ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၈
Source: istock.com |
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက
ကိုဗစ်- ၁၉ မှတ်တမ်း-၁၈
ခင်လေး (Aotearoa)
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၀
ဆဋ္ဌမနေ့
ကိုးဗစ် သတိပေးချက် အဆင့် ၁
မြန်မာလိုရေးနိုင်ဖို့ကလဲ တော်ရုံတန်ရုံ သံယောဇဥ်နဲ့
မရဘူးလို့ ပြောရမယ်။ ဒီနေ့ သမီးလေး fencing ကစားတာလိုက်ပို့ပြီးစောင့်နေတုန်း စာရေးမယ်လို့
ကြံတာ ကွန်တပျူတာက (သမီးငယ်ငယ်က ကွန်ပျူတာကို အဲဒီလို ခေါ်ပါတယ်) ဘက်ထရီမရှိ၊ အားသွင်းလို့ရတဲ့
အားကစားရုံထဲလဲမဝင်ချင်၊ ကားလဲမနှိုးချင်တော့ ဖုန်းဖွင့်ပြီး google doc မှာရေးဖို့
ကြံပါတယ်။ ကိုယ့်ပန်းသီးဖုန်းလေးက ဇော်ဂျီနဲ့ဆိုတော့ ယူနီကုဒ် ဖတ်လို့ရတဲ့ ဆမ်ဆောင်းမှာ
ရေးဖို့ကြံပါတယ်။ myanmar fount ဆိုပြီး play store မှာ ရိုက်လိုက်တော့ tt
keyboard တွေ့ပါတယ်။ သုံးနေကျပဲဆိုဝမ်းသာပြီး install လုပ်တော့ ဒီ app က ကီးဘုတ်ကနေ
ရိုက်သွင်းတဲ့ ဒေတာတွေ အကုန်လုံး အကြွေးဝယ်ကဒ်ဒေတာတွေပါ မှတ်ထားလိမ့်မယ်လို့ သတိပေးချက်ဝင်လာပါတယ်။
ကြောက်စရာ။ ဒါပေမယ့် ဒီဖုန်းကနေ ငွေရေးကြေးရေးမလုပ်တော့ မပူပေါင်ဆို install လုပ်လိုက်ရော။
ပြီးတော့ ရေးလို့လဲ မရဘူး။ ဒါနဲ့ myanmar 3 ဘက် လှည့်ပြန်တော့ ဟောင်းနေပြန်သတဲ့။ နောက်ဆုံး
bagan နဲ့မှရတယ်။ သူကလဲ security alert နဲ့လာတာပဲ။ install လုပ်ပြီး စသုံးမယ်ကြံတော့
ဖုန်းထဲမှာရှိသမျှဒေတာတွေအကုန်လိုချင်ပြန်သတဲ့။ ကြောက်စရာ။ ဒါတော့ မရဘူးဝေ့။
basicပဲ သုံးချင်တာ။ အကုန် deny လုပ်ပစ်ပြီး မရရင် မသုံးဘူးဆို ထားလိုက်တယ်။ ရိုက်လို့
ရတာပါပဲ။ ဘယ်တော့မှ ရပ်သွားမလဲ မသိ။
ကိုင်း ကိုးဗစ်အကြောင်း
စကြရအောင်။ တနင်္လာနေ့မှာ ဝန်ကြီးချုပ်က ကိုးဗစ်သတိပေးချက် အဆင့် ၁ ကို ဒီနေ့ည သန်းကောင်
၁၂ နာရီကစပြီး ချမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့သူ
အသစ်ထပ်မတွေ့တာ ၁၆ ရက်ရှိပြီ ဆေးရုံမှာလဲ ၁ ယောက်ပဲ ရှိတော့တယ်။ ဒါကြောင့် လယ်ဗယ်ဝမ်းကို ပြန်ဆင်းတာပါလို့ ပြောသွားပါတယ်။ သတင်းထောက်တစ်ယောက်က အူကြောင်ကြောင်နဲ့ ဘာကြောင့်
ခါတိုင်း လယ်ဗယ်ပြောင်းသလို ၁ ပတ် ၂ ပတ်မစောင့်ခိုင်းတာလဲလို့ မေးတော့ လယ်ဗယ်ဝမ်းကိုဆင်းဖို့
ဘာမှ အသင့်ပြင့်စရာ မလိုလို့ပါလို့ ဖြေသွားပါတယ်။
ဟုတ်ပါ့
level 2 မှာ ကျောင်းပြန်ဖွင့်ဖို့ ကိုယ်ပြင်ရတဲ့ စာရွက်စာတမ်းတွေ လုပ်ရတဲ့ သန့်ရှင်းရေးတွေက
level 1 နဲ့ယှဥ်ရင် တခြားစီပါပဲ။
ကျောင်းမှာ
ကလေးတွေ ပြန်ရောက်လာတာ တွေ့ရတာ ဝမ်းသာစရာပါ။ ညဘက်သတင်းကြည့်လို့ လူတွေ သွားလာနေကြတာကြည့်ပြီး
တအံ့တသြဖြစ်ရင် အဖေကရယ်ပါတယ်။ မနေ့က စျေးဝယ်ထွက်တော့ shop- ping mall တွေ ပတ်မောင်းပြီး၊ ကြည့် အကုန်ပြန်ဖွင့်နေပြီ ဝင်မလားလို့ မေးပါတယ်။ မဝင်ချင်ပါဘူးနော်။ ဘာလုပ်ဖို့လဲ။
ဘာမှမှ မလိုတာ။ သမီးတို့ သားတို့လဲ ဒီအတိုင်းပဲ။ သတင်း သုံးသပ်ချက် တွေမှာ ကီဝီတွေ
အိမ်မှာနေရင် ဘယ်လောက်စုမိတယ်ဆိုတာသိကုန်ပြီ။ အပြင်မထွက်ကြတော့ဘူးလို့ ပြောနေသံကြားတယ်။
ကိုယ့်ကျောင်းက အပြင်ထွက်နေကျလူတွေကတော့ ထွက်တာပါပဲ။ ဒါပေမယ့် ခါတိုင်း လူတွေပြည့်နေတဲ့
အော်ကလန်မြို့လယ်က လမ်းမကြီးတွေပေါ်မှာ ကြိုးတို့ကျဲတဲပဲရှိတာကို တွေ့ရတော့ ဝမ်းနည်းစရာ
ကောင်းတယ်လို့ ပြောနေကြတယ်။ အဲဒီနေရာတွေက international student တွေ အလည်လာကြတဲ့ နိုင်ငံခြား သားတွေ
စျေးဝယ်ထွက်နေကျနေရာတွေလေ။ အဲဒီနေရာတွေက ဆိုင်တွေထိတာပေါ့။ အော်ပျံနေတဲ့ စျေးတွေနဲ့
ရောင်းတဲ့ အစားအသောက်တွေ လူ့အသုံးအဆောင်တွေဟာ ဒီလိုအချိန်မှာ မျက်နှာငယ်ကြရတာပေါ့။
အစိုးရကတော့
အထိနာနေတဲ့ ခရီးသွားလုပ်ငန်း စျေးကွက်ကို ကယ်တင်နိုင်ဖို့ ပြည်တွင်း ခရီးသွားကဏ္ဍကို
မြှင့်တင်ဖို့ ကြိုးစားနေလေရဲ့။ တီဗွီမှာလဲ ကြော်ငြာ အတိုအရှည်မျိုးစုံ ပြည်တွင်းခရီးသွား
သတင်းမျိုးစုံနဲ့ ဝေဝေဆာဆာပါပဲ။ မီဒီယာဆိုတာ အစိုးရရဲ့အကောင်းဆုံးလက်နက်ဆိုတော့ကာ
အကျိုးရှိရှိ ပညာသားပါပါ အသုံးချနေကြတာပေါ့။
ရွေးကောက်ပွဲကလဲနီးလာပြီဆိုတော့ လူတွေကိုလာဘ်ထိုးဖို့အစီအစဥ်တွေအကြောင်းကိုလဲ တစေ့တစောင်း ပြောနေလေရဲ့။ ဟယ်လီကောက်ပတာ မန်းနီးတို့
(အားလုံးကို လူတယောက် ဘယ်လောက်ဆို ပေးမှာ၊ ဂျပန်မှာ ပေးပြီးပြီကြားတယ်)၊ GST ချဖို့တို့
(ဒီမှာ အခွန်အရမ်းများ ပါတယ်၊ ဝင်ငွေခွန်ပေးပြီးပေမယ့်ပစ္စည်းတွေဝယ်ရင် GST ထပ်ဆောင်းပေးရပါသေးတယ်)
ပြောနေကြတယ်။
ကိုးဗစ် သတိပေးချက်
အဆင့် ၁၊ ၁၈ ရက်မြောက်နေ့
ဒီနေ့ ရောဂါပိုး
ရှိတဲ့သူ ၃ ယောက် ထပ်တွေ့တယ်တဲ့။ အကုန်လုံးက နိုင်ငံခြားက ပြန်ရောက်လာတဲ့သူတွေ ဆိုတော့
တော်ပါသေးတယ်။ ကီဝီတွေက စည်းကမ်းဖေါက်တဲ့သူ နည်းတော့ အစိုးရက စောင့်ကြည့်တာ တွေဘာတွေ
သိပ်မလုပ်ဖူးပဲ။ ပြီးခဲ့တဲ့ အပတ်က ယူကေကလာတဲ့သူ ၂ ယောက် သီးခြားခွဲထားတဲ့ ဟိုတယ် ကနေ
၁၄ ရက် မပြည့်သေးခင် နေမကောင်းတဲ့အမျိုးသွားကြည့်မယ်ဆိုပြီး အော်ကလန်ကနေ ဝယ်လင်တန်
ကို ကားမောင်းသွားသတဲ့။ ဟိုရောက်ပြီးမကြာပါဘူး တစ်ယောက်က နေမကောင်းလို့ဆိုဆေးစစ်တာ
ကိုးဗစ်လူနာ ဖြစ်နေပါလေရော။ တစ်တိုင်းပြည်လုံး ကင်းကိုက်ကြတာ ကိုယ်ပါ ပါသွားသေးတယ်။
ကိုယ်သွား တက်ရတဲ့အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကိုလာတဲ့လူတွေထဲက တစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်က ဆေးရုံတက်ရင်း ကိုးဗစ်စစ်ထားရလို့ အဖြေမရမချင်း ကလေးတွေနဲ့အလုပ်မလုပ်ရလို့
အတားခံလိုက်ရတယ်။ တော်သေးတာပေါ့ နေ့တဝက်နဲ့ အဖြေရလို့။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတာ
သိပ်မှန်တယ်။ စိတ်ထဲမှာ ခေါင်းကိုက်သလိုလို ချောင်းဆိုးချင်သလိုလို သလိပ်ကပ်သလိုလို၊
လိုလိုပေါင်းများ စွာနဲ့ နေမကောင်းဘူးဆို ကိုယ့်ကိုကိုယ် ထင်လာတာ။ ကလေးတွေမကူးအောင်
ဘယ်လိုနေရပါ့ဆို တွေးရင်း ငိုချင်လာရော။ ဘယ်သူချက်မှာတုန်း၊ ဘယ်လို ကူရပါ့ဆိုတာတွေပါ
ရောက်ကုန်တာ။ စိတ်ရဲ့ သွားနှုန်းက သိပ်မြန်တယ်နော်။ ညနေစောင်းလို့ ပိုးမရှိဘူးတိုတဲ့
အီးမေလ် ဝင်လာတော့မှ စိတ်အေးရတာ။ level 4 တုန်းက တောင် ကိုယ်နဲ့မဆိုင်သလို အဝေးကြီးမှာလို
စိတ်က အေးနေတာ။ level 1 ရောက်တော့မှပဲ ကိုယ်နဲ့ နီးနီးလေးလို ခံစားလာရတယ်။ တကယ့်ကို
ကြောက်စရာ။
ဒီနေ့ကိုယ့်ကျောင်းမှာ
ကလေးတွေ မိဘတွေ ကုထုံးပညာရှင်တွေနဲ့ အပြည့်ပြန်ဖြစ်လာတာ ဝမ်းသာစရာ။ ကလေးတွေနဲ့ ကန်စွန်းဥတွေတူးကြတော့ တော်ရုံတန်ရုံ ဘာကိုမှ မထိချင်မကိုင်ချင်တဲ့ သမီးလေး တစ်ယောက်က ကိုယ်မြေကြီးတွေ
ကော်လိုက်တိုင်း ထွက်ထွက်လာတဲ့ကန်စွန်းဥနီနီတွေကို ဝမ်းသာအားရ ကောက်ပြီး သူ့အမေဆီကို
ယူသွားပြ၊ သူ့ဂေါ်ပြားသေးသေးလေးနဲ့ သူ့ဘာသူ ထပ်တူးလုပ်နေတာ တွေ့ရ တော့ ကိုယ်ခြံထဲမှာ
ပင်ပင်ပန်းပန်း လုပ်ထားရကျိုးနပ်တယ်လို့ ခံစားရတာပေါ့။ ဘာမှ မထိချင်မကိုင်ချင်တဲ့ ကလေးတွေကို
ဖြေးဖြေးချင်း အဆင့်ဆင့် သင်ရမယ့်အကြောင်းရေးထားတဲ့ စာတွေနဲ့တော့ သိပ်မကိုက်ဘူးပဲ။
စိတ်ရောကိုယ်ပါ
ကျန်းမာ ချမ်းသာကြပါစေ။
ခင်လေး
(Aotearoa)
8:26
p.m. 25.06.2020 Thursday