Breaking News

နေလင်းခ - နတ်မောက်ဆိုင်ခွဲ

နတ်မောက်ဆိုင်ခွဲ
နေလင်းခ
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၀

ဆောရီးပါ…လူကြီးမင်း…
ထပ်မံဝန်ဆောင်မှုမပေးနိုင်တော့ပါဘူး။
ကြည့်ပါ။
ခင်ဗျားရဲ့စားကြွင်းစားကျန်တွေ…
ခင်ဗျားရဲ့အညစ်အကြေးတွေ…
ခင်ဗျားရဲ့ အနံ့အသက်တွေ…
သံသယဟာပိုမိုထူထပ်သိပ်သည်းခဲ့ပါပြီ။
သော့တွေဟာရင်ပွင့်လုဆိုက်ဆိုက်ရောက်ပါပြီ။

မျှော်လင့်ခြင်းဟာ
ရော်ရွက်ဝါလိုလူးလှိမ့်လွင့်ပါးခဲ့ပါပြီ။

မကြားအပ်တဲ့အသံ...
မမြင်အပ်တဲ့မြင်ကွင်း…
ဆန်းပြားခြင်းတွေ ရိုးစင်းသွားသည်အထိ

စောင့်ကြည့်ခဲ့ရ…
မပျက်သင့်တဲ့ဖြစ်ခြင်း
မဖြစ်သင့်တဲ့ပျက်ခြင်း…
အနောက်တံခါးဆီက ရင်တွင်းမီးနဲ့
အရှေ့အရပ်ဆီဖြန့်ခင်းထားရဆဲလက်ဖဝါးများ...

အခု…
ကျနော်ဖွင့်ထားတဲ့သီချင်းဟာ
ကျနော့် ဘိုးဘွားတွေ သွေးနဲ့ရေးခဲ့တဲ့သီချင်းပါ။
ကျေးဇူးပြု၍နားဆင်ပါ။

ခုံတွေကိုနေရာမရွှေ့ပါနဲ့…
နာရီကိုနောက်ပြန်မလှည့်ပါနဲ့…
ဆေးလိပ်မီးခိုးတွေကိုမေ့ာမမှုတ်ပါနဲ့…
ဖန်ခွက်ကိုမခေါက်ပါနဲ့…
စာရွက်တွေကိုလိုသလိုပုံမသွင်းပါနဲ့…
ဘာမှထပ်မလုပ်ပါနဲ့တော့…
နိုင်သရွေ့မထမ်းခဲ့ပေမယ့်
မဆိုင်လည်းလှမ်းခဲ့တဲ့ ခင်ဗျားရဲ့ပန်းတွေအဖြစ်
နာနာကျင်ကျင်ပွင့်ပစ်ခဲ့သူတွေအတွက်…
တစ်မိနစ်ငြိမ်သက်ကြပါစို့…
လမ်းပေါ်မှာ … လမ်းတွေ……………
တိတ်တဆိတ်စွေစောင်းဆုတ်ခွာနေတဲ့ နေရောင်ခြည်…
တစ်စင်းလုံးပျောက်ကွယ်သွားတဲ့လူ့အခွင့်အရေး…
တစ်မှေးမှအိပ်မက်လှလှမရခဲ့ကြတဲ့
ဟောဒီနံရံပေါ်ကကျည်ဆံရာတွေဟာ…
ဟောဒီခေတ်ကြီးတစ်ခုလုံး
မချိတ်ဆွဲနိုင်သေးတဲ့ငြိမ်းချမ်းရေးဖြစ်ပါတယ်။

စူးရှနင့်သည်း…
အမှောင်မိုက်ဆုံးမိုးခါးရေထဲမှာ………………
ဒါ…ချစ်ခြင်းမေတ္တာ
ဒါ…နှုတ်ဆက်ခြင်း
ဒါ…အရှိတရားရဲ့လက်ကျန်သတင်းပါပဲ။

ဆိုင်ဖွဲ့စည်းပုံ
သန့်ရှင်းရေး
မနက်ဖြန်အတွက် ရွေးချယ်ဝယ်ယူစာရင်း
ပိုမိုလင်းပစေမယ့် အခင်းအကျင်းတွေအတွက်
ပြင်ဆင်ရပါတော့မယ်။

ပြီးတော့…
စားသုံးသူဟာ လူလိုနားလည်ဖို့မသေချာတော့တဲ့အခါ
တံခါးတွေသူ့အလိုလိုပိတ်သွားတတ်တာ
မဆန်းပြားတော့ပါဘူး။

ဆောရီးပါ လူကြီးမင်း………

နေလင်းခ