော် သဏ္ဌာန်ရှိ- ဥပဒေပြုအဖွဲ့)တို့ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် ၂ လနောက်ကျပြီး အခုမေလ ၂၁ ရက်မှ ကျင်းပဖြစ်ခဲ့ပါတယ်။ (ဒီအစည်းအဝေးကြီး နှစ်ရပ်အကြောင်း နောင်ရေးပါဦးမယ်။)

အဲဒီဆေးဝန်ထမ်းတွေဟာ တချို့ဆိုရင် လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ပွားခဲ့တဲ့ ဆာဆ်ရောဂါကုသရေးလုပ်ငန်းများမှာ လည်း ပါဝင်ဖူးသူတွေ ဖြစ်ကြတော့ သူတို့တင်သွင်းတဲ့အဆိုတွေဟာ အတော်ပြည့်စုံကောင်းမွန်တာ တွေ့ရပါတယ်။
အဲဒီအဆိုအချို့ကို ကြည့်ရအောင်ပါ။

၁။ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်း၊ ဒေသတိုင်းမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုဗဟိုအဖွဲ့များ ထားရန်၊ ဒီဌာနတွေဟာ သာမန်အချိန်တွေမှာ ကူးစက်ရောဂါ အကဲဖြတ်ချက်များနဲ့ ကုသရေးများ၊ လူထု ကျန်းမာရေး ပညာပေးလုပ်ငန်းများ လုပ်နိုင်ရုံမက ထူးခြားတဲ့လက္ခဏာများကို အချိန်မီ တင်ပြနိုင်တာ၊ အရေးအကြောင်း ဖြစ်လာရင် ဆေးဝန်ထမ်းအရန်အင်အားအဖြစ် ပါဝင်လာနိုင်တာတွေ အတွက်ရော၊ သုတေသနလုပ်ငန်းများ အတွက်ရော အဆင်သင့်ဖြစ်စေနိုင်တယ်။

၂။ ပြည်နယ်တိုင်း၊ ခရိုင်တိုင်း၊ ဒေသတိုင်းမှာ ကူးစက်ရောဂါကုသတဲ့ ဆေးရုံများ သီးသန့်သတ်မှတ်ပေးဖို့၊ ဆေးရုံကြီးတိုင်း အရေးပေါ်ဖြစ်လာရင် လူနာတိုးချဲ့လက်ခံနိုင်ဖို့ မြို့ဆင်ခြေဖုံးအရပ်များမှာ ဆေးရုံခွဲများ တည်ဆောက်ထားဖို့နဲ့ အဲဒီဆေးရုံခွဲတွေမှာလည်း ကူးစက်ရောဂါကုအဆောင် ထည့်သွင်းဆောက်လုပ်ဖို့၊ အပူတက်လူနာများ ကြည့်ရှုပေးတဲ့ အရေးပေါ်ဌာနများ ၂၄ နာရီ ဖွင့်ရန်။ ပြင်းထန်တဲ့လူနာတိုင်းအတွက် ဆေးအဖွဲ့များ စနစ်တကျ အချိန်မီဖွဲ့ကြီးကြပ်ကုသရန်။

၃။ နောင် မြို့တွင်းအဆောက်အဦများ (ဥပမာ– အားကစားရုံများ၊ ကျောင်းများ) တည်ဆောက်တဲ့အခါ နောင်အရေးပေါ်လာရင် ယာယီဆေးရုံများအဖြစ် အလွယ်တကူပြောင်းနိုင်အောင် ပုံစံဆွဲဖို့၊

၄။ ကျန်းမာရေးအာမခံစနစ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ပြီး ၂၀၃၀ ပြည့်နှစ် အရောက်မှာ တပြည်လုံး ပြီးပြည့်စုံရေး။ အဲဒီအထဲမှာ နာတာရှည်ရောဂါများ၊ စိတ်ရောဂါကုသရေးများ၊ ပြန်လည်ထူထောင်ရေးအတွက် ကုသမှုများပါ ပါဝင်ရေး။

၅။ ဆေးပညာရှင် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ဆောင်ပြီး အရန်အင်အားစုရန်။ (၂၀၁၈ စာရင်း အရ တရုတ်ပြည်မှာ လူ ၁၀၀၀ မှာ ဆရာဝန် ၂ ဒသမ ၅၈ ပဲရှိ၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ၄ အထက်ရှိ)။ အထူးသဖြင့် ဒီကပ်ဘေးကြီးအတွင်း ဆေးဝန်ထမ်း မလုံလောက်တဲ့ ပြဿနာများ ပေါ်ထွက်လာတဲ့ အတွက် တချို့ နာတာရှည်ရောဂါသည်များအတွက် အခက်အခဲတွေ ပေါ်ပေါက်ရပါတယ်။

၆။ ဆေးရုံများမှ ဆေးရုံကြီးများကပညာရှင်များထံ လှမ်းအကြံဉာဏ်တောင်း တိုင်ပင်ဆွေးနွေးတဲ့ လုပ်ဟန်များ ပိုမိုကျယ်ပြန့်လာရေး လုပ်ဆောင်ရန်–

စတာများ ဖြစ်ပါတယ်။

ဒီတရုတ်ပြည်ရဲ့ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး မကြာမီ စက္ကူစာတမ်းတစောင် ထုတ်မယ်လို့ ကြားရပါတယ်။

ယေဘုယျ အချက်အလက်တွေကိုတော့ တရုတ်သမ္မတရှီကျင့်ပင်ရဲ့ မေလ ၁၈ ရက်နေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ လုပ်တဲ့ အစည်းအဝေး)မိန့်ခွန်းမှာ အရိပ်အမြွက် တွေ့နိုင်ပါတယ်။

ရှီ မိန့်ခွန်းမှာပါတဲ့ အချက်များကတော့—

၁။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်သွားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုများအတွက် တရုတ်နိုင်ငံအနေနဲ့ ၂ နှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံ လှူဒါန်းမယ်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို တကမ္ဘာလုံးက ဘဏ္ဍာရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းဝန်းထောက်ခံကြဖို့။

၃။ လူထုကျန်းမာရေးစနစ် အားနည်းတဲ့နိုင်ငံများ (အထူးသဖြင့် အာဖရိကနိုင်ငံများ)ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ရုပ်ဝတ္ထုပစ္စည်းအရ၊ နည်းပညာပိုင်းအရ၊ လူပုဂွိုလ်ပညာရှင်များ အပါ အထောက်အကူ ပေးဖို့၊

၄။ တရုတ်နိုင်ငံအနေနဲ့ အာဖရိကတိုက်ကို တိုက်ရိုက်ကူညီမယ့် အစီအစဉ်များကိုလည်း ထည့်ပြောသွားတာ တွေ့ရပါတယ်။

(တရုတ်အနေနဲ့ ကမ္ဘာကပ်ရောဂါတွေနဲ့ ကြုံရတဲ့အခါ မိမိတနိုင်ငံတည်း ကြည့်လို့မဖြစ်၊ တကမ္ဘာလုံးချီတဲ့အမြင်နဲ့ ကြည့်မြင်ဖို့ လမ်းခင်းသွားဟန် ရှိပါတယ်။)

အဓိကကတော့ တရုတ်က သူတို့နိုင်ငံအေနနဲ့ အရေးပေါ်တုံ့ပြန်မှုစနစ်က အားနည်းချက်တွေကို ပြုပြင်နိုင်ရေး အတွက် နောင် (၁၄ ကြိမ်မြောက်) ရေးဆွဲမယ့် ၅ နှစ် စီမံကိန်းထဲမှာ ဘက်စုံတဲ့ ထိရောက်တဲ့ နည်းလမ်းတွေ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။

လူတိုင်း အခမဲ့ ဆေးကုသခွင့်ရရေးဟာ လူ့အခွင့်အရေးတရပ်ဖြစ်ပြီး ဒီအတွက် နိုင်ငံတိုင်းအနေနဲ့ မိမိနိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအရ တစတစ တိုးတက်ကောင်းမွန် ပြည့်စုံလာရေးအတွက် ကြိုးစားရမှာပါ။

ဒါမှသာ မိမိပြည်သူလူထုအပေါ် တာဝန်ယူတဲ့ တာဝန်ခံတဲ့ တာဝန်သိတဲ့ ပြည်သူ့အစိုးရတရပ် ဖြစ်လာနိုင်မှာပါ။
တရုတ်အစိုးရကတော့ တရုတ်ပြည်သူလူထုရဲ့ ယုံကြည်အားထားလေးစားမှုကို ဒီရောဂါကပ်ဘေး တိုက်ဖျက်ရေး လုပ်ငန်းအတွင်း ကောင်းကောင်းရလိုက်ပါတယ်။ ဒီကနေတဆင့် နောက်တဆင့်တက်နိုင်အောင် ကြိုးစားနေတာ လည်း တွေ့ရပါတယ်။ ကျန်နိုင်ငံများအားလုံးကိုလည်း ဒီရောဂါကပ်ဘေးကြီးက စာမေးပွဲစစ်နေပါတယ်။

တရုတ်ကတော့ စံနမူယူစရာတွေကို ပြပေးနေတာပါ။ ကိုယ့်တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတာတွေကို လေ့လာ သင်ယူသင့်ပါတယ်။


လှကျော်ဇော
၆-၆-၂၀၂၀။