Breaking News

မြဇင်ယော် - မြေပဲ

Xu Dishan
Photo- Google

မြေပဲ
မြဇင်ယော်
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၀

မနေ့က စာဖတ်ရတာ မျက်စိတွေညောင်း၊ စာလုံးမှာ အရိပ်တွေထင်။ မျက်စိအနားရအောင် ဘာလုပ်ရမလဲ လိုက်ရှာကြည့်တော့ မြေပဲတောင့်လေးတွေတွေ့လို့ မြေပဲထွင်လိုက်တယ်။ အဲ့ဒီမြေပဲတွေကို မေ့နေတာကြာပါပြီ။ မြေပဲဆံကြော် ကုန်နေတာနဲ့အတော်ပါပဲ။ မြေပဲအိတ်ဖွင့်ပြီး ထွင်လိုက်တာ။ မြေပဲအိတ်ဆိုလို့ အကြီးကြီးမဟုတ်ပါဘူး။ တစိတ်လောက်ရှိတာပါ။ တောင်သူမလုပ်တော့ လူပေးသူပေးလေးတွေကို စုထားရတာ။ ရွာမှာ မြေပဲပေါ်ချိန်ဆို ပြုတ်စားဖို့ဆိုပြီး အမျိုးတွေ၊ အိမ်နီးချင်းတွေက တပြည်လိုမျိုး၊ တခွက် ( နို့ဆီဘူး ၄ ဘူး )လိုမျိုး မြေပဲအစိုလေးတွေ ပေးတတ်ကြတယ်။ အဲ့ဒါလေးတွေထဲက တချို့တလေကို ပြုတ်စား၊ တချို့ တလေကို အခြောက်လှမ်းထားလိုက်တာပါ။ အဲ့ဒီနည်းနဲ့စုထားတာ တစိတ်( ၄ ပြည် )လောက်တော့ရှိပါတယ်။

အိမ်မှာဆို မြေပဲဆံကြော်က မရှိလို့မဖြစ်ပါဘူး။ ကြက်သွန်နီပါးပါးလေးလှီးပြီး မြေပဲဆံကြော်လေးနဲ့ စားလိုက်ရရင် ထမင်းတနပ်မြိန်တာပါပဲ။ တအိမ်လုံးကြိုက်ကြတယ်။ အဖေနဲ့ အကိုကြီး၊ အကိုလေးဆိုရင် ဟင်းကောင်းတွေရှိရင်တောင် မြေပဲဆံကို ကြက်သွန်နီနဲ့ သုပ်လိုက်၊ လက်ဖက်ကလေး ဂျင်းလေးနဲ့ သုပ်လိုက်၊ အမျိုးမျိုးလုပ်စားတာပါပဲ။ မန်းကျည်ရွက်တို့ မန်းကျည်းသီးတို့ သရက်သီးစိမ်းတို့ သုပ်စားထောင်းစားရင်လည်း မြေပဲဆံပါမှ အရသာရှိတာကိုး။ ချဉ်ပေါင်ရွက်ကြော်ရင်လည်း မြေပဲဆံအစိမ်းကိုထောင်းထည့်ပြီးကြော်ရင် မျှစ်နဲ့ကြော်တာထက် ပိုပြီးစားလို့ကောင်းသလိုပါပဲ။ 

အခုရာသီက သရက်သီးစိမ်းပေါတော့ သရက်သီးကို ဂျစ်ထိုးပြီး မြေပဲဆံနိုင်နိုင်နဲ့သုပ်စားတယ်၊ ငရုတ်သီး ငပိ မြေပဲဆံနဲ့ သရက်သီးထောင်းစားတယ်။ နယ်မှာက ရာသီစာကိုပဲ အဓိက အားထားပြီး စားကြရတာမလား။ စားစရာ ထူးထူးဆန်းဆန်းတွေလည်း မစားဖူးပါဘူး။ အခုလို အိမ်တွင်းပုန်းကာလမှာ စျေးလည်းမလိုက်ဖြစ်တော့ အထွေအထူးလည်း ဝယ်မစားဖြစ်ဘဲ သရက်သီးအစိမ်းကိုပဲ အားထားပြီးစားရတယ်။ ငပိ ဆား ငရုတ်သီးနဲ့ နယ်စားတာလည်း ရှိပေမယ့် များသောအားဖြင့်တော့ မြေပဲဆံနိုင်နိုင်နဲ့ သုပ်စားတာပါပဲ။ အဲ့ဒီလိုမျိုး တခြားအမယ်သာ ပြောင်းသွားမယ်၊ မြေပဲဆံကြော်ကတော့ ဇာတ်လိုက်ပါပဲ။ တခါတခါဆို များများထွင် များများကြော်ထားပြီး ဗူးထဲထည့်ထားလိုက်ရတာ။

တကယ်တော့ ကိုယ်က ဆီကုန်သက်သာအောင် မြေပဲကို ဆားနဲ့လှော်ထားချင်တာ။ မလုပ်တတ်တော့ ဆီနဲ့ချည်းပဲ ကြော်နေရတယ်။ ဆီပူနဲ့တွေ့လိုက်ရင် မြေပဲဆံကလေးတွေဟာ ဖျောက်ခနဲ မြည်ပြီး ကွဲကုန်တယ်။ ငယ်ငယ်က မိဘတွေက ဖျောက်သံတိတ်ရင် မြေပဲဆံကြော် ကျက်တာပဲလို့ သင်ပေးကြတယ်။ ပထမဆုံးကြော်တုန်းက ဖျောက်သံတိတ်အောင်စောင့်လိုက်တာ အချိန်အဆမသိတော့ တူးကုန်ရော။ တူးကုန်ရင် အရသာက ပျက်တာပဲ။ နောက်တခါကြော်ပြန်တော့ တူးမှာစိုးတာနဲ့ပဲ အစောချလိုက်တာ မကျက်တော့ပြန်ဘူး။ မကျက်ပြန်ရင်လည်း ကြွပ်ကြွပ်ရွရွ မွှေးမွှေးလေး မနေလို့ အရသာက ပျက်ပြန်တာပါပဲ။ ဘယ်နေရာမှာမဆို အတွေအကြုံများပြီး ကျွမ်းကျင်မှုလည်းရှိမှ ရလဒ်ကောင်းထွက်တာပဲကိုး။ မြေပဲဆံကြော်ခြင်း အနုပညာပေါ့လေ။

အဲ့ဒီလို အနုပညာမြောက်မြောက်နဲ့ ကြော်ထားတဲ့ မြေပဲဆံကြော်ကုန်သွားလို့ ထပ်ကြော်ရမယ်၊ ထွင်ပြီးသား အစိမ်းမရှိတော့ ထပ်ထွင်ရတာပါ။ မြေပဲအိတ်ဖွင့်လိုက်မှ မြေပဲအတောင့်တွေကို ပုရွက်ဆိတ်တွေစားပြီး တချို့မြေပဲတောင့်တွေမှာ အဆံမရှိတော့ဘဲ အခွံပါးပါးလေးတွေပဲ ကျန်တာတွေ့ရတယ်။ ၅ တောင့်ထွင်ရင် ၂ တောင့်လောက်က အခွံပဲ ကျန်တာပဲ။ မြေပဲဆံ ထွင်နေတာလည်းသိရော ဆရာမောင်ကြည်က တရုတ်စာရေးဆရာ Xu Dishan ရေးပြီး ဆရာကြီးမြသန်းတင့် ဘာသာပြန်တဲ့ " မြေပဲ " ဆိုတဲ့ အက်ဆေးလေးကို ဖတ်ပြပါတယ်။ မြေပဲ အက်ဆေး တဲ့။ 

အက်ဆေးလေးက တိုတိုလေးပါ။ နားထောင်ရတာ မဝလို့ မြေပဲထွင်နေရင်း စာအုပ်ရှာဖတ်လိုက်တယ်။ ၃ ခေါက်လောက်ဖတ်ပစ်လိုက်တယ်။ မြေပဲပေါ်တည်ပြီး မိသားစုစရိုက်နဲ့ ဘဝဒဿနကို ပုံဖော်ထားတဲ့ ချစ်စရာအက်ဆေးလေး။ ကိုယ်ကတော့ မြေပဲဆိုတာ စားစရာလို့ပဲ မြင်တာ။ အဲ့ဒီထက်မပိုဘူး။ ဒါပေမယ့် ကြည့်တတ် မြင်တတ် ခံစားတတ်တဲ့လူတွေ ရေးပြလိုက်တော့လည်း မြေပဲကလေးရဲ့ ဖြစ်တည်မှုဟာ ထွင်ပြီးစားပစ်ဖို့မပြောနဲ့ အလှကြည့်ထားရမှာတောင် အားနာစရာဖြစ်လာပါတယ်။

မြေပဲဟာ ဆီကြိတ်လို့ရတယ်၊ သွားရေစာ မုန့်အမျိုးမျိုးလုပ်စားလို့လည်းရတယ်။ ပြုတ်စား၊ ကြော်စားလို့လည်းရတယ်။ အာဟာရလည်းပြည့်တယ်။ မြေပဲပင်တွေကို တိရစ္ဆာန်ကျွေးလို့ရတယ်။ မြေပဲအခွံလေးတွေက မြေသြဇာဖြစ်အောင် လုပ်လို့ရတယ်။ စွယ်စုံရတယ်၊ တပင်လုံးမှာ လွှင့်စရာ ဘာမှမရှိဘူး။ ဒီလောက်တောင် အသုံးဝင်လှတဲ့ မြေပဲကို တောင်သူတွေ စိုက်ပေးကြတာပဲ။ 

မနေ့က အမေနဲ့ ဖုန်းပြောဖြစ်တော့ အမေက
" တပ်ကုန်းမှာ မိုးရွာလား" တဲ့။
" ဟုတ်ကဲ့ ရွာတယ်အမေ၊ ရွာမယ်ရော ရွာလား"
" ရွာတာကရွာတယ်၊ တခါပဲရွာပြီး မိုးက ဆက်မရွာတော့ဘူးလေ။ ပထမမိုးရွာတော့ တောင်သူတွေကပျော်ပြီး ထွန်ကြစိုက်ကြတာ၊ စိုက်လည်းပြီးရော မိုးကမရွာတော့ဘူးလေ"

" အဲ အဲ့တော့ ဘယ်လိုလုပ်ကြတုန်း "
"ဘယ်လိုမှ မလုပ်တတ်ဘူးလေ၊ ရှိတဲ့မျိုးစေ့ကေတာ့ကုန်ပြီတဲ့၊ အခုစိုက်ထားတဲ့ဟာ ပေါက်ရင်ပေါက် မပေါက်ရင် နောက်စိုက်စရာမရှိတော့ဘူးတဲ့"
" မိုးမရွာရင် လုံးဝမပေါက်တော့ဘူးလား "

"အရင်မိုးကရတဲ့ အစိုဓာတ်နဲ့ အညှောင့်လေးထွက်သွားရင်တော့ အညှောင့်လေးတွေခြောက်ပြီး သေသွားမှာပဲ ၊ အညှောင့်မထွက်ဘဲ အစေ့မပျက်သေးရင်တော့ နောက်မိုးမှာပေါက်မှာပေါ့"

ဟူး တော်ပါသေးရဲ့၊ အညှောင့်မပေါက်ပါစေနဲ့လို့ မျှော်လင့်စရာလေးရှိနေသေးလို့။

လက်ထဲမှာ မြေပဲဆံထွင်လက်စလေးတွေ။ ဆက်မထွင်ရက်တော့သလိုလို။ ရွာမှာက ဝါရယ် ပဲတီစိမ်းရယ် မြေပဲရယ် စိုက်ကြတာများတယ်။ မြေပဲစိုက်တောင်သူက အများဆုံးထင်တာပါပဲ။ မြေအကျယ်အဝန်းပြောရင်တောင် ပဲတတင်း ( ၁၆ ပြည် )စိုက်၊ ပဲ တခွဲ ( ၈ ပြည် ) စိုက်နဲ့ ပြောကြတယ်။ တချို့တောင်သူတွေဆို အဆံချည်း တင်းနဲ့ချီ စိုက်ကြတာ။ တချို့က ရှိသလောက်မြေမှာ မြေပဲကိုပဲ အားကိုးပြီးစိုက်ကြတာလေ။ အခုတော့ မိုးကိုပဲ အပြစ်တင်ရမလား၊ မြေကြီးထဲရောက်နေတဲ့ အစေ့ကလေးတွေကို မှန်းပြီး အညှောက်မထွက်ပါစေနဲ့လို့ပဲ ဆုတောင်းရမလား။ ဘယ်လိုပဲဖြစ်ဖြစ် တောင်သူတွေကို အဆင်ပြေစေချင်မိပါတယ်။ ။